၁၇ ရက်နေ့ဆိုရင် တက္ကသိုလ်ဝင်တန်းတွေ စာမေးပွဲဖြေလို့ပြီးပါပြီ။
ဘ၀တစ်ဆစ်ချိုးအတွက် အင်မတန်မှ အရေးကြီးလှတဲ့ ဒီစာမေးပွဲကြီးကို စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ ဖြေခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားလေးတွေခမျာ စာမေးပွဲပြီးတဲ့အခါမှာ အားရပါးရ နားချင်ကြရှာပါလိမ့်မယ်။
ဒါပေမယ့် အစွန်းရောက်တဲ့ အတ္တတွေ၊ လောဘတွေ ပြည့်နှက်နေကြတဲ့ လူတစ်စုရဲ့ ခြိမ်းခြောက်သံတွေက လွန်ခဲ့တဲ့လလောက်ကတည်းက မြို့ထဲမှာ နားမဆံ့အောင် ကြားနေခဲ့ကြရတာမို့ တထိတ်ထိတ်တလန့်လန့် ဖြစ်နေကြတဲ့ မြို့သူမြို့သားတွေကြားမှာ သနားစရာ ကျောင်းသားလေးတွေလည်း ပါကြမှာပါ။ စိတ်ပိုင်းဆိုင်ရာ အားငယ်စိတ်၊ ကြောက်စိတ်တွေကြောင့် စာမေးပွဲပြီးတဲ့ကာလမှာ အပြစ်မဲ့ရှာတဲ့၊ လောကအကြောင်း ဘာမှမသိရှာကြသေးတဲ့ ပီဘိကလေးငယ်လေးတွေခမျာ ကြားထဲက မြေစာပင်ဘ၀နဲ့ ဘယ်လောက်များ သနားဖို့ကောင်းလိုက်မလဲ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။
တကယ်ဆိုရင် လူ့ဘ၀သက်တန်းလေးဟာ တိုတိုလေးပါ။ ကျန်းမာရေးပြည့်စုံကောင်းမွန်တဲ့ သာမန်ယောက်ျားတစ်ယောက်ရဲ့ အသက်တန်းဟာ ၆၀ပဲရှိပြီး မိန်းမတစ်ယောက်ရဲ့ အသက်တန်းကလည်း ၆၅နှစ်ပဲ ကျန်ပါတော့တယ်။ ဒီကြားထဲမှာ ဖောက်ပြန်လာတဲ့ ရာသီဥတုဒဏ်၊ ဒီဘက်ကာလမှာ မကြာမကြာကြုံလာရတဲ့ ကြောက်စရာကောင်းလှတဲ့ သဘာဝဘေးဆိုးကြီးတွေဒဏ်ကြောင့် လူသားတွေရဲ့ အသက်ဟာ ကိုင်းဖျားမှာနားနေရတဲ့ ငှက်ကလေးတစ်ကောင်နဲ့ပဲ တူနေပါတော့တယ်။ ရှည်လျားလှတဲ့ သံသရာစက်ဝိုင်းအတွင်းမှာ မမောနိုင်၊ မပမ်းနိုင် တ၀ဲလည်လည် ခရီးသွားနေကြရင်း ဘ၀ဆိုတဲ့ ကိုင်းဖျားမှာ အမောပြေရုံ ခဏတာနားကြရရှာတာပါ။
မတည်ငြိမ်၊ မခိုင်မြဲတဲ့ ဘ၀သစ်ကိုင်းပေါ်မှာ ဟန်ချက်ညီအောင် ကြိုးစားပမ်းစားရပ်တည်နေကြရှာတဲ့ကြားမှာ သဘာဝဘေးဆိုးကြီးတွေဆိုတဲ့ လေပြင်းတွေ တိုက်ပြန်ရင်လည်း ဘ၀သစ်ကိုင်းကနေ အချိန်မတန်ခင် ခွာကြရပြန်ပါတယ်။ ကိုယ်မစီမံပိုင်တဲ့ သဘာဝရဲ့ ရက်စက်မှုဖြစ်တာမို့ ကိုင်းကခွာခဲ့ကြရတဲ့ သူတွေကို သနားပေမယ့် ဖြေမယ်ဆိုရင် ဖြေလို့ရကောင်း ရပါလိမ့်မယ်။
မမျှော်လင့်တဲ့နေရာကနေ၊ မထင်မှတ်တဲ့အချိန်မှာ ကျလာမယ့် သဘာဝဘေးဆိုးကြီးတွေဒဏ်ကို ကြောက်ကြောက်နဲ့ အံတုရင်ဆိုင်ဖို့ ဟန်ပြန်နေရတဲ့ လူသားတွေခမျာ တစ်ကိုင်းတည်းနားနေတဲ့ သံသရာခရီးသည်ချင်း အတ္တတွေ၊ လောဘတွေဖုံးလွှမ်းနေသူတစ်ချို့ရဲ့ လုပ်ရပ်ကြောင့် ဘ၀သစ်ကိုင်းကနေ မခွာသင့်ဘဲ ခွာကြရတာမြင်ရ၊ ကြားရရင် မဖြေနိုင်အောင်ပဲ ကြေကွဲဝမ်းနည်းမိရပါတယ်။
တကယ်ဆိုရင် ယိုယွင်းလာတဲ့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးအတွက် အားလုံးညီညီညာညာ ၀ိုင်းကြ၀န်းကြရမယ့် အခုလိုကာလမျိုးမှာ အချင်းချင်းအမျက်ဒေါသတွေတထောင်းထောင်းထပြီး အမုန်းတရားမီးတွေ တဟုန်းဟုန်းတောက်နေမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြ တိုင်ပင်ကြရင် သနားစရာ မြေစာပင်တွေ ပေါ်လာမှာမဟုတ်ပါ။ အပြစ်မဲ့ကြတဲ့ သနားစရာ မြေစာပင်တွေကို သနားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ ကဗျာတစ်ပုဒ်ရေးမိပါတယ်။
ချစ်စွာသော ဒီမြေပေါ်မှာ စစ်ပွဲတွေကင်းပြီး လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်တမ်းစေ့ နေနိုင်ကြပါစေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးရဲ့ ကြည်နူးစရာကောင်းလှတဲ့ တောင်ပံခတ်သံကို ကမ္ဘာ့နေရာတိုင်းမှာ ကြားရနိုင်ပါစေလို့ ရင်ထဲ၊ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါရစေ။
ဆုတောင်း
ဘ၀ဆိုတာ ခဏသာတည့်
သံသရာချား ရှည်လျားလည်ပတ်
မရပ်နားခင် ၀င်ရောက်ခိုနား
ကိုင်းဖျားမှာ...
ရာသီလေရေ တည်ငြိမ်လေမှ
ဘ၀ကိုင်းခက် လှုပ်လှက်မခါ
နားခိုရာတွင် ကြည်လင်ချမ်းမြ
သောကကင်းကွာ အေးချမ်းစွာ...
ကိုယ်လည်းမဆိုင် ခွင့်မပိုင်သည့်
လေစိုင်မွှေနှောက် ကိုင်းဖျားမှောက်၍
ဝင်ရောက်နားရာ ထိုနေရာမှ
ချိန်ခါမကျ နွမ်းလျမပြေ
ခွာရလေလည်း ဖြေနိုင်ပြေနိုင်
ကျေနိုင်သည်...
လေပြင်းထန်ထန် မာန်ခဲအံတု
ရပ်တည်မှုတွက် ဆက်လက်ရုန်းကန်
စိတ်ရည်သန်စဉ် ငြိုငြင်ဆိုးယုတ်
ကိုင်းကိုလှုပ်ခါ ရိုင်းမိုက်ပါ၍
ချိန်ခါမကျ ခွာခဲ့ရလျှင်
ရင်ဝယ်မချိ နာမိသည်...
သံသရာဝယ် ကျင်လည်ခိုနား
လူသားချင်းချင်း ချစ်ခြင်းဗလာ
မေတ္တာနတ္တိ မောဟပြည့်နှက်
ကြံစဉ်ရက်စွ လူ့ဗာလတို့
အလှစုရာ မြေကမ္ဘာမှ
ကွယ်ပါစေကြောင်း ဆုကိုတောင်းသည်
ဤမြေပံသု မြေအထုလည်း
သက်သေအမှု တည်စေသော်ဝ်။ ။
ဟန်ကြည်
၁၆.၃.၂၀၀၁၁(အင်္ဂါနေ့)
မနက် ၂:၄၀နာရီ
2 comments:
နေထိုင်သွားရတဲ့ အချိန်အတွင်းမှာ တတ်နိုင်သလောက်တော့ ကောင်းတာတွေ လုပ်သွားချင်ပါတယ်.. အများကြီးမတတ်နိုင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ အတွင်းကဘဲဖြစ်ဖြစ်ပေါ့နော်။.
ကိုယ့်ကြောင့် အခြားသူတွေ ထိခိုက်နစ်နာတာမျိုးကိုလည်း တတ်နိုင်သလောက်ရှောင်ရှားပြီး ကမ္ဘာလောကကြီးတစ်ခုလုံး တစ်ဦးနဲ့တစ်ဦး ညီညွှတ်စွာ ချစ်ခင်ကြစေချင်ပါတယ်။
နေထိုင်သွားရတဲ့ အချိန်အတွင်းမှာ တတ်နိုင်သလောက်တော့ ကောင်းတာတွေ လုပ်သွားချင်ပါတယ်.. အများကြီးမတတ်နိုင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ အတွင်းကဘဲဖြစ်ဖြစ်ပေါ့နော်။.
ကိုယ့်ကြောင့် အခြားသူတွေ ထိခိုက်နစ်နာတာမျိုးကိုလည်း တတ်နိုင်သလောက်ရှောင်ရှားပြီး ကမ္ဘာလောကကြီးတစ်ခုလုံး တစ်ဦးနဲ့တစ်ဦး ညီညွှတ်စွာ ချစ်ခင်ကြစေချင်ပါတယ်။
Post a Comment