Saturday 22 May 2010

ဘာကြောင့် blog ရေးဖြစ်နေတာလဲ ?

စာရေးနေရင်း တစ်ခုသွားတွေးမိတယ်။ ဘာကြောင့်ဒီ blog ကို ရေးနေမိတာပါလိမ့်လို့။

အသစ်အဆန်းတစ်ခုအနေနဲ့ စမ်းသပ်ချင်လို့လား
အင်း...နဲနဲတော့ ပါမယ်ထင်တယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ တိုးတက်နေတဲ့နည်းပညာတွေကို တို့ထိခံစားချင်တဲ့ ဆန္ဒကတော့ ရင်ထဲမှာအပြည့်ရှိနေတဲ့ အာသီသပါ။

အပေါင်းအသင်းများများရချင်လို့လား
ဒါတော့ဟုတ်မယ်မထင်ဘူး။ ကိုယ်တိုင်ကအပြင်မှာတောင် သိပ်အပေါင်းအသင်းရှိတာမဟုတ်ဘူး။ လူများများနဲ့ ထိတွေ့ဆက်ဆံရတဲ့ ဘ၀မျိုးကို သိပ်တော့မြတ်နိုးလှတာမဟုတ်တော့ ဒီအချက်ကတော့ မဖြစ်နိုင်ဘူး။

နာမည်ကြီးချင်လို့လား
ဒါလည်းမဖြစ်နိုင်ဘူး။ နာမည်ကြီးလို့ အနေကျုံ့ရတဲ့ဘ၀မျိုး သိပ်မုန်းတာ။ ကိုယ့်ရဲ့ပုဂ္ဂလိကဘ၀ကို သိပ်တန်ဖိုးထားတတ်သူဖြစ်လို့ ရှိနေပြီးသား အနေအထားမျိုးထက်တော့ ပိုမလိုချင်ရိုးအမှန်ပါ။

စာရေးရတာကို ၀ါသနာပါလို့လား
ဒါတော့သေချာတယ်။ ဘာစာပဲဖြစ်ဖြစ် ရေးနေရမှ ကျေနပ်တဲ့ဝါသနာကရှိနေပြီးသား။ ဘာမှရေးစရာ မရှိရင်တောင် လက်ရေးလှထိုင်ကျင့်နေတတ်တဲ့သူပဲလေ။ ဒါကြောင့်လဲ နေ့စဉ်လိုလို Post တင်ဖြစ်နေတာပေါ့။

ဆရာလုပ်ချင်လို့လား
အသက်မွေးဝမ်းကျောင်းကိုက သူများမသိတာကို သိအောင်လုပ်ပေးရတဲ့ဘ၀ဆိုတော့ အကျင့်တော့ နည်းနည်းပါမယ်ထင်တယ်။ ငယ်ငယ်ကတည်းက ကိုယ်သိတာလေးတွေကို သူများသိအောင်ပြောပြချင်တဲ့ ၀ါသနာကတော့ အပြည့်ရှိခဲ့တာလေ။ ဒါကိုဆရာလုပ်တယ်တော့ နံမည်မတပ်ချင်ပါဘူး။ ဝေငှပေးချင်တာလို့ပြောရင်ကောင်းမယ်။

ကြွားချင်လို့လား
ဒါလည်းမဟုတ်တာသေချာတယ်။ ဘာကြောင့်လဲဆိုတော့ အတွင်းစိတ်မှာကိုက ပတ်ဝန်းကျင်ကို သိပ်မစဉ်းစားတတ်တာ ဆိုတော့လေ။ ဆိုလိုတာက သူများတွေကိုယ့်ကို ဘာပြောပြော သိပ်မခံစားတတ်တာ ပြောတာပါ။ တော်တယ်ပြောပြော၊ ညံ့တယ်ဆိုဆို ရင်မခုန်တတ်တဲ့သူဆိုတော့ ကြွားချင်စိတ်မရှိတာတော့ သေချာတယ်။

စာရေးဆရာဖြစ်ချင်လို့လား
ဒါလည်းမဟုတ်သေးဘူး။ စာရေးဆရာဖြစ်ချင်ရင် ကျောင်းသားဘ၀မှာတည်းက ကဗျာတွေ၊ ၀ထ္ထုတိုတွေကို မဂ္ဂဇင်းတွေမှာပါအောင်ကြိုးစားခဲ့မှာပေါ့။ စာရေးတာကိုဝါသနာပါတာနဲ့ စာရေးဆရာဖြစ်ချင်တာနဲ့က တခြားစီပဲ မဟုတ်လား။ ကိုယ်ရေးတဲ့စာကို သဘောကျတဲ့သူတွေဆီပို့ပေးရတာကိုပဲ ပိုပြီးအားသန်တဲ့သူလေ။ နဂိုကမှ မာနနည်းနည်းကြီးတဲ့သူဆိုတော့ ကိုယ့်စာကို အယ်ဒီတာတွေလက်ထဲထည့်ပြီး သူတို့ရွေးတာကို ထိုင်စောင့်နေရတာမျိုးကို ဘယ်လိုမှခံစားလို့မရဘူး။

အင်း...နောက်ဆုံးစာရင်းချုပ်ကြည့်လိုက်ရင် ဒီ blog ကိုရေးဖြစ်နေတာ စာမရေးရရင် မနေနိုင်တဲ့ဝါသနာရယ်၊ ကိုယ်သိတာ ကိုယ်ခံစားရတာလေးတွေကို သူများသိအောင်ပြောချင်တဲ့အကျင့်ရယ်၊ တိုးတက်နေတဲ့ နည်းပညာကို တို့ထိခံစားချင်တဲ့ အခြေခံစိတ်ရင်းရယ်ကြောင့်ဖြစ်မယ်လို့ ကိုယ့်ဖာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

ဒီလိုဆိုတော့လည်း ကိုယ်သိပ်မဆိုးပါဘူးလို့ သုံးသပ်လိုက်မိတယ်။ မတတ်နိုင်ဘူးလေ။ လောကမှာ ကိုယ်ပိုင်တာ ကိုယ်ပဲရှိတာမို့လား။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို ကိုယ်တိုင်မှမမြတ်နိုး၊ တန်ဖိုးမထားရင် ဘယ်သူက လာပြီးတန်ဖိုးထားမှာလဲ။ ဘာပဲပြောပြော ဒီ blog လေးကို ရေးနေရတာကိုပျော်တယ်။ ကျေနပ်တယ်လေ။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger