Friday 7 May 2010

ဘယ်သူ့ကို အရင်ဖွင့်ပေးမလဲ . . .

ဒီနေ့ online တက်ဖို့ iGoogle homepage ကို ဖွင့်လိုက်တော့ joke of a day လေးတစ်ခုပို့ထားတာ တွေ့ရတယ်။

“မင်းမိန်းမက အိမ်ရှေ့တံခါးကို ခေါက်ရင်းတံခါးဖွင့်ပေးဖို့ အော်နေတယ်။ မင်းရဲ့ခွေးက အိမ်နောက်တံခါးကို ကုတ်ခြစ်ရင်း အိမ်ထဲဝင်ချင်လို့အော်နေတယ်။ ဘယ်သူ့ကို အရင်ဖွင့်ပေးမလဲ”တဲ့Justify Full
ရှေ့ဆက်မဖတ်ဖြစ်သေးဘဲ ခဏစဉ်းစားလိုက်မိသေးတယ်။ ဘယ်သူ့ကို အရင်ဖွင့်ပေးရမလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်။
Ladies first ဆိုပြီး ဥက္ကဋ္ဌကြီးကိုပဲ အရင်ဖွင့်ပေးရမလား ...
သနားစရာ တိရစ္ဆာန်ကိုပဲ အရင်ဖွင့်ပေးရမလားပေါ့...

ဒါနဲ့ ဆက်ဖတ်ကြည့်လိုက်တော့ ခွေးကို အရင်ဖွင့်ပေးတာပဲ ကောင်းမယ်တဲ့။ ဘာကြောင့်လဲဆိုရင်
ခွေးက အိမ်ထဲရောက်ရင် အော်တာရပ်သွားမယ်တဲ့၊ မိန်းမကတော့ အိမ်ထဲရောက်လည်း ဆူတာ၊ အော်တာ ရပ်ဦးမှာ မဟုတ်ဘူးတဲ့။ တွေးကွက်ကလေးလှလွန်းတာကို သဘောမကျဘဲ မနေနိုင်ဘူး။ တကယ်လည်း ဟုတ်တယ်လေ။ မိန်းမတို့တတ်အပ်တဲ့ အဋ္ဌာရဿတွေထဲမှာ ပူညံပူညံလုပ်ခြင်းဆိုတာ နံပါတ်တစ်နေရာက ပါတယ်မဟုတ်လား။

ကိုယ်တိုင်က မဟာပုရိသ၀ါဒကို လက်ကိုင်ထားတဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မညာတမ်းပြောရရင် ပူညံပူညံလုပ်တာရယ်၊ စိတ်ကောက်တာရယ်၊ အတင်းပြောတာရယ်ကို မြိန်ရေရှက်ရေ လုပ်တတ်တဲ့ မိန်းမတွေကိုတော့ မျက်စိစပါးမွေးစူးလေ့ရှိပါတယ်။

အများအားဖြင့် မြန်မာနိုင်ငံမှာက ပညာတတ်အမျိုးသမီးဦးရေက ရာခိုင်နှုန်းနည်းပါသေးတယ်။ ဒီဘက်ခေတ်ရောက်မှ ဘွဲ့ရပညာတတ်အမျိုးသမီးတွေ ပေါ်လာတာပါ။ ၄၀ကျော်တန်းတွေထဲမှာဆိုရင် ပညာတတ်ပိုရှားပါသေးတယ်။ ဒီတော့လည်း ဒီအမျိုးသမီးတွေဟာ -
တစ်ယောက်တည်းရှိရင် တရေးအိပ်...
နှစ်ယောက်ရှိရင် အတင်းပြော...
သုံးယောက်ရှိရင် ရန်ဖြစ်...
ဆိုတဲ့ မြန်မာ့ဣတ္ထိယကျင့်ဝတ်တွေနဲ့အညီ နေကြတာပိုများပါတယ်။

အခုလိုရေးတော့ အမျိုးသမီးတွေကို နှိမ်တယ်လို့လည်း မထင်စေချင်ပါ။ လူတန်းစားခွဲတာ၊ လိင်ခွဲခြားတာကို ကိုယ်တိုင်ကလည်း ရွံတတ်မုန်းတတ်သူပါ။ ပြောချင်တာက နိုင်ငံတကာက အမျိုးသမီးတွေလို ကိုယ့်မြန်မာအမျိုးသမီးတွေကိုလည်း တိုးတက်စေချင်လွန်းလို့ပါ။ ခေါင်းထဲမှာ သူများအကြောင်းတွေ အလေးခံ ထည့်ထားမယ့်အစား ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းတွေကို ပဲထည့်စေချင်ပါတယ်။ ဘေးလူတွေ ဘာလုပ်နေကြသလဲဆိုတာ အာရုံစိုက်နေကြမယ့်အစား ကိုယ်ဘာလုပ်မလဲဆိုတာပဲ တွေးစေချင်ပါတယ်။ တကယ်တော့ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာ အမျိုးသမီးတွေ၊ မိခင်တွေရဲ့လက်ထဲမှာ ရှိနေတာပါ။ သားသမီးဆိုတာ အမေတွေရဲ့ပဲ့ပြင်ဆုံးမမှုတွေနဲ့ပဲ ကြီးပြင်းကြရတာမဟုတ်ပါလား။
ပညာမတတ်ပေမယ့် အသိဥာဏ်ရင့်သန်တဲ့ အမေတွေရဲ့ဆုံးမမှုအောက်မှာ လူလားမြောက်ရတဲ့ သားသမီးတစ်ယောက်ဟာ တော်တည့်မှန်ကန်တဲ့ သားကောင်းသမီးကောင်းတွေဖြစ်လာမှာ မလွဲပါ။

အမျိုးသမီးတွေကို မိခင်လိုသဘောထားပြီးလေးစားသူဖြစ်တာကြောင့် သူတို့ကို မကောင်းဘူး ပြောရင် သိပ်တော့မကျေနပ်ပါ။ ဒါပေမယ့် တစ်ခါတစ်ခါ မိန်းမတွေရန်ဖြစ်နေကြတာ၊ သန်းတုတ်ရင်း အတင်းပြောနေကြတာတွေ တွေ့ပြန်တော့လည်း ပြောခံရတာ နည်းတောင်နည်းသေးတယ် ထင်မိပါတယ်။
တကယ်ဆိုရင် ခွေးထက်တော့ ဦးစားပေးခံရပြီး တံခါးအရင်ဖွင့်ပေးတာခံရအောင် ကြိုးစားသင့်တယ် မဟုတ်လား။

ဒါကြောင့် တိုင်းပြည်တိုးတက်ဖို့ဆိုရင် မိခင်ဖြစ်တဲ့ အမျိုးသမီးတွေကိုလည်း အသိအမြင်ကျယ်လာအောင် ပြုပြင်ပေးသင့်တယ်လို့ စဉ်းစားမိပါတော့တယ် ။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger