Saturday, 15 May 2010

ရင်ထဲကလည်း အညာသား . . .

အညာကိုလွမ်းလိုက်တာ...
ရေငန်သောက် မျက်ခြောက်စားတဲ့ အညာသား၊ အသားမည်းမည်း ကျောပြောင်ပြောင်နဲ့ ဖိနပ်မစီးတတ်တဲ့ အညာသား၊ စကားပြောရင် အော်ကျယ်အော်ကျယ်နဲ့ အားရပါးရပြောတတ်တဲ့ အညာသား၊ အဆဲကလေးနဲ့မှညှပ်မပြောရရင် ခံတွင်းမလိုက်တတ်တဲ့ အညာသား၊
ပြောချင်သလိုပြောကြပါစေတော့။
ရင်ထဲမှာ အညာမှာမွေး၊ အညာသွေးနဲ့လူဖြစ်၊ အညာလေကိုတစ်ဝကြီးရှူလို့ ကြီးပြင်းခဲ့ရတာကို ကျေနပ်ဂုဏ်ယူတယ်။ အညာအကြောင်းပြောနေရရင် ရင်ထဲမှာ ကြည်နူးတယ်။ အညာက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအကြောင်းကြားရရင် ရင်ခုန်တယ်။ ဟုတ်တယ်လေ ဒါဟာအညာသားပါပဲ.....

အညာမှာနေတုန်းကတော့ ပူပြင်းတဲ့အညာနေ၊
တထောင်းထောင်းထနေတဲ့ ဖုန်လုံးကြီးတွေကို ကြည့်ရင်းငြီးငွေ့စရာကောင်းလိုက်တာလို့ တွေးမိခဲ့တာသတိရသေးတယ်။ အခုတော့လည်း အဲဒီမြင်ကွင်းတွေကိုမြင်ရဖို့
မိုင်ရာချီသွားရမယ့် ဒေသမှာ မပျော်လည်းနေပျော်လည်းနေရတဲ့ ဘ၀။ ဖုန်လုံးကြီးတွေနဲ့ ပူပူလောင်လောင်အညာနေလုံးကြီးကို အဝေးကနေအလွမ်းပိုရုံကလွဲလို့ ဘာများတတ်နိုင်တော့လို့လဲ...

တကယ်တော့မြန်မာစစ်စစ်ကြီးတွေဆိုတာ အညာသူအညာသားတွေပါ။
မြန်မာ့ယဉ်ကျေးမှုဟာ အညာမှာနောက်ဆုံးထွန်းကားခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်လက်အောက်ကို အောက်မြန်မာပြည်ထက် နှစ်ပေါင်း၄၀ကျော်လောက်နောက်ကျမှ ရောက်ခဲ့တာဆိုတော့ အနောက်တိုင်းယဉ်ကျေးမှုကူးစက်ခံရတာ နှစ်ပေါင်း ၄၀ နောက်ကျတယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုနေရာမျိုးကျတော့ ခေတ်နောက်ကျတာပဲ ကောင်းပါရဲ့။ ပြီးတော့ မြန်မာ့နောက်ဆုံးမင်းဆက်ဟာ အညာမှာပဲ ကျန်ခဲ့တာပါ။ အညာကိုအမွှမ်းတင်လွန်းလို့ အညာသူအညာသား ကျွန်မဆွေမျိုးများကို ရေးတဲ့ ဆရာမ ခင်ခင်ထူးကိုများ အားကျရော့သလားလို့ထင်ကြရင်လည်း မတတ်နိုင်တော့ပါ။
အညာသားရဲ့ အညာအလွမ်းဆိုတာ ဘယ်အရာကမှတားလို့ရတဲ့အရာမှ မဟုတ်ဘဲ။

တကယ်တော့ အထက်အညာ၊ အောက်အကြေလို့ရှေးလူကြီးသူမတွေက အမှတ်သညာပြုထားကြလို့သာ ခေါ်နေကြတာပါ။ မြန်မာပြည်ရဲ့ဘယ်အပိုင်းကစလို့ အညာဖြစ်သွားမှန်းမသိရတာတော့ အမှန်ပါ။
ဘာပဲပြောပြော ကိုယ့်အထက်မှာနေသူဆိုရင်တော့ ခပ်လွယ်လွယ် အညာကလူလို့ခေါ်လိုက်ကြတာပါပဲ။ ကိုယ်တို့မျိုးဆက်ဆင်းသက်ခဲ့တဲ့ဒေသတော့ အဲဒီလိုအငြင်းပွားစရာမလိုတဲ့ မြန်မာပြည်အတက်ပိုင်းကရွှေဘိုနယ်ပါ။ တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ပြီး အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးလက်နက်နိုင်ငံဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အလောင်းမင်းတရားဦးအောင်ဇေယတို့ရဲ့နယ်၊ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲရဲ့ အထင်ရှားဆုံးစစ်မှူး စစ်သူကြီးမဟာဗန္ဓုလရဲ့ဇာတိ ဒီပဲရင်းနယ်တို့နဲ့ တစ်စပ်ထဲပါ။ မိဘဘိုးဘွားတွေကအစ မှတ်မိသမျှမျိုးဆက်တစ်ခုလုံးက အဲဒီဘက်နယ်ကချည်းပါပဲ။ ဒါကြောင့်လဲ ကိုယ့်မှာ မတရားတာမြင်ရင် မခံမရပ်နိုင်ဘဲ ဆိုင်ဆိုင်မဆိုင်ဆိုင်ဝင်ဖြေရှင်းချင်စိတ်ရှိနေတာပေါ့လေ။

ကိုယ့်ဇာတိမြေကို ခင်တွယ်ကြသူတွေထဲမှာ အညာသားများက အကဲဆုံးထင်ပါရဲ့။
ဘာကြောင့်လဲဆိုရင် သူ့မြို့ကိုယ့်မြို့အကောင်းပြိုင်ကြရင်း အငြင်းပွားကြရာကနေရန်ထဖြစ်ကြတယ်ဆိုတာ အညာမှာပဲကြားရနိုင်တဲ့ သတင်းမျိုးပါ။ ရူးတယ်ပြောချင်ပြော ကိုယ်ကိုယ်တိုင်လည်း အညာအကြောင်းမကောင်းပြောသံကြားရင် စိတ်ကတော့ တစ်ချက်တည်းတိုသွားလေ့ရှိပါရဲ့။ပညာနဲ့ ဂုဏ်သိက္ခာက အချိန်မီထိန်းပေးနေလို့သာ ဘာပြဿနာမှ မဖြစ်တာပါ။ ဒါကြောင့်လည်း သူများတွေက အညာသားတွေ တော်တော်အစွဲကြီးတယ်လို့ ထောပနာပြုတာခံရတာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အညာသားတို့ကတော့ သွားကြီးပေါ်အောင်ပြုံးရင်း ကျေကျေနပ်နပ်ကြီးခံယူလျက်ပါ။ ကြိုက်သလိုပြောကြပါစေ။ အညာသားတွေက အညာကို သိပ်ချစ်ကြတာဆိုတဲ့ စကားလေးတစ်ခွန်းထဲနဲ့ အားလုံးကိုပြုံးပြဖို့ဝန်မလေးပါ။ အဲဒီလောက် အစွဲကြီးတဲ့ အညာသားတွေကိ ပြောမယုံ ကြုံမှသာသိကြမှာပါ။

ကိုယ်ကတခုတ်တရအမွှမ်းတင်လေ့ရှိပေမယ့် တကယ်တော့ အညာဆိုတာ တခြားနယ်သားတွေအတွက်တော့ ရင်ခုန်စရာကောင်းမယ်မထင်ပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်နေရာကြည့်ကြည့် ထန်းပင်ကြီးတွေမိုးတိုးမတ်တတ်၊ ခြုံပင်လေးတွေ ပုပျတ်ပျတ်ကလွဲလို့ ဘာမှမရှိဘဲကိုးလေ။ ရွာတွေရွာတွေကြည့်ရင်လည်း ဖုန်လုံးတွေတထောင်းထောင်းနဲ့နေတဲ့အပြင် လူတွေကြည့်ပြန်ရင်လည်း တောက်တောက်ပပမရှိကြဘူးဆိုတော့ အပြင်ပန်းအရကြည့်ရင် ဘယ်လိုမှုမလှပတဲ့ ဒေသပါ။

ဒါပေမယ့် အညာရဲ့အလှဆိုတာ အပြင်ပန်းမှာရှာလို့မရနိုင်ပါ။
အညာသားတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာပဲရှိတာပါ။

ကြုံရာဘ၀မှာကျသလိုနေတတ်တဲ့ စိတ်ဓာတ်၊ အလွယ်တကူ ခင်မင်ရင်းနှီးတတ်တဲ့ စိတ်ဓာတ်၊ ဧည့်သည်ကိုချစ်လွန်းဦးစားပေးလွန်းတဲ့ ဓလေ့၊ သူတပါးကိုကူညီချင်တဲ့ စိတ်ဓာတ်၊ မဟုတ်ရင်မခံချင်တဲ့ စိတ်ဓာတ်...၊ ဒါတွေဟာ အညာသားတွေရဲ့ရင်ထဲက အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ ဘယ်တော့မှလည်း ပျောက်သွားမှာမဟုတ်တဲ့ မြန်မာ့အမွေတွေပါ။

ရင်ထဲမှာ ဂုဏ်အယူဆုံးကတော့ အညာသားတွေရဲ့
ခြေနှစ်ချောင်း၊ လက်နှစ်ဘက်ရှိရင် ဘယ်တော့မှ မငတ်ဘူးဆိုတဲ့
ဘာမထီစိတ်ဓာတ်ပါ။ ယောကျာ်းပီသပြီး၊ လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးလို့ ကိုယ့်ကိုယ်ကိုအားကိုးတတ်တဲ့ ရင်ထဲကစိတ်ဓာတ်ကို အထင်းသားကြီးဖော်ပြနေတဲ့
အဲဒီစကားကို ကိုယ်တိုင်လည်းမကြာမကြာသုံးပါတယ်။ အဲဒီလို ပြောလိုက်ရတိုင်းလည်း ရင်ထဲမှာ ယုံကြည်ချက်တွေပိုပိုပြီးခိုင်မာလာတယ်လို့ခံစားရပါတယ်။

ဘ၀အခြေအနေကြောင့် အညာမြေ၊ အညာရေ၊ အညာလေနဲ့ ဝေးခဲ့တာ နှစ်ပေါင်းတော်တ်ာကြာပါပြီ။ မမြင်နိုင်တဲ့ ကံကြမ္မာကြောင့် မွေးရပ်အညာကို ပြန်ရောက်ချင်မှရောက်တော့မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ရင်ထဲကလည်း အညာသား၊ အပြင်ပန်းလည်း အညာသားအဖြစ်နဲ့ ဂုဏ်ယူဝမ်းမြောက်ရင်း ခြေနှစ်ချောင်း၊ လက်နှစ်ဘက်ရှိရင် မငတ်ဘူးကွလို့ နေ့စဉ်ကြွေးကြော်နေဖြစ်မှာကတော့ သေချာနေပါရဲ့လေ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger