Saturday 19 March 2011

ဈေးဝယ်ထွက်ခြင်း . . .

ဒီလကုန်မှာ ပုဂံနဲ့ နေပြည်တော်ကို ခရီးထွက်တဲ့အခါသုံးဖို့ 
ကင်မရာကောင်းကောင်း ၀ယ်ချင်တာကြောင့် နေ့လည်က မဲ့ဆောက်ကို ဈေးဝယ်ထွက်ဖြစ်ပါတယ်။ မဲ့ဆောက်ကို နှစ်ခေါက်ပဲရောက်ဖူးတာကြောင့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာလည်း တိတိကျကျမသိပါ။ ဘာပဲဖြစ်ဖြစ် ပါးစပ်ပါရွာရောက်တာမို့ အိမ်ရှင်မနဲ့ တပည့်ကျော်တစ်ယောက်ခေါ်ပြီး သွားလိုက်ပါတယ်။

မဲ့ဆောက်ဈေးတန်းပါ...

မဲ့ဆောက်ဈေးကိုရောက်တော့ ကင်မရာတွေ ဘယ်ဆိုင်မှာရှိလို့ရှိမှန်း မသိတာကြောင့် ဟိုဆိုင်ဝင်၊ ဒီဆိုင်ထွက်နဲ့ နှစ်နာရီကျော်ကျော်လောက် တလည်လည်ဖြစ်နေပါတော့တယ်။ နံမည်ကြားဖူးထားတဲ့ ဟုံလုံဆိုင်(ကားသမား ယိုးဒယားကတော့ “ဟုံလုံး”လို့ အသံထွက်ပါတယ်) သွားကြည့်ပြန်တော့လည်း ကင်မရာလေးငါးလုံးလောက်ပဲ တွေ့ပါတယ်။ လိုချင်တဲ့ အမျိုးအစား မဟုတ်တာကြောင့် နေပူကြဲကြဲမှာ သုံးယောက်သား ခြေတိုအောင် ဆက်သွားကြရပါတော့တယ်။ ဆိုနီပစ္စည်းတွေရောင်းတဲ့ ဆိုင်ကိုဝင်ကြည့်မိပြန်တော့ ကင်မရာတစ်လုံးကို ဘတ်၁၅၀၀၀ကျော်ကျော်(မြန်မာငွေ ၄သိန်းခွဲကျော်ကျော်) ဖြစ်နေတာကြောင့် ဟန်ကိုယ့်ဖို့လုပ်ရင်း ခပ်တည်တည်ပြန်ထွက်ခဲ့ရပါတယ်။ သဘောကောင်းလှတဲ့ ယိုးဒယားဆိုင်ရှင်တွေပါ။ မွှေချင်သလောက်မွှေပြီး အကြိုက်မတွေ့လို့ မ၀ယ်ရင်လည်း ပြုံးပြုံးရွှင်ရွှင်ပါ။ အင်း...ကိုယ်တို့ဆီမှာဆိုရင် ဈေးမေးပြီး မ၀ယ်ရင် အဆဲမခံရတောင် အနည်းဆုံးပါးစပ်က ပွစိပွစိလုပ်ပြီး မျက်စောင်းထိုးခံရမှာလောက်တော့ သေချာပါရဲ့။

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တလည်လည်သွားကြည့်ရင်း လိုချင်တဲ့ ပစ္စည်းတွေတွေ့ပေမယ့် ကင်မရာဝယ်ဖို့ ရည်ရွယ်ချက် အကောင်အထည်မပေါ်မချင်း ကျန်တာမ၀ယ်ရဲသေးတာကြောင့် ခပ်တည်တည်ပဲ
Window shopping လုပ်ရပါတော့တယ်။ လိုချင်လျက်နဲ့ ငွေကိုချင့်ချိန်ရင်း မ၀ယ်ရတဲ့ဝဋ်က တော်တော်ကြီးလှပါတယ်။ ကိုယ်က ဈေးဝယ်ထွက်ရင် လိုတာထက်တော်တော်များများ ပိုထည့်သွားတဲ့ အကျင့်ရှိပေမယ့် ခရီးသွားဖို့စရိတ်နည်းသွားမှာစိုးတဲ့ အိမ်ရှင်မက လိုတာထက်နည်းနည်းပဲ ပိုထည့်ခဲ့တာကြောင့် လိုချင်တာလေးတွေတွေ့ရင် ငေးရုံပဲ ငေးခဲ့နိုင်ပြီး
မြင်သာမြင်ရ မကြင်ရမောင့်မှာဘ၀နဲ့ ယောင်ချာချာလည်ရပါတော့တယ်။

Mini mart တစ်ခုမှာ ထုံးစံအတိုင်း တောင်ငေးမြောက်ငေးလုပ်ရင်း စာရေးမတစ်ယောက်ကို ကင်မရာတွေ ရောင်းတဲ့ဆိုင် လမ်းညွှန်ခိုင်းမိတော့ သဘောကောင်းလှတဲ့ စာရေးမက ဆိုင်ပြင်ထွက်ပြီး လက်ညိုးတွေထိုးရင်း သုံးလေးဆိုင်လောက်ကို အားရပါးရ လမ်းညွှန်ပါတော့တယ်။ သူပြောတဲ့ ဆိုင်တွေထဲကမှ အနီးဆုံးနဲ့ အကြီးဆုံးဖြစ်မယ်ထင်တဲ့ ဆိုင်ကို ကိုယ့်ဖာသာ အာရုံသိနဲ့ ဆုံးဖြတ်ပြီး သုံးယောက်သား သွားကြပါတယ်။ 

အတော်အသင့်ကြီးတဲ့ electronic store တစ်ခုတွေ့တော့မှ ၀မ်းသာအားရနဲ့ ဆိုင်ထဲဝင်ကြည့်ရပါတယ်။ ကင်မရာ အမျိုးအစားပေါင်းများစွာ ခင်းကျင်းထားတာဖြစ်လို့ စိတ်တိုင်းကျကြည့်ခွင့်ရပါတယ်။ ဒါပေမယ့် လိုချင်တာနဲ့ ကိုယ်မှန်းထားသလောက်နဲ့ သဟဇာတဖြစ်အောင် စဉ်းစားရတာလည်း တဒုက္ခဖြစ်ရပါသေးရဲ့။ ကင်မရာတစ်လုံးကြည့်လိုက် ကြိုက်လို့ဈေးကြည့်လိုက်ရင် ဘတ်၁၂၀၀၀ကျော်တွေဖြစ်နေလိုက်နဲ့ ခေါင်းမူးအောင် ရှာပြီးမှ ကိုယ်အဆင်ပြေမယ့် ကင်မရာတွေ့ပါတော့တယ်။ Mega pixels 14 ပါတဲ့ Lumix နဲ့ Sony Cyber Shot နှစ်လုံးကို ယှဉ်ကြည့်ပြီး ပိုကောင်းမယ်ထင်တဲ့ Lumix ကိုပဲ မျက်စိစုံမှိတ်ရွေးဖြစ်ပါတယ်။ ဘတ် ၇၀၀၀(မြန်မာငွေ ၂သိန်းကျော်ကျော်)ဆိုတော့ ကိုယ်သုံးဖို့ စိတ်ကူးထားတဲ့ ပမာဏဖြစ်နေတာမို့ နည်းနည်းစိတ်အေးရပါတယ်။ ဒါပေမယ့် ပါလာတဲ့ ဘတ်ငွေက မလောက်တာကြောင့် တပည့်ကျော်ကို အပြင်ပြန်လွှတ်ပြီး ဘတ်ငွေ အလဲခိုင်းရပြန်ပါသေးတယ်။ တပည့်ကျော်ကို စောင့်ရင်းနဲ့ ဆိုင်ထဲလျှောက်ကြည့်ကြရင်း Bravia LCD flat TV ကြီးတွေကို သွားရည်ကျခဲ့ပါသေးတယ်။ ဒါပေမယ့် တစ်လုံးကို ဘတ်၂သောင်းကျော် ၃သောင်းကျော်ဆိုတော့ မလိုအပ်ဘဲ ငွေအများကြီး အကုန်မခံတဲ့ ကိုယ့်မူကြောင့် စိတ်နောက်ကို ကိုယ်မပါဖြစ်တော့ပါ။ အသင့်တွေ့တဲ့ DVD ခွေလွတ် ၁၀ခွေပါ တစ်ဗူး (ဘတ်၁၈၀) ပဲ ထပ်ဝယ်ဖြစ်ပါတယ်။
ဝယ်ပြီဆိုတာနဲ့ ကုမ္ပဏီအရောင်းစာရေးက နံမည်နဲ့ ဖုန်းနံပါတ်ကို အာမခံစာရွက်မှာ ဖြည့်ဖို့ပြောလို့ ဖြည့်ပေးရပါတယ်။ ကိုယ်ကလည်း ယိုးဒယားစာ မဖတ်တတ်တာကြောင့် သူပြတဲ့နေရာတွေမှာ သူခိုင်းတာတွေ ရေးပေးလိုက်တာပါ။ ကောင်တာမှာ ငွေရှင်းတော့ ဖြတ်ပိုင်း(ဘာတွေရေးထားတယ်မသိပါ)မှာ လက်မှတ်ထိုးရပါတယ်။ ဖြတ်ပိုင်းလက်ခံကို သူတို့ယူထားပြီး မူရင်းကို ကိုယ့်ပြန်ပေးပါတယ်။ ကင်မရာအတွက် လက်မှတ်ထိုးရတာ မထူးဆန်းပေမယ့် ဈေးပေါပေါ DVD ခွေလွတ် တစ်ဗူးအတွက်ပါ လက်မှတ်ထိုးရတော့ စေ့စပ်သေချာလှတဲ့ သူတို့လုပ်ပုံကိုင်ပုံကို ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။

 
ပဲပင်ပေါက်လိုရေးထားတယ်...
 
Lumix ဆိုလား...
 အစမ်းရိုက်...
ကင်မရာဝယ်ပြီးပြန်တော့ စီမံကိန်းအတိုင်း Neck Tie ၀ယ်ဖို့ ရှာရပြန်ပါတယ်။ တောမြို့ကလေးဖြစ်တဲ့ မဲ့ဆောက်မှာ Neck Tie အသုံးနည်းလို့ ဖြစ်ပါလိမ့်မယ် နာရီဝက်ကျော်ကြာအောင် လှည့်ပတ်ရှာပေမယ့် Neck Tie နဲ့တူတဲ့ ကြောင်လျှာသီးတောင် ရှာမတွေ့ပါ။ ဈေးသည်တစ်ယောက် အကြံပေးတဲ့အတိုင်း နံမည်ပဲကြားဖူးထားတဲ့ Land Fair ကုန်တိုက်ကို သွားရပါတယ်။ မရောက်ဖူးတဲ့ နေရာဖြစ်တာကြောင့် ထုံးစံအတိုင်း ဆိုက်ကားငှားစီးရတော့ ဈေးကနေ အဲဒီကုန်တိုက်အထိ တစ်ယောက်ကို ဘတ်၂၀ပေးရပါတယ်။ ဆိုက်ကားသမားက ထုံးစံအတိုင်း တည့်တည့်သွားရင်ရောက်တဲ့ခရီးကို တစ်လမ်းကျော်ကနေ ပတ်သွားပါတော့တယ်။ အပြောကတော့ ၀င်လို့မရလို့ပါတဲ့။ ဘာပဲဖြစ်ဖြစ် လိုက်ပို့တာပဲ ကျေးဇူးတင်ရပါသေးတယ်။

တစ်ဦးတည်းသောသားပါမချန်ရိုက်ကြည့်တယ်
အားမရလို့ ထပ်ရိုက်တယ်...
ဆိုင်ရောက်လို့ Neck Tie တွေ တွေ့တာနဲ့ ၀မ်းသာအားရ ရွေးနေမိတာ ဈေးပြန်ကြည့်မိမှပဲ ခေါင်းကြီးရပါတော့တယ်။ Arrow တံဆိပ် Tie တစ်ချောင်းကို ဘတ်၁၀၀၀ဆိုတော့ မြန်မာငွေ ၃၀၀၀၀ကျနေပါပြီ။ ဒီလောက်သေးသေးလေးကို ဈေးကြီးကြီးပေးပြီး မ၀ယ်ချင်သေးတာကြောင့် နောက်ကောင်တာတစ်ခုကို ပြောင်းရှာတော့မှ Roman တံဆိပ်တွေ့ပါတယ်။ ဒါတောင် တစ်ချောင်းကို ဘတ်၇၂၀ပါတဲ့။ ဒါမှ မ၀ယ်ရင်လည်း ပြန်ရုံပဲ ရှိတော့တာမို့ ရွေးစရာ နည်းနည်းထဲက စိတ်ကြိုက်ရွေးယူခဲ့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မှာတုန်းကလို Tie တစ်ချောင်း ၄၀၀၀၀ကျော်လောက် မများသေးတာပဲ ၀မ်းသာရပါသေးတယ်။ တကယ့် High Boss ဆိုရင်တော့ Tie တစ်ချောင်းကို ငါးသောင်းလည်း ပတ်ချင်ပတ်နိုင်သလို Coat တစ်ထည်ကို နှစ်သိန်းလည်း ၀တ်ချင်ဝတ်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို မတုနိုင်သေးတာမို့ ကိုယ်ဝယ်လာတာလေးကိုပဲ ကိုယ်ကျေနပ်ရင်း အိမ်ပြန်အရောက်မှာ Neck Tie လေး အစမ်းတပ်လိုက် Camera လေးနဲ့ တခြောက်ခြောက် စမ်းရိုက်လိုက်နဲ့ သဘောတွေ့ မနောခွေ့နေမိပါကြောင်း။     ။

5 comments:

khin oo may said...

ပုံလဲမပါဘူး။ ဟူး.. (ကျိတ်ခွေ့မနေနဲ့လေတင်ပြမှပေါ့)။

နံကထိုင် ကျောက် said...

ဟင်း...သူလဲ နှစ်ကျပ်ခွဲရောဂါ စပြီ...
ဟုတ်ပါ့ ဂျီးတော်ရာ..ပုံလဲမပါဘူး..

ahphyulay said...

အော်....
ဒါကြောင့် ကိုး ..။
ယိုးဒယားမှာရောက်နေတာကိုး..။
ကျေးဇူးပါပဲဗျာ။
၎ ရက် တစ်ကြိမ်လောက်တော့ တင်ဖြစ်တယ်လေ။
အရင်က ကိုယ်တိုင်ရေးများပဲ ရေးနေရင်းက အမောဖောက်လာလို့  အကြိုက်ဆုံး
ဝတ္ထုလေးကို ပြန်ရေးဖြစ်တာပါ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်သား
နက်တိုင်လေးပါပြရမှာ
အဲ နက်တိုင်လေး စည်းထားတဲ့ပုံလေးပါ တင်လိုက်ရင် ပိုပြည့်စုံသွားမယ်လေ ဟိဟိ
သရဲမကြောက်တတ်ပါဘူးလို့း)

Han Kyi said...

ညနေ၃နာရီလောက်မှရောက်ပြီးတော့ ၅နာရီလောက်မှာ ကသုတ်ကရက်ပြန်ရတာမို့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်ဖြစ်လို့ပါ သုံးလေးပုံလောက် ရိုက်လာတာလေးတွေ တင်မယ်လုပ်ပြန်တော့လည်း ကွန်နက်ရှင်က သိပ်မကောင်းတာကြောင့် ပုံတောင်မတင်ဖြစ်ဘူး ဖြစ်သွားတယ် ပရိသတ်က (ခဲနဲ့ပစ်ဖို့လားတော့မသိ)တောင်းဆိုပေမယ့် ကိုယ့်ပုံကိုယ်တင်လိုက်ရင် ကိုယ့်ကိုယ်ကိုဖော်တဲ့ မသူတော်ဖြစ်မှာစိုးတာကြောင့် အရင်ပို့စ်တွေက ပုံတွေတောင် ပြန်စစ်ပြီး ဖြုတ်ထားဖြစ်တယ် အင်း တစ်ပုံနှစ်ပုံလောက်တော့ တင်ပေးမှ အပြောခံရသက်သာမှာမို့ ပြန်တင်လိုက်ပါတယ်ဗျား

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger