Tuesday, 8 March 2011

ဟောင်ပြီးတော့ ထွက်ခဲ့နိုင်စေ . . .

ကိုယ့်ကျောင်းသားတွေ စာမေးပွဲဖြေနေကြတာ ဒီနေ့ဆိုရင် နှစ်ဘာသာပြီးသွားပါပြီ။
ကျောင်းသားအားလုံး ကောင်းကောင်းမွန်မွန်၊ ချောချောမောမော ဖြေနိုင်ကြတာမို့ တစ်နှစ်တာပင်ပန်းခဲ့သမျှ အမောပြေရပါတယ်။
စာမေးပွဲကာလမှာ ကလေးတွေကို စိတ်အညစ်မခံဘဲ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးထားလေ့ရှိတဲ့ ကိုယ့်မူကြောင့် ကိုယ့်ကျောင်းသားလေးတွေမှာ ရွှင်ရွှင်လန်းလန်းရှိကြပေမယ့် တစ်ချို့ကလေးတွေမှာတော့ တစ်ညလုံး တပင်တပန်း မအိပ်မနေ စာကြည့်ကြလို့ မျက်တွင်းလေးတွေချိုင့်ပြီး မရွှင်မပျဖြစ်နေတာကို မြင်ရပြန်တော့လည်း စိတ်ထဲမှာ မကောင်းပြန်ပါ။ အိပ်ရေး၀၀အိပ်ပြီး ကျန်းမာပျော်ရွှင်နေမှ ဦးဏှောက်လန်းဆန်းပြီး စာမေးပွဲ အကောင်းဆုံး ဖြေနိုင်မယ်ဆိုတာ သိပါလျက်နဲ့ ဒီလိုညမျိုးမှာ ကလေးတွေကို မနက်လင်းအားကြီးနှစ်နာရီလောက်ထိ စာအပြင်းအထန်ကြည့်ခိုင်းတာ ကလေးတွေကို ကောင်းကြိုးထက် ဆိုးကြိုးပိုများစေပါတယ်။ ဒါပေမယ့် လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးမို့ ကိုယ်ကြိုက်ရာကို လုပ်ပိုင်ခွင့်ရှိတဲ့ လောကကြီးမှာ ဘယ်သူ့ကိုမှ အကြံမပေးဖြစ်ပါ။ ကိုယ့်ကျောင်းသားတွေကိုပဲ ကိုယ်အကောင်းဆုံး လမ်းညွှန်ပေးနိုင်ဖို့ပဲ အာရုံထားရပါတယ်။
 
၇ရက်နေ့က မြန်မာစာစဖြေတဲ့အခါ ကိုယ့်ကျောင်းသားလေးတွေ အားရှိအောင် ကျောင်းအထိကိုယ်လိုက်ပို့ပေးပါတယ်။ ကလေးဆိုတဲ့ သဘာဝအရ စာမေးပွဲဆိုတာကို ကြောက်ကြလန့်ကြရှာတာမို့ မလန့်အောင် အားပေးရင်းပါ။ အကြောက်လွန်၊ အလန့်လွန်သွားပြန်ရင် စာတွေအားလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီး သဲလေသမျှ ခဲရေကျဖြစ်ကုန်မှာ စိုးရပါသေးတယ်။ ဒီလောက်အားပေးပြီး အကောင်းဆုံး ပံ့ပိုးနေတဲ့ကြားက ကျောင်းသူလေးတစ်ယောက်က ကျောင်းရှေ့လူကြားထဲမှာပဲ ရွှေမျက်ရည်သွန်းဖြိုးပြီး ပုလဲခတော်မူပါသေးရဲ့။ ကိုယ့်မှာ ရယ်ချင်စိတ်ကို အသာဘေးဖယ်ပြီး စိတ်လျှော့ထားဖို့ အတန်တန်အားပေးရပြန်ပါတယ်။ ကိုယ်တို့လည်း ဒီအချိန်မျိုးမှာ သူတို့လောက် မကြောက်ပေမယ့် နဲနဲတော့ ခပ်ရှိန်ရှိန်ဖြစ်ခဲ့ဖူးတာမို့ ကိုယ်ချင်းစာပေးလို့ရပါတယ်။
စာမေးပွဲဖြေပြီးလို့ ပြန်ထွက်လာကြပြန်တော့လည်း ကျောင်းအ၀ကစောင့်ပြီး အခြေအနေကိုမေးရင်း အားပေးရပြန်ပါသေးတယ်။ တစ်နှစ်တာလုံး ကြိုးစားခဲ့ကြတာမို့ မြန်မာစာကို အကောင်းဆုံး ဖြေနိုင်ခဲ့ကြတဲ့အတွက် ၀မ်းသာအားရ ခုန်ပေါက်ထွက်လာကြတဲ့ ကလေးတွေကို မြင်ရတဲ့မြင်ကွင်းဟာ ကိုယ့်အတွက်တော့ တကယ့်ကို ကျက်သရေအပေါင်းနဲ့ ခညောင်းတဲ့မြင်ကွင်းပါ။
 
စာမေးပွဲဖြေပြီးတော့ ကလေးတွေကို ခဏအနားယူခိုင်းပြီး နေ့လည်၁နာရီခွဲကစလို့ နောက်နေ့ဖြေရမယ့် အင်္ဂလိပ်စာအတွက် ပြင်ဆင်ရပြန်ပါတယ်။ အင်္ဂလိပ်စာညံ့ကြတဲ့ ပြည်နယ်ကကလေးတွေဖြစ်တာမို့ အများစုကတော့ ခပ်လန့်လန့်ပါ။ သူတို့လေးတွေ လန့်မယ်ဆိုလည်း လန့်လောက်စရာပါ။ အင်္ဂလိပ်စာဆိုတဲ့ အမျိုးကလည်း ကိုယ်ဘာတွေရလို့ ဘာတွေမရဘူးဆိုတာ မသိနိုင်တဲ့ ဘာသာရပ်ဖြစ်နေပါတယ်။ မနက်ဖြန်မှာ ဘာတွေကို ဘယ်လိုဖြေရမယ်ဆိုတာကိုလည်း မှန်းဆဖို့မလွယ်ပြန်ပါ။ ဒါ့အပြင် ကိုယ့်ကိုယ်ကို မရသေးဘူးလို့ယူဆပြီး စာကြည့်မယ်ကြံပြန်ရင်လည်း ဘာတွေကိုကြည့်ရမှန်းမသိဖြစ်ရလောက်အောင် ခေါင်းခြောက်ရပါတယ်။ ခပ်လွယ်လွယ်ဥပမာပေးရရင် သရဲနဲ့လက်ဝှေ့ထိုးရသလိုမျိုးပါ။ မမြင်ရတဲ့ ရန်သူကို ရင်ဆိုင်ရမှာဖြစ်လို့ ကလေးတွေ အတော်မျက်နှာငယ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကတော့ ကလေးတွေကို Grammar ကျွမ်းကျင်အောင် တစ်နှစ်လုံး ကြိုးစားပမ်းစားသင်ပေးထားတာမို့ စိတ်မပူပါ။
ကိုယ်တိုင်စိတ်မပူပေမယ့် ကလေးတွေ စိတ်ပူသက်သာအောင် သင်ထားသမျှတွေကို ပြန်ရှင်း၊ ပြန်နွှေးပေးရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ သူတို့လေးတွေစိတ်ထဲမှာ ယုံကြည်ချက်တွေ ရှိလောက်ပြီလို့ ယူဆရမှပဲ ကိုယ်လည်း အသက်၀၀ရှူနိုင်ပါတော့တယ်။ ဒါပေမယ့် နှစ်ယောက်သုံးယောက်လောက်မျက်နှာမှာ စိုးရိမ်ရိပ်လေးတွေတော့ တွေ့နေဆဲပါ။
 
အင်္ဂလိပ်စာဖြေတဲ့ ဒီနေ့မနက်ကတော့ ကလေးတွေကို လိုက်မပို့ဖြစ်တော့ပါ။ စာမေးပွဲပြီးမှပဲ သွားကြိုဖြစ်ပါတယ်။ စောစောထွက်လာကြတဲ့ ကလေးတွေမျက်နှာသိပ်မကောင်းတာ မြင်ရတော့ ကိုယ်ပါသနားမိပါတယ်။ ကိုယ့်ကျောင်းသားတစ်အုပ်ကတော့ အားရ၀မ်းသာ ခုန်ပေါက်ထွက်လာကြပြီး လွယ်လွယ်လေးတွေဆရာလို့ ပွက်ပွက်ညံအောင် မြူးနေကြလို့ ကျန်တဲ့ ကျောင်းသားလေးတွေ အားမငယ်စေချင်တာကြောင့် ခပ်တိုးတိုးလုပ်ကြဖို့ သတိပေးရပါသေးရဲ့။ တကယ်တော့ အင်္ဂလိပ်စာ ခက်ခြင်းလွယ်ခြင်းဆိုတာ ကလေးတွေရဲ့ Grammar စွမ်းရည်နဲ့ပဲ ဆိုင်တာမို့ တစ်နှစ်တာလုံး ဒါကိုပဲ အကောင်းဆုံးပြင်ဆင်ပေးထားတဲ့ ဆရာဖြစ်သူက သိပေမယ့် ကလေးတွေခမျာတော့ မေးခွန်းလွယ်လို့ဖြေနိုင်တယ် ထင်နေကြရှာတာကိုကြည့်ရင်း ရယ်ချင်မိပါသေးတယ်။ ဒါကြောင့် မေးခွန်းလွယ်လို့ ဖြေနိုင်တာ မဟုတ်တာကိုသိအောင် ကျန်တဲ့ကျောင်းသားလေးတွေကို ပြမှပဲ သူတို့ကောင်းကောင်း သဘောပေါက်ကြပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရလာဒ်မျိုးတွေရဖို့ တစ်နှစ်လုံးကြိုးစားပေးခဲ့တဲ့ ဆရာဦးဟန်ကြည်အတွက်တော့ ကိုယ့်ကလေးတွေ ပျော်နေကြတာကို ကြည်နူးပေမယ့် ကျန်တဲ့ကလေးတွေ မျက်နှာငယ်နေတာကို မြင်ရပြန်တော့လည်း သနားစိတ်နဲ့ အပြည့်အ၀မပျော်နိုင်ပြန်ပါ။
 
 အင်္ဂလိပ်စာဖြေကြတာနဲ့ ပတ်သက်ပြီး ကိုယ့်ကျောင်းသူတစ်ယောက်ပြောပြတာတော့ တကယ့်ဂန္ထ၀င်ပါ။ ဆရာတဲ့ သူများကျောင်းသားတွေ စာမေးပွဲခန်းကနေ အူပြီးထွက်လာကြတယ်တဲ့။ ဒါနဲ့ကိုယ်က ညည်းတို့က ဘယ်လိုထွက်လာလဲလို့ မေးကြည့်တော့ သမီးတို့က ဟောင်ပြီးထွက်လာတယ် လို့ အားရပါးရဖြေပါတယ်။ ကြံကြံဖန်ဖန် အတွေးပေါက်လွန်းတဲ့ တပည့်ပါပဲ။
 
မနက်ဖြန်မှာတော့ သင်္ချာဖြေကြပါလိမ့်မယ်။ တစ်နှစ်တာလုံး ဖွတ်ဖွတ်ညက်ညက်ကြေအောင် တွက်ထားခဲ့ပေမယ့် ဒီလိုညမျိုးမှာ ပြန်မနွှေးရင် စာမေးပွဲခန်းထဲမှာ မျက်စိလည်တတ်တာမို့ မပေါ့ဆရဲဘဲ ဂရုစိုက်ပေးနေရပြန်ပါတယ်။ ဒါမှလည်း ကိုယ့်ကျောင်းသူလေးပြောသလို စာမေးပွဲခန်းကအထွက်မှာ မအူဘဲနဲ့ ဟောင်ပြီးထွက်လာနိုင်မယ် မဟုတ်ပါလား။     ။
 

2 comments:

ဝုတ်ဝုတ်ကျောက် said...

ဆရာဟန်...
စာမေးပွဲချိန်မို့ အလုပ်ရှုတ်နေတယ်ပေါ့လေ

မေဓာဝီ said...

ကလေးတွေ စာမေးပွဲပြီးသွားပြီ ထင်တယ်နော် ...
ဦးဟန်ကြည် တပည့်တွေ ဖြေနိုင်ကြရဲ့လားရှင့် ...
အားလုံး အဆင်ပြေ ဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ကြိုက်ရင်ပေါ့လေ . . .