Sunday, 16 May 2010

ပကတိမိုး . . .

မနေ့ညနေက မိုးရွာပါတယ်။

မိုးရွာတာများ အဆန်းလုပ်ပြောနေရသေးတယ် မထင်ပါနဲ့။ မြို့ကလေးမှာ မိုးမရွာတာ ခြောက်လကျော်တောင် ကြာနေပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှစပြီး ညနေပိုင်းတွေမှာ တိမ်သားလေးတွေစမြင်ရတာပါ။ ရွာမလို၊ ညိုမလိုနဲ့ အုံ့ပုံးလုပ်နေခဲ့တာ မျှော်ရသူတွေလည်း စိတ်မရှည်နိုင်လောက်အောင်ပါပဲ။ မနေ့ညနေ ၃ နာရီလောက် ကမှ ဆိုင်းမဆင့်၊ဗုံမဆင့် ရွာချပါလေရော။ တိမ်တွေဘာတွေ မညိုတော့ဘဲ ရုတ်တရက်ကြီးရွာလိုက်တာဆိုတော့ အံ့သြ၀မ်းသာဖြစ်ကြရပါတယ်။ ၁၅ မိနစ်သာသာလောက်ပဲ ခပ်ဖွဲဖွဲလေးရွာတဲ့မိုးဖြစ်ပေမယ့် မိုးမမြင်ရတာ ကြာနေပြီဆိုတော့ အထူးအဆန်းကြီးလိုဖြစ်နေပါရော။

မမြင်တာကြာတဲ့မိုးက သိပ်လှနေပါလား။

ရင်ထဲမှာ မိုးနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်းပဲ ခံစားသွားရတာမို့ ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။ ခံစားကြည့်ပါ...


ပကတိမိုး...

မျှော်လိုက်ရတာ
ရွာမယ့်ရွာတော့
မာယာမရှိ
ပကတိမိုး...

လျှပ်စစ်မပြို
တိမ်မညိုဘဲ
ဖွဲဖွဲစွေရွာ
မာယာမရှိ
ပကတိမိုး...

မြို့ကလေးမှာ
ခြောက်လကြာမှ
တစ်ခါတစ်ခေါက်
အကြိုထောက်တဲ့
ဖြိုးဖျောက်ညင်သာ
မာယာမရှိ
ပကတိမိုး...

ကာလရှည်ကြာ
ပျက်ကွက်ပါ၍
ရှက်ရှာသည်ထင့်
ဆိုင်းမဆင့်ဘဲ
ဖော်လည်းမပါ
မာယာမရှိ
ပကတိမိုး...

ဖြူလွမိုးစက်
ဖြန်းပက်ညင်သာ
ကောင်းကင်ပြာရဲ့
ကဗျာတစ်ပုဒ်
ကနုတ်နရီ
ရာသီတော်ဖွင့်
ခွန်းဆင့်ထံတျာ
မာယာမရှိ
ပကတိမိုး...

မျှော်လိုက်ရတာ
ရွာမယ့်ရွာတော့
မာယာမရှိ
ပကတိမိုး
ရင်သို့တိုးဝှေ့
မမေ့တော့နိုင်
မြေနံ့ကြိုင်သင်း
ချစ်ခြင်းသူ့ထံ
မနက်ဖြန်ပါ
သွန်းဖြိုးရွာဖို့မျှော်ဦးမည်။ ။


ဟန်ကြည်
၁၆।၅.၂၀၁၀(တနင်္ဂနွေနေ့)
ည ၁၁।၃၀ နာရီ


No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger