Thursday, 24 March 2011

ဝါသနာ. . .

facebook မှာ
ကိုယ်နဲ့ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်တော့ ကဗျာတွေရေးဖြစ်သေးလားလို့ မေးပါတယ်။ သူက ကိုယ်တို့ ပထမနှစ်လောက်မှာ “ရင်ကွဲကောင်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ၀တ္တုလေးတစ်အုပ်ပေါင်းထုတ်ဖြစ်ကြတုန်းက အတူတူရေးခဲ့တဲ့ သူငယ်ချင်းပါ။ ကိုယ်လည်းဘယ်လိုဖြေရမှန်းတောင်မသိတော့ပါ။ ရေးဖြစ်တာလဲမဟုတ် မရေးဖြစ်ဘူးလဲမဟုတ်ဘူးလို့ပဲ ဖြေခဲ့ရပါတယ်။

ကျောင်းသားဘ၀ကတော့ အပူအပင်ကင်းကင်းနဲ့မို့ ကဗျာတွေရော၊ ၀ထ္ထုပါအဆက်မပြတ်ရေးဖြစ်ပါတယ်။ အရွယ်ကလည်း ၂၀ ၀န်းကျင်ဆိုတော့ အချစ်အကြောင်းဆိုတာကလည်း ရေးတိုင်းထွက်တဲ့ခေါင်းစဉ်ပါ။ လုပ်ငန်းခွင်ထဲရောက်တော့ ဘ၀အမောတွေကြောင့် ကဗျာဆိုတာ ရှားပါးပစ္စည်းဖြစ်လာပါတော့တယ်။ အတင်းညှစ်ရေးရင်တော့လည်း တစ်ပုဒ်စ နှစ်ပုဒ်စထွက်လာပါရဲ့။ ဒါပေမယ့် တကယ့်ခံစားချက်မဟုတ်တာကြောင့် ကိုယ့်ဖာသာ စိတ်တိုင်းမကျမိပါ။ ဒါပေမယ့် စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ပန်းချီတွေ နေ့စဉ်ထိုင်ဆွဲလေ့ရှိတဲ့ ပါဗလိုပီကာဆို 
Pablo Picasso ရဲ့ထုံးကို နှလုံးမူပြီး ရေးတဲ့အခါလည်း ရေးမိပါတယ်။


ဒါပေမယ့် ကဗျာမျိုးစေ့ကတော့ ပျက်မသွားသေးပါ။ ပျက်လည်းအပျက်မခံပါ။ လေးတန်းကျောင်းသားဘ၀ကတည်းက ကဗျာစရေးခဲ့တာမို့ ဗီဇကပျောက်လည်း ပျောက်မသွားနိုင်ပါ။ တခြားကဗျာတွေ မရေးဖြစ်သေးရင်တောင် ကလေးတွေကိုစာသင်ရာမှာ မှတ်မိလွယ်စေဖို့ တစ်ချို့စာတွေကို ကဗျာလေးတွေစပ်ပြီး သင်ပေးဖြစ်ပါတယ်။ ဓာတုဗေဒမှာပါတဲ့ ဒြပ်စင်အလှည့်မှနှ်ဇယား periodic table ကို အလွယ်မှတ်လို့ရအောင်
“ဟိုက်ဒြို၊ ဟီလီ၊ လစ်သီ၊ ဘီ
ဘိုရွန်၊ ကာဗွန်၊ နိုက်၊ အောက်ဆီ
ဖလို၊ နီယွန်၊ ဆိုဒီ၊ မက်
အလူ၊ ဆီလီ၊ ဖော့ နဲ့ဆက်
ဆာလ်ဖာ၊ ကလိုရင်း၊ အာဂွန် မှာ
ပိုတက်၊ ကယ်လ်ဆီ ၂၀ပါ” 
ဆိုတဲ့ကဗျာလေးတွေ ရေးပြီးသင်ဖြစ်ပါတယ်။


မြန်မာစာ သဒ္ဒါသင်ရာမှာလည်း မှတ်ရလွယ်အောင်
“ပင်၊ ပေါင်း၊ ယာ၊ ဂုဏ်
ဖွဲ့စည်းပုံ”
“ဦး၊ များ၊ စိတ်၊ စု
အနက်ပြု”
ဆိုတဲ့ ကဗျာလေးတွေရေးပြီး သင်ပါတယ်။ ဆိုလိုတာက နာမ်ကို ဖွဲ့စည်းပုံအရခွဲရင် ပင်ကိုနာမ်၊ ပေါင်းစပ်နာမ်၊ ကြိယာနာမ်၊ ဂုဏ်ရည်ပြနာမ်လို့ ခွဲနိုင်ပြီး အနက်အဓိပ္ပာယ်အရခွဲရင် တစ်ဦးဆိုင်နာမ်၊ အများဆိုင်နာမ်၊ စိတ္တဇနာမ်၊ အစုပြနာမ် လို့ခွဲနိုင်တယ်လို့ ပြောတာပါ။ ဆရာလည်း ကဗျာစပ်မပျက်သလို တပည့်တွေလည်း စာရလွယ်တာကြောင့် ရှဥ့်လည်းကောင်းကောင်းလျှောက်နိုင် ပျားလည်းကောင်းကောင်းစွဲနိုင်ပြီး အဆင်ပြေလှပါတယ်။

ကုန်ကုန်ပြောရရင် အင်္ဂလိပ်စာမှာ stylistic transformation လို့ခေါ်တဲ့ စာကြောင်းတည်ဆောက်ပုံ တစ်မျိုးကနေ နောက်တစ်မျိုးကို ပြောင်းရတဲ့ သင်ခန်းစာတွေမှာလည်း အားကျမခံ ကဗျာစပ်ပါတယ်။ ဥပမာပြောရရင် too...to ကနေ not enough...to ပြောင်းရတဲ့သင်ခန်းစာအတွက်
“ too နေရာ not လာ
adj မှာပြောင်းပြန်လှန်
နောက်က enough  ခံ”
လို့ ကဗျာကောက်ရေးပေးလိုက်ပါတယ်။ ကျောင်းသားတွေလည်း အပင်ပန်းခံပြီးမှတ်စရာမလိုတော့ပဲ ပုံစံကို ခေါင်းထဲမှာ အလွယ်တကူမှတ်မိသွားတာကြောင့် အဆင်ပြေပါတယ်။
Day Aye is too old to live alone.
ဆိုတဲ့ စာကြောင်းကို အထက်က ကဗျာသုံးပြီး
Daw Aye is not young enough to live alone.
လို့ အလွယ်တကူ ပြောင်းလို့ရသွားပါတယ်။ ဘာပဲပြောပြော ကိုယ့်ဝါသနာကိုတော့ အလေအလွင့်အဖြစ်မခံဘဲ အသုံးတည့်အောင် ကြံရဖန်ရပါတော့တယ်။ တစ်ခါတစ်ခါကျရင် မှတ်ရခက်တဲ့ သင်ခန်းစာတစ်ခုကို ကဗျာလေးတွေသုံးပြီး ကလေးတွေအလွယ်တကူ မှတ်လို့ရသွားရင် သူတို့အတွက် ၀မ်းသာသလို ကိုယ့်ဗီဇအတွက်လည်း ပီတိဖြစ်ရပါတယ်။

သင်ထောက်ကူမဟုတ်ဘဲကျန်တဲ့ကဗျာတွေရေးမယ်လို့ကြံလိုက်ရင် 
ဘယ်ကစလို့စရေးရမှန်း မသိတော့တာများပါတယ်။ 
တစ်ခါတစ်ခါ သွားရင်းလာရင်း ကဗျာတစ်ပိုင်းတစ်စများ ခေါင်းထဲဝင်လာရင် မေ့မသွားအောင် မှတ်ထားပြီး အိမ်ပြန်ရောက်ရင် တွေ့တဲ့စာရွက်မှာ ကောက်ပြီးရေးထားလိုက်မှ အဆင်ပြေတာပါ။ 
ဒါတောင်မှ ပြီးအောင်ဆက်ရေးဖို့ တော်တော်အားယူရပါတယ်။ တစ်ချို့ဆရာတွေ အသက်၆၀ကျော် ၇၀မှာ အချစ်ကဗျာတွေ ရေးနိုင်နေတာ တော်တော်အားကျပါတယ်။ 
ကိုယ့်မှာ အဘိုးကြီးမဖြစ်သေးဘဲ အချစ်ကဗျာရေးဖို့ အင်မတန်လက်တွန့်ပါတယ်။ တော်ကြာ အိမ်ရှင်မက တစ်မျိုးမြင်သွားမှာ ကြောက်တာလည်း ပါကောင်းပါမယ်ထင်ပါရဲ့။ ကိုယ့်အနေအထားအရ သူများက တာဝန်မပေးပေမယ့် ကိုယ့်ဖာသာထိန်းနေရတဲ့ ဂုဏ်သိက္ခာ(စားလို့လည်းမရပါ) ဆိုတဲ့အရာကြီးကြောင့် သူတကာပြောမှာ စိုးရိမ်နေမိတာလည်း ပါပါလိမ့်မယ်။ ဘ၀နဲ့ပတ်သက်တဲ့ ကဗျာရေးပြန်တော့လည်း ကိုယ်အစာမကျေတာတွေ အန်ထုတ်မိတာမို့ ရေးပြီးရင် လူပါအားကုန်သွားတတ်တာကြောင့် သိပ်မရေးဖြစ်ပြန်ပါ။ တစ်ပုဒ်တစ်လေ ထွက်လာရင်တော့ ကိုယ့်ဘလော့ထဲမှာ တင်ဖြစ်သလို အိပ်မက်
မှာလည်း တင်ဖြစ်ပါတယ်။


ဒီညတော့သူငယ်ချင်းသတိပေးတာကြောင့် ကဗျာတစ်ပုဒ် ကောက်ခြစ်ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်တိုင်းနည်းနည်းမှ မကျပါ။ လေးလုံးစပ်ပုံစံပျက်ကဗျာလို့ ခေါ်လို့ရမယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာကိုတော့ ပေါ်လွင်အောင်ပြောနိုင်တယ်လို့ ထင်မိပါတယ်။ ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်းကဗျာများနဲ့ နှိုင်းလိုက်ရင်တော့ နံ့သာဆီနဲ့အီး၊ အင်း...ဦးပုညကြီးရဲ့ စာသားကို ငှားပြောရရင် မိုးကြိုးနဲ့ အီးသံလို ခရီးအမှန်ကွာလွန်းလှလေး လို့ပြောရမယ်ထင်ပါတယ်။


ဘာပဲဖြစ်ဖြစ် ရေးပြီးသားကို နှမြောတာကြောင့် ပီကာဆိုရဲ့ထုံးကို နှလုံးမူပြီး တင်လိုက်ပါတယ်။

“ညီလေးအတွက်”
ညီလေးရေ...
မနက်ဖြန်ဟာ  ရောက်မလာသေး
ခပ်ဝေးဝေးမှာ 
အနာဂတ်ဖြစ်  စိတ်မညစ်နဲ့
ဖြစ်ချင်တာတွေ  ဖြစ်လိမ့်မယ် ...

ညီလေးရေ...
မနေ့ဆိုဟာ  အတိတ်မှာကွဲ့
လွန်တာတွေလည်းကျန်ခဲ့စေ...

ညီလေးရေ...
ဒီနေ့ဆိုတာ  မင်းလက်မှာမို့
ကိုယ့်ကိုယ်ကိုပြင်  အားသစ်ဝင်ရင်း
မင်းအနာဂတ်  မားမားမတ်ဖို့
ဆုံးဖြတ်ခိုင်မာ  သွေးသစ္စာနှိပ်
အတိတ်မေ့ရင်းကြိုးစားစို့။     ။

ဟန်ကြည်
၂၅.၃.၂၀၁၁(သောကြာနေ့)
နံနက် ၂:၃၀နာရီ 

4 comments:

Anonymous said...

လာရောက်အားပေးသွားတယ် အစ်ကိုတော် ရေ။ နေ့ရက်တိုင်းမှာ ပျော်ရွှင် အောင်မြင်ပါစေ

မောင်မျိုး said...

ညီလေး အတွက် ကဗျာက ကောင်းလိုက်တာ ကူးသွားတယ် ဆြာ ကျေးဇူး ။

ခနွဲ said...

လာဖတ်သွားတယ်။ အစ်ကို ကဗျာလေးက အရမ်းကောင်းတယ်။

အဖြူရောင်နတ်သမီး said...

ကဗျာလေး သဘောကျတယ် အကိုရေ...။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger