Sunday 9 May 2010

စလေဦးပုည၏ တေးထပ်များ ၂

စလေဦးပုညရဲ့ ပီပြင်ပြောင်မြောက်လွန်းတဲ့ အရေးအသားကို ဖော်ဆောင်နိုင်တဲ့ တေးထပ်အချို့ကို ထပ်ပြီးတင်ပြလိုက်ပါတယ်။ လွယ်ကူ ရှင်းလင်းပြီး ထိရောက်တဲ့ အရေးအသားကို လေ့လာကြည့်ကြပါစို့။


အသားတော် အရောင်ထွက်တာက

မှောင်နက်လို့မဲညို

ထောင်ထွက်နဲ့မကွဲလိုတယ်

သရဲဆိုဇာတိ ။

ခံတွင်းကထုတ်ဖော်လျှင်

အာပုတ်စော် ထိုးလှပါဘိ ။

သူ့ပါးစပ်အပြီးပေတယ်

သွားချီး(ကြေး)တွေအပြည့် ။

အနီးလေလွန်မကြည့်ချင်ဘု

ရွံစလိကြောက်ဖွယ် ။

ဘုတ်တစ္ဆေရုပ်ရည်ကျအောင်

ဗြုတ်တွေကပေါလိုက်လှတယ် ။

ကိုယ်နံ့က ခွေးသူငယ်လို

မွှေးပေတယ် မသတီပျို့အောင်လို့

ညှီစို့စို့ လင်းတစော်

နည်းတူရဲ့နော် ။

ဂျီး(ကြေး)ထူချက် ရှစ်ထပ်ကျော်အောင်

ညစ်ပတ်တော်မူလွန်းလှလေး ။


ဒီတေးထပ်ကို ထမင်းစားနေရင်းများဖတ်မိရင် ထမင်းတောင်ဆက်စားချင်စိတ်ရှိတော့မယ် မထင်ပါ။ စက်ဆုတ်ရွံရှာစရာ ကောင်းလောက် အောင် ရေးသားထားတာမို့ ရသမြောက်လွန်းတဲ့ တေးထပ်ဖြစ်ပါတယ်။


သူပြောင်ရင် ခေါင်ကွန့်လို့

ကြောင်ဝံ့တဲ့သူပါ ။

ရှောင်မတွံ့ကျောက်သော်မာရင်

နောက်တော်ပါသံချောင်း

ပြော့မယ်ပ ညီလွယ်ရင်

ရွှေဆီဝယ်ချက်တဲ့ဖယောင်း ။

အိုးတော်ကပဲ့ပိန်ရင်

ရွဲ့လိမ်လိမ်စလောင်း ။

သူချိုရင် ကြံချောင်းပ

ဉာဏ်ံစောင်း၍ခါးမူ

တမာပင်ထိပ်ဖျားက

ကြက်ဟင်းခါးသီးနိုင်တဲ့လူ ။

သူမဲကမှောင်ကူမယ်

သူဖြူရင်ဖြူချင်းပ ။

ကြင်ချင်းကြင်မယ်ဆို

ကိုးဆလောက်ပို ။

ဆိုးကြစို့တကယ်ဆိုရင်

ဓားပြဗိုလ်လုပ်နိုင်ငဲ့လေး ။ ။


တေးထပ်ဆိုပေမယ့် သူတပါးကို ကန်ကျောက်ရေးဖွဲ့ရတဲ့ ရကန်သဘောမျိုးပါ ပါနေတဲ့ တေးထပ်တစ်ပုဒ်ပါ။ ရကန်ဆန်သောတေးထပ် လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ရကန်လို သူတပါးကို အတင်းနင်းနှိပ်ပြီး ရေးထားတဲ့ သဘောမျိုးတော့ မတွေ့ရပါ။ အတွေးရော၊အရေးပါ သွက်တဲ့ တေးထပ်တစ်ပုဒ်ဖြစ်ပါတယ်။ဒီတေးထပ်တွေကတော့ စကားပြေပြန်စရာမလိုအောင် ရှင်းရှင်းလင်းလင်းရှိတာမို့ ပြန်မပေးတော့ ပါ။ မြန်မာမှု၊ မြန်မာစာပေကို မြတ်နိုးသူများ ကျေနပ်နိုင်ကြပါစေ။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger