Saturday 12 March 2011

စာမေးပွဲကြားက အားလပ်ရက် . . .

 တက္ကသိုလ်ဝင်တန်း စာမေးပွဲပေါင်းများစွာ ကြုံဖူးတဲ့အထဲမှာ 
ဒီနှစ်စာမေးပွဲကာလကတော့ အရှည်ဆုံးကာလ ဖြစ်မယ်ထင်ပါတယ်။ စာမေးပွဲတွင်းမှာပဲ အားလပ်ရက်တွေ ဝေေ၀ဆာဆာနဲ့ စုစုပေါင်း ၁၁ရက်တိတိကြာတဲ့ ဧရာမ စာမေးပွဲကာလရှည်ကြီးပါ။

အခုလို စာမေးပွဲကာလမှာ အားလပ်ရက်တွေ ညှပ်ပေးထားတော့ ကျောင်းသားတွေ နားနားနေနေနဲ့ အင်ပြည့်အားပြည့် စာမေးပွဲဖြေခွင့်ရကြတာမို့ ကောင်းတဲ့အစီအစဉ်လို့ ဆိုရပါလိမ့်မယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကဆိုရင် တစ်နေ့ကို တစ်ဘာသာနှုန်းနဲ့ ဆက်တိုက်ဖြေလိုက်တာ နောက်ဆုံးဘာသာဖြစ်တဲ့ ဇီဝဗေဒမဖြေခင် ညမျိုးဆိုရင် ကျောင်းသားတွေခမျာ အားကုန်ပြီး ပင်ပန်းကုန်ကြပါပြီ။ အဲဒီညက ကိုယ့်ကျောင်းသားလေးတွေ ဇီဝဗေဒတွေ ကျက်နေကြတဲ့ ပုံကို အခုထိ မျက်စိထဲမှာ မြင်ယောင်နေတုန်းပါ။ လမ်းလျှောက်ပြီး ကျက်တဲ့ကလေးကလဲ လမ်းလျှောက်နေရင်း အိပ်ငိုက်နေလိုက်တာ မမြင်မစမ်းဖြစ်ပြီး တိုင်နဲ့ခေါင်းနဲ့ ဆောင့်တဲ့အထိဆိုပါတော့။ ထိုင်ရင်းစာကျက်နေတဲ့ကလေးကလည်း ဆောင့်ကြောင့်ထိုင်နေရင်းကနေ မကြာမကြာနောက်ပြန်လန်ကျသွားတတ်ပါတယ်။ စာမေးပွဲဆိုတဲ့ အသိကြောင့် ပင်ပန်းနေတဲ့ကြားက အတင်းရုန်းကန်ကြိုးစားနေကြပေမယ့် ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့တာကို ပြနေသလိုပါ။

တကယ်တော့ ကိုယ်တို့တွေလည်း ဆယ်တန်းကျောင်းသားဘ၀က ဒီလိုပဲတစ်ရက်တစ်ဘာသာဖြေပြီး စာမေးပွဲကို ဖြတ်သန်းခဲ့ရတာပါ။ တစ်နှစ်တာလုံး စနစ်တကျ လေ့လာပြင်ဆင်ထားတာဖြစ်လို့ စာမေးပွဲရက်မှာ အလွန်အမင်းပင်ပန်းတာမျိုးမဖြစ်ဘဲ သက်တောင့်သက်သာ ဖြတ်ကျော်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်က ကျောင်းသားတွေကတော့ အချိန်ရရင်ရသလောက် လည်ဖို့ပတ်ဖို့၊ ပျော်ဖို့ပါးဖို့သာ အားသန်ကြတဲ့ကလေးတွေ ဖြစ်တာနဲ့အညီ စာမေးပွဲတွင်းရောက်မှ အိပ်ရေးတွေ အပျက်ခံပြီး လူရော၊ စိတ်ပါ ပင်ပန်းဆင်းရဲကြီးစွာနဲ့ စာမေးပွဲကာလကို ဖြတ်သန်းကြရတာများပါတယ်။

 ဒီနှစ်စာမေးပွဲ အချိန်စာရင်းထွက်လာတော့ အားလပ်ရက်တွေ ဝေေ၀ဆာဆာနဲ့မို့ ကျောင်းသားတွေ သက်တောင့်သက်သာဖြေကြရပြီး စာကြည့်ချိန်ပိုရတာကြောင့် အမှတ်တွေကောင်းကောင်းနဲ့ အားပါးတရဖြေနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုနဲ့ပဲ စာမေးပွဲကာလကို ရောက်လာတော့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ သုံးဘာသာ ဆက်တိုက်ဖြေပြီးလို့ ဓာတုဗေဒ မဖြေခင် တစ်ရက်ပိတ်ပေးလိုက်ချိန်မှာတော့ ကိုယ်တို့မျိုးဆက်သစ်ကလေးတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရလိုက်ပါတော့တယ်။

သင်္ချာဖြေပြီးတဲ့ ၁၂နာရီခွဲလောက်ကစလို့ ကျောင်းသားတွေ အပီအပြင် အနားယူလိုက်၊ အိပ်လိုက်ကြတာ ညနေ ၄နာရီကျော်လောက်ရောက်မှ မျက်ချေးပွတ်ပြီး ထကြပါတော့တယ်။ စာသင်ချိန်ရောက်ပြန်တော့လည်း တစ်ရက်ကျန်ပါသေးတယ် ဆိုတဲ့ အသိက စိတ်ထဲမှာ ရှိနေပြီးသားမို့ အရင်ရက်တွေကလောက် အင်တိုက်အားတိုက် မရှိကြတော့ပါ။ ဆရာဖြစ်သူမှာ ဒီငပျင်းကိုယ်တော်မြတ်တွေကို အတင်းမောင်းရနှင်ရ စိတ်ဓာတ်သွင်းရပါတော့တယ်။ ပိတ်ရက်တစ်ရက်လုံး စာကို ပီပီပြင်ပြင်မကြည့်ခဲ့ကြပေမယ့် ဓာတုမဖြေခင် ညမျိုးရောက်လာပြန်တော့ စာမေးပွဲကို တွေးရင်းကြောက်လာတဲ့ပုံနဲ့ တစ်ညလုံးမအိပ်မနေကြည့်ကြပါတော့တယ်။ စာမေးပွဲကာလမှာ ကျောင်းသားတွေကို စောစောအိပ်ခိုင်းဖို့ မိဘတွေကို မှာထားပေမယ့် ကလေးတွေစာကြည့်နေရင် ပျော်နေ၊ စိတ်ချမ်းသာနေတဲ့ မိဘတွေရဲ့သဘာဝကြောင့် မောင်မင်းကြီးသားလေးတွေ နောက်တစ်ရက်စာမေးပွဲ လာဖြေကြတော့ မျက်တွင်းလေးတွေ ဟောက်ပက်နဲ့ ဖြစ်လာကြပါတော့တယ်။ ဒီပုဂ္ဂိုလ်မြတ်တွေကို နရင်းအုပ်ချင်စိတ်ပေါ်မိပေမယ့် စာမေးပွဲတွင်း ဖြစ်နေတာမို့ ကိုယ့်ဒေါသလေးကို အသာပြန်မြိုချထားရပြန်ရဲ့။

သင်္ချာဖြေပြီးပြန်တော့လည်း 
အခြေခံပညာက ကျောင်းသားတွေကို သက်သာစေချင်တဲ့ စေတနာအပြည့်နဲ့ ရူပဗေဒမဖြေခင်မှာ အားလပ်ရက်နှစ်ရက်တိတိ ရက်ရက်ရောရော ပေးလိုက်ပြန်ပါတယ်။ 
အခွင့်အရေးရရင် ရသလို အလေလိုက်ကြမယ့် ကိုယ်တို့ရဲ့ မျိုးဆက်သစ်တစ်စုလည်း စာမေးပွဲပြီးကတည်းက ၀မ်းသာအားရ အနားယူကြပါတော့တယ်။ ဒါတင်မကသေးဘဲ ညနေပိုင်းကနေစပြီး ညပိုင်းအထိ လက်ဖက်ရည်ဆိုင်မှာ ဖင်ပူအောင်ထိုင်တော်မူကြပြီး စာအကြောင်း၊ ဖွန်အကြောင်းတွေကို အားရပါးရဆွေးနွေးတော် မူကြတာ စာသင်ချိန်လည်းမရောက် အိမ်လည်းပြန်မလာကြလို့ မိဘတွေကိုယ်တိုင် ကိုယ့်ဆီကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မေးယူကြရတဲ့ အထိပါ။ ဒီကြားထဲမှာ တစ်ချို့ကျောင်းသူ၊ ကျောင်းသားများက ညပိုင်းစာသင်ချိန်ပါ ပြေးပြီးအိမ်မှာအားရပါးရ နားတော်မူကြပါသေးတယ်။ သင်ပေးရမယ့် ဆရာခမျာ ကိုယ့်တပည့်တွေကို စာတွေရှင်းပြဖို့အရေး လည်ပင်းရှည်အောင် စောင့်ရပါသေးရဲ့။ ကျောင်းသားတွေ အိမ်ကို ဖုန်းဆက်ပြီးလှမ်းခေါ်ရတာလည်း အကြိမ်ပေါင်းမနည်းပါ။ ကြာရင် ဖိုးသင်ချင်ကြီးလို့ ထင်မှာစိုးရိမ်ရပါသေးတယ်။

အခြေခံပညာက ကျောင်းသားတွေကို စေတနာအပြည့်နဲ့ အားလပ်ရက်ပေးတာမှန်ပေမယ့် ချစ်စွာသော မောင်ပျင်းများကြောင့် အားလပ်ရက်ဆိုတဲ့အတိုင်း အားအားနေ၊ အလေလိုက်ပြီး ဒီနေ့ဆိုရင် တစ်ရက်ကုန်ခဲ့ပါပြီ။ မနက်ဖြန် တစ်ရက်နားပြီးရင် နောက်ရက်မှာ စာမေးပွဲဆက်ဖြေရတော့မှာပါ။ ဖြေရမယ့် ဘာသာရပ်ကလည်း စာတွေရော၊ ပုစ္ဆာတွေများလှ ရှုပ်လှတဲ့ ရူပဗေဒဖြစ်နေတာမို့ အခုဒီစာရေးနေတဲ့ ည၁၀နာရီကျော်မှာ သင်ခန်းစာ တစ်စက်ကျော်ပဲ ပြန်ရှင်းနိုင်ပါသေးတယ်။ မနက်ဖြန်တစ်ရက်လုံး သူတို့အလေလိုက်သမျှ ကာမိ၊ ထေမိအောင် ဆရာဖြစ်တဲ့ ဦးဟန်ကြည်မှာ ခေါင်းပူအောင် ရှင်းပြရဦးတော့မှာကို တွေးရင်း လောလောဆယ်မှာ ရသလောက် ကြုံးသင်ရဦးမှာမို့ ရေးလက်စစာကို လက်စသတ်ပြီး သင်ပုန်းရှေ့မှာ မတ်တပ်ပြန်ရပ်ရပါတော့မယ်။ အင်း...မဆုံးနိုင်သော အမြဲစိမ်းသင်ကြားရေး စံနစ်ပါကလား။     ။

3 comments:

မေဓာဝီ said...

စာမေးပွဲ ပြီးသွားပြီထင်တာ ... မပြီးသေးဘဲကိုး ... ။
အဲလို ကြားထဲက အားလပ်ရက်ကလေးတွေပေးတာ ကျမတော့ သဘောကျတယ်။
ကျမတို့တုန်းက ဆက်တိုက်ဖြေရတာ သိပ်ပင်ပန်းတာပဲ။

ဒါပေမဲ့ ဟုတ်တော့လဲ ဟုတ်ပါတယ် ...
အားလပ်ရက်ရှိနေတော့ စိတ်က နည်းနည်းပေါ့သွားပြီး စာကြည့်တဲ့ အရှိန်လျော့ချင် လျော့သွားနိုင်တာပဲ။
ဆရာဦးဟန်ကြည် တပည့်တွေ အားလုံး ကောင်းမွန်အောင်မြင်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်ရှင် ... ။

Anonymous said...

မေဓါ၊ီဝီပြောသလိုပါဘဲ. တူတစ်ယောက်ဖြေနေတယ်ကြာတးယ် တစ်ည အဒေါ်အိပ်လာအိပ်တယ်ဆိုလို့စာမေးပွဲပြီးသွားပီထင်နေတာ. မပြီးသေးဘူးကို။
kom

တောက်ပကြယ်စင် said...

ဦးဇင်းငယ်ငယ်က စာကျက်တာ ငိုက်လို့လေ ခပ်နောက်နောက် သူငယ်ချင်းတွေက စာအုပ်ကို ပြောင်းပြန်ထားလိုက်တယ်။ ပြီးရင် ဟေ့ ဘုန်းကြီးလာနေပြီဆိုပြီး နှိုးလိုက်ကြတယ်။ အဲဒါနဲ့ စာကြည့်သလိုလို ဘာလိုလိုနဲ့ စာအုပ်ကို ပြောင်းပြန်ကြီး ကိုင်ထားလိုက်တယ်။ ငယ်အကြောင်းကို ပြန်သတိရမိလို့ ဆရာ့ကို ပြောပြတာပါ။ ကျန်းမာပျော်ရွှင်ပါစေ...

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger