Friday 25 March 2011

လာခြင်းကောင်း၏၊ မကောင်း၏ . . .

ငလျင်တဲ့...

မကြားချင်ဆုံး သတင်းဆိုးကြီးပါ။ မနေ့ညကပဲ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေ၀သဆိုဒ်ကို သွားဖတ်ကြည့်ပြီး ရာသီဥတု ခန့်မှန်းသတင်းတွေ လေ့လာမိတယ်။ ဒီနေ့မနက်ရောက်တော့ ငလျင်သတင်းကြားရပါရောလား။ အသေအပျောက်သတင်းတွေလည်း ကြားနေရပါပြီ။ ကမ္ဘာကြီးဖျားနေပြီလား။

မရေရာသော မြေကမ္ဘာ...

အချိန်နဲ့တပြေးညီ သတင်းတွေတင်ပေးနေတဲ့ eleven media group  ကျေးဇူးကြောင့် သတင်းတွေ အဆက်မပြတ်ရပါတယ်။ ဒီဆိုဒ်ကို နာရီဝက်တစ်ခါလောက် ပြေးကြည့်နေမိပါတယ်။ တာချီလိတ်တို့ဘက်မှာ အသိမိတ်ဆွေတွေ မရှိပေမယ့် အဲဒီဒေသမှာနေကြတဲ့လူတွေကို သနားမိ၊ ကိုယ်ချင်းစာမိပါတယ်။ စဉ်းစားကြည့်ပါ မြေကြီးဆိုတာ လူသားတွေ အားကိုးရတဲ့ အခိုင်မာဆုံး၊ အတည်တံ့ဆုံးအရာပါ။ ဒီလောက်ခိုင်မြဲတဲ့ အရာတစ်ခုက မတည်မြဲဘဲ ဖောက်ပြန်သွားတာ ဘယ်လောက်များကြောက်ဖို့ ကောင်းလိမ့်မလဲ။ ရေကြီးတယ်ဆိုရင် တောင်ပေါ်တက်ပြေးလို့ရပါတယ်။ မုန်တိုင်းတိုက်တယ်ဆိုရင် ခိုင်ခိုင်ခန့်ခန့်အဆောက်အဦထဲမှာ ခိုနေရင် လွတ်ပါတယ်။ ဒါပေမယ့် အခုလို ငလျင်လှုပ်တာမျိုးကြတော့ ဘယ်မှာမှ ပြေးလို့မလွတ်တော့ပါ။ တကယ့်ကို ပြေးစရာမြေမရှိဖြစ်ရပါပြီ။

ဒါတောင် ပင်လယ်နဲ့မနီးတဲ့ဒေသမှာ ငလျင်လှုပ်လို့ပါ။ ပင်လယ်အောက်ခင်းကြမ်းပြင်မှာများ ငလျင်လှုပ်လို့ကတော့ နောက်ထပ်ဆူနာမီတစ်ခု ထပ်လာပါလိမ့်ဦးမယ်။ အစစအရာရာ သူများနဲ့တန်းတူဖြစ်ဖို့ အားယူနေရတဲ့ ဒီအချိန်ကာမျိုးမှာ ကိုယ့်တိုင်းသူပြည်သားတွေ ဘာမှမဖြစ်စေချင်ပါ။ ဘာကြောင့်လဲဆိုရင် ဒီလိုအခြေအနေမျိုးမှာ မြန်မာ့စိတ်ရင်းကို ကွက်ကွက်ကွင်းကွင်းကြီး မြင်ရလွန်းလို့ပါပဲ။ ငလျင်ကြောင့် တိုက်တွေတာတွေ၊ အိမ်တွေ ပြိုကြ၊ ပျက်ကြတယ်ဆိုတာ ကြားတာနဲ့ ကုန်သည်ကြီးများက အိမ်ဆောက်ပစ္စည်းတွေကို အဆင်သင့်ဝယ်ပြီး စုဆောင်းထားကြပါလိမ့်မယ်။ လှူဖို့တန်းဖို့လို့ မထင်စေချင်ပါ။ မဆောက်မဖြစ် အိမ်ပြန်ဆောက်ကြရရှာမယ့် ငလျင်ဒဏ်သင့်မိသားစုတွေကို ဈေးမြင့်မြင့်တင်ပြီး ရောင်းပေးဖို့ ရည်ရွယ်ချက်ကြီးနဲ့ဖြစ်ပါတယ်။ မျက်ဖြှူဆိုက်လေ ဆရာကြိုက်လေပါပဲ။ တောမီးမလောင်ခင်က တောကြောင် လက်ခမောင်းခတ်နေကြပါလိမ့်မယ်။ များမကြာမီ ပြိုကျပျက်စီးသွားတဲ့ တိုက်တွေနေရာမှာ ပျဉ်ထောင်အိမ်တွေအစားဝင်၊ ပျဉ်ထောင်အိမ်တွေနေရာမှာ ထရံကာဓနိမိုးအိမ်တွေ အစားဝင်ကြရရှာပါလိမ့်မယ်။ အစစအရာရာ ရှားပါးနေတဲ့ကာလကြီးမှာ ကိုယ်တို့လူမျိုးတွေအတွက် တစ်ပူပေါ်တစ်ပူမဆင့်စေချင်တော့ပါ။


ပြန်ဆောက်နိုင်ဖို့ ကူညီစို့...
ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်။ အဲဒီပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် သစ်ပင်ပေါ်ကနေ တစ်ပြိုင်တည်းပြုတ်ကျကြပါသတဲ့။ တစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီး ပြုတ်ကျကြတော့ အောက်ကသူငယ်ချင်းက ပွဲချင်းပြီးသေသွားပြီး အပေါ်ကတစ်ယောက်ကတော့ ပေါင်ကျိုးသွားပါသတဲ့။ အဲဒီမှာ ပေါင်ကျိုးတဲ့တစ်ယောက်က သေတဲ့တစ်ယောက်ကိုကြည့်ပြီး “သူငယ်ချင်းရေ...မင်းက သေသာသေသွားတယ် ငါလောက်မနာပါဘူးကွာ” လို့ အော်ငိုပါသတဲ့။ အခုလည်း အိုးပျက်အိမ်ပျက်နဲ့ ဒုက္ခဆင်းရဲကြီးစွာကျန်ရစ်ရှာမယ့် အဲဒီဒေသသားတွေပါးစပ်က “မင်းတို့က သေသာသေသွားတာပါကွာ ငါတို့လို ဘ၀မပျက်ပါဘူး” လို့ မြည်တမ်းသံတွေထွက်လာရှာမယ့် အရေးကို တွေးမြင်ယောင်၊ ကြားယောင်နေမိရင်း စိတ်မထိန်းနိုင်အောင် ၀မ်းနည်းနေမိပါတော့တယ်။

ဘာပဲဖြစ်ဖြစ်...
ဒီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကိုယ်တို့တိုင်းသူပြည်သားတွေအားလုံး တက်ညီလက်ညီ ၀ိုင်းဝန်းကူညီထောက်မကြရင်း “မြန်မာ့စိတ်ရင်း၊ ကူညီခြင်း” ဆိုတဲ့ ရှေးအစဉ်အလာကို ထိန်းသိမ်းဖို့ ကြိုးစားကြရင်ဖြင့် ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ ကိုယ်တို့ရဲ့ ၀ံသာနုရက္ခိတ တရားတွေကို ပြန်လည်ဖုန်သုတ်အရောင်တင်ရာ ရောက်မှာမို့ ငလျင်အလွန် ကိုယ်တို့တိုင်းပြည်လည်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ခြေလှမ်းသစ်တွေ မြင်နိုင်လာမယ်လို့ တွေးမိပါတယ်။ ဒါကြောင့် အပျက်အစီးတွေ သေဆုံးမှုတွေကို ထိုင်ကြည့်ကြရင်း သနားစိတ်၊ ကရုဏာစိတ်ဝင်ဆိုတဲ့ လက်ငင်းသုံးလို့မရနိုင်တဲ့ ဗြဟ္မစိုရ်တရားလေးတွေ အသာဘေးချိတ်လို့ တတ်နိုင်သမျှ ကူညီထောက်ပံ့မှုတွေ စတင်သင့်လှပါရဲ့လေ။


“ တာချီလိတ် ”
ငလျင်တဲ့လေ
မြေလွှာတုန်ဟီး  မြေကြီးအက်ကွဲ
သည်းအူပြတ်အောင်  လှိုင်းခတ်တုန်ခါ
မြေကမ္ဘာရဲ့ ကြေကွဲခန်း...

ငလျင်တဲ့လေ
နေရာထိုင်ခင်း  ပျက်ယွင်းဖောက်ပြန်
ရပ်တည်ရန်ခက်  အသက်ဆုံးရှုံး
ယူကြုံးမရ  ဘ၀အိုးအိမ်
စည်းစိမ်ပျက်စီး
သောကမီးတွေဝေမျှသူ...

ငလျင်တဲ့လေ
စိတ်မဖြေနိုင်  တွေဝေမှိုင်ငေး
အတွေးတုန်လှုပ်  ရုတ်ရုတ်သဲသဲ
ကြေကွဲခန်းဖွင့်  ရွေးချယ်ခွင့်မဲ့
ဝင်ရောက်ခဲ့တဲ့ ကမ္ဘာနာ...

ငလျင်တဲ့လေ
ကမ္ဘာမြေပြင်  တုန်ယင်အက်ကွဲ
မခေါ်ဘဲလာ ကမ္ဘာနာမို့
ဖြေသာနိုင်လည်း  လူ့စိတ်ထဲတွင်
ငလျင်လောဘ  ၀ိသမတို့
လှိုင်းထလှုပ်ရှား  သနားမဲ့ကင်း
ရိုင်းမိုက်ခြင်းတို့  လက်ငင်းယူဆောင်
လူ့ဘောင်ခြေမွ  တောကြောင်ထဖို့
ရှေ့ကနှိုးဆော်  လမ်းပြသော်ကား
ရမ်းကားလွန်း၍  ယုတ်ညံ့သည်...

သြော်...
ကိုယ့်ပြည်ကိုယ့်ရွာ  ကိုယ့်အနာကို
ကြင်နာယုယ  ကုသဖို့ဝေး
ကိုယ်ကျိုးတွေးသည့်  ကိုယ့်သွေးကိုယ့်သား
လောဘသားတို့  သနားစိတ်ဝင်
လူစိတ်ပြင်အောင်  ရှေ့ဆောင်လမ်းပြ
ငလျင်စသော်
  တော်ပါဘိခြင်း  ငလျင်မင်း ။    ။

ဟန်ကြည်
၂၅.၃.၂၀၁၁(သောကြာနေ့)
ည ၉:၂၀နာရီ

ပုံတွေကိုတော့ eleven media group ကနေ screen shot ရိုက်ပြီးယူထားပါတယ်...

5 comments:

ခနွဲ said...

ဝမ်းနည်းစွာနဲ့ လာဖတ်သွားပါတယ်ခင်ဗျ။

khin oo may said...

http://www.mandalaygazette.com/45011/arts-humanities/languages-literature

တောက်ပကြယ်စင် said...

ဟာ စိတ်မကောင်းစွာပဲ ဒကာတော် ဦးဟန်ကြည်ရေ၊ ဘယ်နှယ့်လုပ်ရပါ့...(အော်...ဒကာကြီးရေ ဒကာကြီးပြောတဲ့ဆောင်းပါးမျိုးလေ ကြိုးတော့ ကြိုးစားကြည့်ပါဦးမယ် နည်းနည်းရှုပ်တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးမှ ရေးရမယ့်အနေအထားမျိုးဖြစ်နေတယ်၊ ဒကာကြီးအနေနဲ့ အချိန်ပေးပြီး ခမန့်လာပေးတဲ့အတွက်လည်း တကယ့်ကို ကျေးဇူးတင်ပါတယ်) ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

ကိုထွဋ် said...

စိတ်မကောင်းစွာဖြင့်ဖတ်သွားပါတယ် အကိုရေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘာဝဘေးအန္တရာယ်ကျရောက်မှုက ခုနောက်ပိုင်း တအားစိတ်လာသလိုဘဲ
ကမ္ဘာအနှံ့မှာ ကပ်ဘေးတွေ တွေ့နေရတယ်.. ကမ္ဘာကြီးရဲ့ ကျန်းမာရေးက တကယ်ကို ချို့ယွင်းနေခဲ့ပြီ။
အချိန်မှီ ဆေးကုသလို့တောင် မှီပါဦးမလား မသိ။
ကမ္ဘာမြေကြီး နေကောင်းကျန်းမာ ရှိပါစေလို့ဘဲ ဆုတောင်းမိပါတယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger