Tuesday 22 March 2011

တစ်ခါတစ်လေ . . .

မနက် ၂နာရီ ၁၅ရှိပြီ။
 
ကဗျာဆန်ဆန်ပြောရရင် အိပ်စက်ခြင်းက ကိုယ့်ဆီအလည်ရောက်မလာသေးပါလို့ ပြောရမယ်ထင်တယ်။ ညနေက အပြင်ခဏသွားပြီး CDMA 450 ဖုန်းကဒ် ကုန်နေတာ သွားဝယ်ရတယ်။ အနည်းဆုံးကတော့ တစ်သောင်းတန်ပဲ ရှိတာဆိုတော့ နှမြောလည်း မ၀ယ်လို့မဖြစ်ပြန်ဘူးလေ။ ကိုယ်တို့တိုင်းပြည်လည်း ဖုန်းအမျိုးအစားတွေများလိုက်တာ။ ဘာက ပိုကောင်းလဲဆိုတာ မသိတော့ပါဘူး။ ကိုယ့်ရှိတာကိုယ် အကောင်းလုပ်ရတာပဲ စိတ်ချမ်းသာပါတယ်လေ။
 
အပြင်ကပြန်လာတော့ တပည့်မနှစ်ယောက်စောင့်နေကြတယ်။ စာသင်တဲ့အိမ်က တပည့်မက မနက်ဖြန် ခရီးသွားတော့မှာမို့ သူ့အိမ်မှာကျန်ခဲ့တဲ့ ဆရာ့စာအုပ်တွေ လာပေးတာပါတဲ့။ ကိုယ်လည်း သူ့လက်ထဲက အိတ်ကိုဆွဲယူထားပြီး မမှောင်ခင် အမြန်ပြန်ဖို့ပြောပြီး မောင်းထုတ်လိုက်ရတယ်။ ဒီခေတ်ကာလကြီးက ဘာမှအစိုးမရဘူး မဟုတ်လားလေ။ သူတို့ပြန်သွားမှ အိမ်ထဲဝင်ပြီး ယူလာတဲ့ကိုယ့်စာအုပ်တွေကို ပြန်စစ်ကြည့်မှ land fair အိပ်တစ်လုံးတွေ့လို့ ဖွင့်ကြည့်တော့မှပဲ အင်္ကျီတစ်ထည်တွေ့ပါတော့တယ်။ ကလေးက ကိုယ့်ကို ကန်တော့ဖို့လာတာကို ကိုယ်က စိုးရိမ်ပြီး အတင်းပြန်လွှတ်မိတာကို တွေးမိမှ ရယ်ချင်မိပါတော့တယ်။ သူ့ဆရာ သင်္ကြန်တွင်းမှာ ၀တ်ဖို့ထင်ပါရဲ့ ဟာဝေယန်ရှပ်ပုံစံဝယ်လာလိုက်တာ ရှေးကျတဲ့ကိုယ့်မှာ ၀တ်ကြည့်ရင်း ကျောစိမ့်မိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့မျက်စိနဲ့လှလို့ဝယ်လာတာဆိုတော့ ကိုယ်ကလည်း လှလှလေးဝတ်ပြရတော့မှာ မဟုတ်ပါလားလေ။

 
၇နာရီလောက် ကွန်ပြူတာရှေ့မှာထိုင်နေတုန်း တပည့်မတစ်ယောက်က ဖုန်းဆက်ပြီး မုန့်လာပို့မယ်ဆိုလို့ စောင့်ရပြန်ပါတယ်။ ၈နာရီလောက်မှာ သူတို့သားအဖ အုန်းနို့ခေါက်ဆွဲလာပို့တော့ ပို့ဆွမ်းဘုဉ်းပေးတဲ့ ဦးဟန်ကြည်လည်း ဒါနလေးမြောက်သွားအောင် အားရပါးရ ဘုဉ်းပေးလိုက်ပါတယ်။
သောက်ရင်း...ရေးရင်း လုပ်ကြည့်တာ...

ကလေးတွေပြန်သွားတော့ စာထိုင်ဖတ်ရင်း ပျင်းပျင်းနဲ့ မသောက်ဖြစ်တာ ကြာနေပြီဖြစ်တဲ့ ဘီယာထိုင်သောက်လိုက်တာ မသောက်တာကြာသွားလို့လားမသိ ၇ဗူးကုန်တာတောင် ရီဝေေ၀လေးပဲရှိနေတာကြောင့် ဆက်မသောက်ရဲတော့ပါ။ ပေါင်၁၆၀ Body mass ထဲမှာ ဘီယာတွေ ဓာတ်ပြယ်ကုန်တာများလား စဉ်းစားမိပါတယ်။ တပ်ထဲက မေ့ဆေးပါရဂူဗိုလ်ကြီးငယ်သူငယ်ချင်းကတော့ သူမူးပြီး ကိုယ်မမူးသေးရင် ကိုယ့်ဘော်ဒီကြီးကို အမြဲရန်လုပ်လေ့ရှိပါတယ်။ ၁၉ရက်နေ့က သူနဲ့ သူ့သူငယ်ချင်းတစ်ယောက်ကို ပင်လယ်စာဆိုင်မှာ လိုက်ကြွေးတော့ သူပဲ သိပ်မမူးလိုက်လို့လားတော့မသိ ရန်လုပ်မခံလိုက်ရပါ။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတော့ alcohol 13.5% ပါတဲ့ Traditional ဆိုတဲ့ ဟော်လန်ဘီယာတစ်ဗူး စမ်းသောက်လိုက်မိတာ တစ်ဗူးထဲနဲ့တင် ပက်လက်လန်သွားပါတော့တယ်။ အခုတစ်ကဒ်ဝယ်ပြီး သောက်ကြည့်ဖြစ်တဲ့ Singha ကတော့ alcohol 5% ပဲပါတာမို့ 
ဘီယာစာရင်းတောင် မ၀င်ပါ။
ဒါတောင်မမူးသေးပါလား...

စာသင်နှစ်တစ်နှစ်လုံး စိတ်ရောကိုယ်ပါ ထိန်းသိမ်းရင်း ကြိုးစားပေးခဲ့ရတာမို့ ပင်ပန်းခဲ့သမျှ တစ်ခါတစ်လေ စိတ်ထွက်ပေါက်အနေနဲ့ (သူများလိုလည်း အပြန်ထွက် မကဲတတ်လေတော့) ဘီယာလေးသောက်မိတာလောက်ကိုတော့ ကျောင်းပိတ်ရက်ဖြစ်နေတာကိုထောက်ပြီး ချစ်စွာသော မိတ်ဆွေကြီးများက နားလည်သဘောပေါက်ပေးလိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း။ အင်း...ဒီပို့စ်ရေးရင်းနဲ့ ဆက်သောက်လိုက်တာ နောက်ထပ်တစ်ဗူး ကုန်သွားပြန်ပါပေါ့လား။      ။

 
 

3 comments:

ကိုဇော် said...

ဟဲဟဲ . . .ကျနော်ကတော့ ဘီယာတိုက်ရင်ကို စိတ်တကယ်ကို ဆိုးမိတာ။ ဘယ်နှယ့် ဆီးပဲ ထထသွားနေတာနဲ့ အချိန်ကုန်တယ်။ ကျနော်တို့ကတော့ အပြင်းသမား ဝီပဲဗျ။ ဝီ ဝီ ဝီ နဲ့ နေအောင် မူးနေမှ . . . ဒါပေမဲ့ အခု ဖြတ်ထားတာ ၄ နှစ် ရှိတော့မယ်။ မသောက်မဖြစ်ပွဲက လွဲလို့ပေါ့။

Anonymous said...

မသောက်တာကြာတော့ ၇ ဗူး နေ့တိုင်းသောက်၇င်ကော တစ်နေ့ ဘယ်နှစ်ဗူးလောက်ကုန်မလဲ ဆြား)


မောင်မျိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

လက်တော့လေးတော့ သဘောကျသား အဖြူရောင်လေး
ဘီယာဘူးတော့ သဘောမကျ.. အယ်လ်ကိုဟောနည်းလို့း)
ကျောင်းတွေပိတ်ထားတော့လဲ လွတ်လပ်နေတယ်ပေါ့..
ကောင်းပါတယ်.. နွေရာသီကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ဆရာဟန်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger