Thursday, 17 March 2011

လွမ်းတော်မူလည်း ရှေ့သို့ချီ . . .

ဒီနေ့ နေ့လည် ၁၂နာရီမှာ စာမေးပွဲတွေ ဖြေလို့ပြီးသွားပါပြီ...

http://www.trouplibrary.org/Farewell.jpg

နှစ်ရက်လုံးလုံး မစဲနိုင်အောင် တဖွဲဖွဲရွာနေတဲ့ မိုးရေထဲမှာ ကလေးတွေ စာမေးပွဲခန်းက ထွက်လာတာကို သွားကြိုရပါတယ်။ ဖောက်ပြန်လွန်းတဲ့ ရာသီကြောင့် နွေခေါင်ခေါင် မတ်လလယ်မှာ မိုးရာသီလို မိုးတစိမ့်စိမ့်ရွာပြီး ဆောင်းရာသီလို ခိုက်ခိုက်တုန်အောင် အေးလို့နေပါတော့တယ်။ ဒါပေမယ့် ကျောင်းသားတွေခမျာ စာမေးပွဲခန်းမှာ အနွေးထည်မ၀တ်စေချင်တဲ့ ဆရာတစ်ချို့ကြောင့်(အနွေးထည်ဆိုတော့ စာခိုးချမယ့် စာရွက်စာတမ်းတွေ ၀ှက်လို့ကောင်းတယ်လို့ ယူဆလို့ပဲ ဖြစ်မှာပါ) စာမေးပွဲခန်းက ထွက်လာကြတော့ မိုးရေတွေထဲမှာ ချမ်းရှာလွန်းလို့ လက်ကလေးတွေ ပိုက်ပြီးထွက်လာကြပါတယ်။

အားလပ်ရက်နှစ်ရက်ပေးထားတာဖြစ်တာမို့ ကိုယ့်ကျောင်းသားတွေအားလုံး အကောင်းဆုံးဖြေခဲ့ကြပြီး ပြုံးပြုံးရွှင်ရွှင်ပဲ ထွက်လာကြပါတယ်။ ဒီနှစ်စာမေးပွဲမှာ ဘာသာရပ်တိုင်းလိုလို ချောချောမောမော ဖြေနိုင်ခဲ့ကြတာမို့ ဆရာရော၊ ကျောင်းသားတွေအတွက်ပါ မင်္ဂလာရှိသော စာသင်နှစ်တစ်ခုကို အောင်အောင်မြင်မြင် ကုန်ဆုံးစေခဲ့ကြပါပြီ။ ဆရာတစ်ယောက်ရဲ့ သင်ကြားရေးတာဝန်ကို အကောင်းဆုံး ကျေပွန်နိုင်ခဲ့လို့ ရင်ထဲမှာလည်း ကျေနပ်ပါတယ်။ ပီတိတွေလည်း ဖြစ်မိပါသေးရဲ့။

စာမေးပွဲခန်းကနေ ထွက်လာကြတဲ့ ကျောင်းသားတွေကို လူစုအမြန်ခွဲပေးပြီး သူတို့အိမ်အသီးသီးကို ပြန်ရောက်မှ ကိုယ်လည်း သက်မချနိုင်ပါတော့တယ်။ ကလေးဆိုတဲ့ အမျိုးက စာမေးပွဲပြီးရင် လွတ်လပ်ရေး အပြည့်ယူပြီး လူစုလူဝေးနဲ့ လည်ကြပတ်ကြဖို့ တာစူထားကြသူတွေချည်းပါ။ ကလေးတွေကို ပျော်စေချင်ပေမယ့် ကျောင်းသူကျောင်းသားအားလုံး ဆိုင်ကယ်ကိုယ်စီ တစ်ဝီ၀ီမောင်းပြီး တစ်ရုံးရုံးနဲ့ ပျော်ကြပါးကြ အော်ကြဟစ်ကြတဲ့ ဒီနေ့မှာတော့ အန္တရာယ်များလွန်းတာမို့ ကိုယ့်ကျောင်းသူ၊ ကျောင်းသားတွေကို မလည်မပတ်စေချင်ပါ။ ရေကြမ်း၊ မြေကြမ်း၊ ဒေသကြမ်းမှာ ကလေးတွေ မတော်တဆ တစ်ခုခုဖြစ်သွားကြရင် ကိုယ်ပျိုးထားခဲ့တဲ့ အပင်လေးတွေ အပွင့်မှမစုံခင် ကြွေမှာစိုးမိပါတယ်။ ဒါကြောင့် လည်ဖို့ပတ်ဖို့ ကြံနေကြတဲ့ ကလေးအုပ်ကို ဆူတန်ဆူ၊ ခြောက်တန်ခြောက်လို့ မလည်ဖို့မပတ်ဖို့ နားချရပါတယ်။ နောက်ရက်ရောက်မှ ဆရာကိုယ်တိုင် လူစုပြီး လည်ဖို့ပတ်ဖို့ စီစဉ်ပေးမယ်လို့လည်း ကတိအတန်တန်ပေးရပါသေးရဲ့။ ကလေးတွေကို စိတ်ချရမှ မိုးရေတွေထဲမှာပဲ အိမ်ပြန်ခဲ့ရပါတော့တယ်။

နေ့လည် ၁နာရီလောက်ကစပြီး အိမ်ပြန်ရောက်ပြီး နားနေပေမယ့် စိတ်ထဲမှာ ဟာတာတာဖြစ်လို့နေပါရဲ့။ တစ်နှစ်တာလုံး ပုံမှန်လည်ပတ်နေတဲ့ အချိန်ဇယားတစ်ခု ရပ်သွားတာကြောင့် တစ်ခုခုလိုနေသလို ခံစားရပါတယ်။ တစ်ရွေ့ရွေ့လေးသွားနေတဲ့ နာရီလက်တံကလည်း အင်မတန်မှ နှေးကွေးလေးလံနေသလိုလိုပါ။ ရုပ်ရှင်ထိုင်ကြည့်လိုက်၊ စာဖတ်လိုက်၊ ဂိမ်းကစားလိုက်နဲ့ ပျင်းရိငြီးငွေ့နေပါတော့တယ်။ ကိုယ်ကလည်း စာမသင်ရရင် မပျော်တဲ့လူစားဖြစ်နေတာကြောင့် စာမသင်ရဘဲ နားရတဲ့ ပထမဆုံးရက်မှာတင် နားနေရတာကို ငြီးငွေ့လာပါပြီ။ အချိန်ဖြုန်းစရာ ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီး ရှိနေပေမယ့် စာသင်ရင်း အချိန်ကုန်ရတာကိုပဲ မက်မက်စက်စက် ရှိလှပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်နှစ်မှာ ရောက်လာကြမယ့် ကျောင်းသားသစ်တွေအတွက် အကောင်းဆုံး ၀န်ဆောင်မှုတွေပေးနိုင်အောင် အားဖြည့်ရင်း၊ ပညာရေးဝမ်းစာတွေ ဖြည့်တင်းဖို့အတွက် နားနေချိန်ဆိုတာ လိုအပ်မှန်း သိနေတာမို့ စိတ်မပါသော်လည်း ပေတေပြီး တစ်လနီးပါးတော့ နားရပါလိမ့်မယ်။
 
မနက်ဖြန်မနက် ၉နာရီလောက်ဆိုရင် ကလေးတစ်အုပ်ကို အလည်အပတ်လိုက်ပို့ရပါဦးမယ်။ မျောက်လောင်းတစ်အုပ်ကို ထိန်းရဥိးတော့မှာပါ။ ဒီတစ်ရက်ပြီးရင်တော့ ဒီကျောင်းသားတွေနဲ့ ဦးဟန်ကြည် ဆုံဖြစ်ဖို့ အခွင့်အရေး နည်းသွားပါပြီ။ အောင်စာရင်းထွက်မှပဲ ပြန်ဆုံဖြစ်ကြတော့မှာပါ။ တက္ကသိုလ်ဝင်ခွင့်တွေ လျှောက်ကြရတဲ့ လပိုင်းရောက်မှ တစ်စုတစ်ဝေးထဲ ပြန်မြင်ရမှာပါ။ ကလေးအသီးသီး ကိုယ့်ဘ၀အတွက် ဆက်ပြီးလျှောက်လှမ်းကြရင်း ဦးဟန်ကြည်နဲ့ တစ်နှစ်ပြီးတစ်နှစ် အနေဝေးသထက် ဝေးသွားကြဦးမှာပါ။ တပည့်တွေဆိုတာ ဆရာဖြစ်သူကို အကြောင်းတိုက်ဆိုင်လွန်းပါမှ သတိရကြမှာ ဖြစ်ပေမယ့် ဆရာဆိုတာ တပည့်တွေကို အမြဲသတိရနေတတ်တဲ့ လူစားတွေမို့ တစ်နှစ်တာ ကြုံခဲ့ရတဲ့ တပည့်ကောင်းတွေရော၊ တပည့်ဆိုးတွေပါ ဦးဟန်ကြည် ရင်ထဲမှာ ထာဝရရှိနေမှာတော့ မလွဲပါ။

တကယ်တော့ ဆရာဆိုတာ ထာဝရကျောင်းသားကြီး ဖြစ်ပေတာမို့ တပည့်ဟောင်းတွေကို သတိရစိတ်ကလေး အသာဘေးဖယ်လို့ နောင်လာလတ္တံ့သော မမြင်ရသေးတဲ့ တပည့်သစ်များစွာအတွက် အားသစ်တွေမွေးရပြန်ပါဦးမယ်။ ဒါကြောင့် ယူထားတဲ့ အားလပ်ရက်မှာ သင်ရိုးညွှန်းတန်းတွေ၊ သင်ကြားရေးအစီအစဉ်သစ်တွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ စာအုပ်စာတမ်းတွေကို မနားမနေပြုစုဖို့ စီမံကိန်းတွေဆွဲရင်း ပညာရေးပင်လယ်ကြီးထဲမှာ ကျေကျေနပ်နပ် ကြည်ကြည်နူးနူးကြီးပျော်ဝင်လို့ ၂၀၁၀/၁၁ ပညာသင်နှစ်ကို ပြည်ဖုံးကား ချလိုက်ရပြန်ပါပြီ။

http://davidfooks.com/wp-content/uploads/2010/03/farewell_01.jpg

၂၀၁၀/၁၁ ပညာသင်နှစ်ရဲ့ ချစ်စွာသော တပည့်ဟောင်းအားလုံး သင်ယူတတ်မြောက်သွားကြတဲ့ ပညာတွေ၊ ပြုစုပျိုးထောင်ပေးလိုက်တဲ့ စိတ်ဓာတ်ကောင်းတွေ၊ မျိုးစေ့ချပေးလိုက်တဲ့ လောကပါလတရားတွေနဲ့ ဘာသာရေး လူမှုရေး အသိအမြင်တွေကို အကောင်းဆုံး အသုံးချနိုင်၊ အသုံးချခွင့်ရပြီး ကိုယ့်တိုင်းပြည်နဲ့ ကိုယ်လူမျိုးကို နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အားသစ်လောင်းပေးနိုင်တဲ့ သားကောင်းရတနာတွေ ဖြစ်ကြပါစေကြောင်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးရင်း...။     ။ 

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဓါးသွေးကျောက်လို ဥပမာပေးရမယ်ထင်တယ် ကိုဟန်ကြည်ရေ
ကလေးတွေက တစ်ဆင့်ပြီးတစ်ဆင့် မြင့်သွားချိန်မှာ ဆရာတွေကတော့ ဓါးသွေးကြောက်တွေလို လုံးပါးပါးပြီး ကျန်ခဲ့ရတာဘဲ
ဒါပေမဲ့ ဓါးးကလေးတွေ ထက်မြပြီး လူ့လောကမှ တင့်တယ်နေတာ မြင်ရင်တော့ ဓါးသွေးကြောက်ဟာ ပီတိဖြစ်ရတာပါဘဲ မဟုတ်လားနော်။

Han Kyi said...

ဓားသွေးကျောက်နဲ့တော့ တူမယ်မထင်ပါဘူး မချောရေ...ဘာကြောင့်လဲဆိုရင် တစ်နှစ်တာကုန်ချိန်မှာ ကိုယ့်ကျောင်းသားတွေ ဘ၀တက်လမ်းအတွက် လမ်းစကောင်းတွေရသွားကြသလို ဆရာဖြစ်သူမှာလည်း အတွေ့အကြုံတွေ သင်ကြားမှုပညာသစ်တွေ တိုးတက်ရစ်တာမို့ လုံးပါးပါးပြီးတော့မကျန်ရစ်တာ သေချာပါတယ်...ဒါပေမယ့် လွမ်းတော့လွမ်းတယ်ဗျာ...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger