Monday, 21 March 2011

တစ်ရက်၁၅၀၀ . . .

မနေ့ညက အိပ်ရာဝင်တာနောက်ကျသွားတယ်။ 
စာရေးလိုက် စာဖတ်လိုက်လုပ်ရင်း မနက်လင်းအားကြီး ၄နာရီလောက်မှပဲ အိပ်ဖြစ်ပါတယ်။ ဒါကြောင့် နေ့လည် ၁၂နာရီကျော်မှပဲ နိုးပါတော့တယ်။ ကျောင်းပိတ်ရက်တွေဆိုရင် အမြဲနေ့နဲ့ ညမှားလေ့ရှိပါတယ်။ နေ့လည်ဖက်မှာ မျက်စိနောက်စရာကောင်းလောက်အောင် လူတွေသွားလာနေကြတာကို မမြင်ရတော့ဘဲ အိပ်ပျော်နေပြီး အားလုံးတိတ်ဆိတ်နေတဲ့ညအချိန်မှာ ကိုယ်ရောစိတ်ပါ တိတ်ဆိတ်အေးချမ်းနေတာမို့ ကိုယ့်ကိုယ်ကို အပြစ်မမြင်မိပါ။
ဒီနေ့အိပ်ရာက နိုးပြီးတော့ ယောင်ချာချာနဲ့ ကွန်ပြူတာဖွင့်ပြီး အွန်လိုင်းပေါ်တက်စာဖတ်ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာ ဆိုဒ်တွေကို ရှာဖွေဖတ်ရင်းက အမေရိကားမှာ မူလတန်းဆရာတစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃သိန်းကျော်(မြန်မာငွေ သိန်း၃ထောင် ကျော်မယ်ထင်တယ်) ရတယ်ဆိုတာ ဖတ်မိတော့ ခေါင်းကြီးသွားပါတယ်။ စာသင်လက ၁၀လရှိရင် တစ်လကို ၀င်ငွေ သိန်း၃၀၀လောက်ရကြတာပါကလား။ အဲဒီ The Case for $320,000 Kindergarten Teachers ဆိုတဲ့ဆောင်းပါးကိုဖတ်ရင်း အတွေးတွေ မီးခိုးမဆုံး မိုးမဆုံး နယ်ချဲ့မိပါတော့တယ်။ သင်ထောက်ကူ ဆောင်းပါးလည်း ဘာသာမပြန်ဖြစ်တော့ပါ။
ကိုယ်တို့တိုင်းပြည်က အထက်တန်းပြ ဆရာတစ်ယောက်ကို လစာ လေးသောင်းခွဲလောက်ပဲရပါတယ်။ တစ်နှစ်လုံးပေါင်းရင် ၅သိန်းကျော် ၆သိန်းဝန်းကျင်ပဲ ရှိပါလိမ့်မယ်။ ဒေါ်လာနဲ့တွက်ရင် တစ်လ၀င်ငွေဟာ ဒေါ်လာ ၅၀တောင် မပြည့်ချင်ပါ။ တစ်နှစ်လုံးပေါင်းလိုက်ရင် ဒေါ်လာ၅၀၀ကျော်လောက်ပဲ ရပါတယ်။ သူတို့တိုင်းပြည်က ဆရာတွေရဲ့ ၀င်ငွေနဲ့ယှဉ်ရင်(ဒါတောင် ကိုယ့်ဆီက အထက်တန်းပြနဲ့ သူ့ဆီက မူလတန်းဆရာနဲ့ ယှဉ်တာပါ) အဆခြောက်ဆယ်လောက်တောင် ကွာချင်တိုင်းကွာနေပါတော့တယ်။ ဒါ့အပြင် သူတို့ဆီမှာ ဆရာတွေကို ဂုဏ်သရေရှိ လူကြီးလူကောင်းစာရင်းသွင်းထားပြီး ကိုယ့်ဆီမှာက အိမ်သာလို မရှိသုံးလောက်ပဲ သဘောထားကြတာများပါတယ်။ ကိုယ်တို့ဆရာတွေ၊ ဆရာမတွေခမျာ ကံဆိုးလိုက်ကြတာ။ ဒီလစာလေးတွေ မဖြစ်စလောက်လေးနဲ့ ကိုယ်တို့ကို ပညာတတ်တွေဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့ကြတာပါ။
ဆေးကျောင်းဒုတိယနှစ်က ကိုယ်တို့ဆရာ ဒေါက်တာဦးမင်းဆွေ(အခုတော့ ညွှန်မှူးဖြစ်သွားပါပြီ) ပြောတဲ့စကားကို ပြန်သတိရမိပါသေးတယ်။ “ကျွန်တော်ရတဲ့လခက ခင်ဗျားတို့ကို စာလာသင်ဖို့ ကုန်တဲ့ဆိုင်ကယ်ဆီဖိုးလောက်ပဲရှိတာပါ။ ဒါပေမယ့် ကျွန်တော်တို့ကမှ ဒီလိုသင်မပေးရင် ခင်ဗျားတို့ကို ဘယ်သူမှသင်ပေးမှာ မဟုတ်ဘူး”တဲ့။ မှန်ပါတယ်။ ကိုယ်တို့ဆရာတွေဟာ အဲဒီလိုဆရာတွေပါ။ အဲဒီလို အနစ်နာခံကြတာပါ။ ဒါပေမယ့် ညွှန်မှူးဖြစ်ချင်လို့နေမှာပေါ့လို့ စေဒကတက်ချင်လည်း တက်ပါ။ ဒီအရွယ် အိုကြီးအိုမရောက်မှ ညွှန်မှူးဖြစ်တော့ ဘယ်နှစ်နှစ် စည်းစိမ်ခံနိုင်တော့မှာ ပါလိမ့်။ ဘာပဲပြောပြော သူသင်ပေးလို့သာ ကိုယ်တို့တွေ တတ်ကြရတာတော့ ငြင်းမရပါ။
တစ်ညနေလုံး ထိုင်စဉ်းစားရင်း ကျောင်းကဆရာတွေကို ကရုဏာသက်နေမိပါတယ်။ ကိုယ်တို့အပြင်ဆရာတွေဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်နိုင် ၀င်ငွေရနိုင်ပေမယ့် သူတို့မှာတော့ မသင်လည်းဒီလောက်၊ သင်လည်းဒီလောက်ဆိုတော့ ကြိုးစားချင်စိတ်တွေ ခမ်းကုန်ကြတာ ဆန်းတော့မဆန်းပါ။ ဘယ်လောက်ပဲ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားမယ်ပဲပြောပြော ကြာရှည်မှာ ကောင်းနိုင်ဖို့ဆိုတာ ဗိုက်ပြည့်နေမှဖြစ်ပါလိမ့်မယ်။ သူများနိုင်ငံက ဆရာတွေလို အူမမတောင့်ကြလေတော့ သီလစောင့်ကြဖို့လည်း ခဲယဉ်းလာကြရှာပါလိမ့်မယ်။ စလေဦးပုညကြီးပြောဖူးတဲ့
“ပညာရှင်ဆိုကတဲ၊ မွဲရင်ဖြင့် မိုက်ရတော့မယ်” ဆိုတဲ့ တေးထပ်စာသားအတိုင်း ဖြစ်ကုန်ကြရှာတာပါ။ ဒါပေမယ့် အပြင်လူတွေကတော့ ဒါကိုသဘောပေါက်ချင်မှ ပေါက်ပါလိမ့်မယ်။ ဆရာတွေရဲ့ စားဝတ်နေရေးဆိုင်ရာ အခက်အခဲတွေကြောင့် ဖြစ်လာရတဲ့ စိတ်ဓာတ်ပျက်ပြားမှုတွေကို ဘယ်သူမှနားလည်မပေးကြတာများပါတယ်။ အကျိုးဆက်ကိုပဲ အပြစ်မြင်ပြီး အကြောင်းတရားကို နားလည်မပေးနိုင်သူတွေကြားမှာ ကိုယ်တို့ရဲ့အဖြူအစိမ်းဝတ်ဆရာ၊ ဆရာမလေးတွေမှာ လူရမ်းကားတွေလို အထင်အမြင်သေးခံရပြီး အားလုံးက ရွံကြောက်ကြီး ဖြစ်တာခံနေရပါတော့တယ်။
ကာယကိုပဲ အသုံးချတဲ့ ဆိုက်ကားသမားတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေဟာ လေးငါးထောင်ရှိနေတဲ့ ဒီဘက်ခေတ်မှာ ဆရာတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေဟာ ၁၅၀၀ပဲ ရှိနေသမျှ ကိုယ်တို့ကလေးတွေ ကံကောင်းကြမယ်မထင်ပါ။ ဂျော်နီဝါးကား တံဆိပ်အပြာတစ်လုံးသောက်ချင်ရင်တောင် သုံးလေးလစာလောက် စုယူရရှာမယ့် ဒီဆရာဆရာမလေးတွေ ကြိုးစားချင်စိတ်ကုန်ခမ်းတာကို အပြစ်ပြောနေကြမယ်ဆိုရင်ဖြင့် ကိုယ့်အိတ်ထဲကကိုယ်စိုက်ပြီး အမေရိကားမှာလို တစ်လကို ဒေါ်လာသုံးသိန်းကျော်ကျော်ပေးကြည့်ကြရအောင်ပါ။ အင်း အဲဒီလောက်ပေးလို့မှ ကောင်းမလာရင်တော့လည်း ဖြုတ်၊ ထုတ်၊ သတ် လုပ်ရုံပဲ ရှိမယ်ထင်ပါရဲ့။ သူတို့လောက်မှ ၀င်ငွေမရတဲ့ ကိုယ်တို့ရဲ့ဆရာတွေ သူတို့လို မတော်တာ၊ အာရုံမစိုက်တာ၊ စေတနာမထားနိုင်တာ အပြစ်ပြောနေကြရင်တော့ ပြောတဲ့သူကိုပဲ လူမိုက်နံမည်တပ်ရပါတော့မယ်။ ဒါဆိုရင်တော့ ကိုယ်တို့တိုင်းပြည်မှာ လူမိုက်တော်တော်များနေမယ်ထင်ပါတယ်။ အဲဒီလူမိုက်ထဲမှာ ကိုယ်က ထိပ်ဆုံးကပါနေမလားဆိုတာ စဉ်းစားရင်း ဒီနေ့တစ်နေ့လုံး ဘာစာမှ မယ်မယ်ရရ မဖတ်ဖြစ် ဘာသာမပြန်ဖြစ်ဘဲ အချိန်ကုန်ခဲ့ပါရောလား။     ။

4 comments:

မေသိမ့်သိမ့် ကျော် said...

သိပ်ကို မှန်ပါတယ်ရှင်။ ကျွန်မကတော့ အဆင်းရဲခံပြီး ဟင်းချိုရည် နဲ့ ထမင်းနဲ့ မျှောချပြီး ကလေးတွေကို အနစ်နာခံပေးတဲ့ဆရာမ ၊ စာအုပ်မရှိလို့ဆိုတဲ့ ကလေးကို (ထုတ်ပေးတဲ့ဖတ်စာအုပ်ကလည်းမလောက်လို့) သူ့ဖတ်စာအုပ်လေးငှားပေးတဲ့ ဆရာမ ၊ အတန်းကြီးတွေဆီက ဖတ်စာအုပ်တွေ အလှူလိုက်ခံပေးပြီး ဆင်းရဲသူတွေကို ဖတ်စာအုပ်ဖိုး သက်သာစေခဲ့တဲ့ဆရာမ ၊ ကလေးတွေ စာမေးပွဲနီးလို့ အိမ်မှာ မနားပဲနဲ့ စေတနာနဲ့ အိတ်စိုက်သင်တဲ့ဆရာမ စသည်ဖြင့် ဒီလိုဆရမတွေကို တွေ့ဖူးခဲ့လို့ ဆရာတွေကို ပြောရင် ကျွန်မ ရင်ထဲမှာ မကောင်းတာတော့ အမှန်ပဲရှင်။ ဆရာတွေကို လေးစားတဲ့ စိတ်ကလေးပျော်ဝင်နေတဲ့ ဒီပို့စ်လေးကို ဖတ်ရလို့ ကျေးဇူးတင်မိပါတယ်ရှင်။

ခင်မင်လေးစားလျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို နားလည်စာနာမိပါတယ်.
တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏လို့ ပြောခဲ့သူတွေကိုယ်တိုင်ကရော တစ်ပြားမှမရှိဘဲ ပီတိတွေနေ့တိုင်းစားပြီး နေနိုင်ပါသလားလို့ ပြန်မေးလိုက်ရင် သူတို့ ဖြေနိုင်ပါ့မလား မသိဘူးနော်... စကားဆိုတာ အပြောလွယ်ပေမဲ့ ကိုယ်ပြောသလို လိုက်နေနိုင်ဖို့တော့ ခက်လှပါတယ်.. မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍတိုးမြှင့်ဖို့ဆိုရင် ပညာရေးဝန်ထမ်းတွေရဲ့ လစာလည်း တိုးမြှင့်ဖို့ လိုပါတယ်.. မဟုတ်ရင်တော့ အိတ်စိုက်ပြီး သင်ပေးနိုင်တဲ့သူ ဘယ်လောက်များ များများ ရှိပါ့မလဲ နော်

Anonymous said...

ဆရာ သားဗိုက်ထဲက အောင့်အောင့်နေတယ်း)


မောင်မျိုး

Sunny said...

ဆန်းနီ အမေလည်း ဆရာမမို့ ဆရာတွေ၊ ဆရာမတွေရဲ့  ဘ၀ကို စာနာနားလည်မိပါတယ်..

ကြိုက်ရင်ပေါ့လေ . . .