Friday, 21 May 2010

ဦးသုမောင်မှ ဆင့်ပွားအတွေး. . .

လွန်ခဲ့တဲ့ နှစ်ရက်က အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဦးသုမောင်ဆုံးသွားပါတယ်။

မြန်မာ့အနုပညာလောကအတွက် အစားထိုးမရနိုင်တဲ့ နောက်ထပ်ဆုံးရှူံးမှုတစ်ခုလို့ခံစားရပါတယ်။
ဘာကြောင့်လဲဆိုရင် မြန်မာမှု၊ မြန်မာစာပေနဲ့ မြန်မာ့ဂီတကိုတမြတ်တနိုးနဲ့ ထိန်းသိမ်းထားကြတဲ့ အနုပညာရှင်တွေနည်းပါးနေရတဲ့ကြားထဲမှာ အဆိုတော်၊ သရုပ်ဆောင် ဦးဇော်ဝမ်းကို အရင်ဆုံးရှူံးလိုက်ရတာပါ။
သင်္ကြန်ကာလတစ်လျှောက်လုံး ဦးဇော်ဝမ်းကို သတိတရနဲ့ရှိနေရင်း ကျန်တဲ့ပညာရှင်တွေ ကျန်းမာပါစေကြောင်း ဆုတောင်းကတော့ မပြည့်ခဲ့ဘူးလို့ဆိုရမှာပါ။

ဦးသုမောင်ကို သရုပ်ဆောင်တစ်ယောက်ဆိုတာထက်
စာရေးဆရာတစ်ယောက်အဖြစ်ပိုနှမြောတာပါ။ အမျိုးတွေအကြောင်းကို မခြွင်းမချန်ရေးတဲ့ “မျိုးရိုးထဲကဆိုးပေကြီးများ” ဇနီးသည်အတွက်ရည်စူးပြီးရေးတဲ့ “အေးဘုံကပြောပါသည်” သမီးအတွက်ရေးတဲ့ “သမီးစိုးအိမ်သူသို့အိတ်ဖွင့်ပေးစာ” လိုစာမျိုးတွေဖတ်ဖို့ အခွင့်အရေးကုန်သွားပြီ ဆိုတဲ့အသိက ပိုပြီးစိတ်မကောင်းဖြစ်မိပါတယ်။ စာရေးရင်လေပြည်လေးနဲ့ရေးတတ်တဲ့ ဦးသုမောင်ရဲ့ အရေးအသားလေးတွေကိုဖတ်ရတာ ရင်အေးပါတယ်။
ဘာစာပဲရေးရေး စေတနာလေးနဲ့ရေးတတ်တဲ့ ဦးသုမောင်ပါ။ လူငယ်တွေသူလိုမမှားရအောင်“အရက်သမားအမှားတစ်ကုဋေ”လိုစာမျိုးနဲ့
ကိုယ့်အမှားတွေကို လူကြားထဲ ရဲရဲဝံ့ဝံ့ချပြရဲတဲ့ စာရေးဆရာမို့လည်း ပိုပြီးနှမြောပါတယ်။

ဦးသုမောင်လိုစာမျိုးရေးတဲ့ စာရေးဆရာမျိုးတွေ သိပ်မကျန်တော့ဘူးဆိုပေမယ့် ကျန်သင့်သလောက်တော့ ကျန်ပါသေးတယ်။ အဆိုးဆုံးကတော့ ဦးသုမောင်လို မြန်မာသံကို ဆိုမယ့်ပညာရှင်မကျန်တော့တာပါပဲ။
သားဖြစ်တဲ့ ဖိုးသောကြာက မြန်မာသံဆိုနိုင်တယ်ဆိုပေမယ့် ပညာပိုင်း၊ ၀ါပိုင်းမှာ အများကြီးလိုပါသေးတယ်။ ပြီးတော့ သူကသရုပ်ဆောင်ဘက်ကို အားသန်နေသူဆိုတော့ သူ့ကိုသိပ်မျှော်မှန်းလို့ မရပါ။ အသက် ၅၀ တန်းထဲကမြန်မာသံအမျိုးသားအဆိုရှင်မကျန်တော့တာကြောင့် ၃၀ကျော်တန်းတွေကိုကြည့်တော့ ပိုဆိုးပါတယ်။

ဗညားဟန်တို့ ပိုင်သက်ကျော်တို့ဆိုတာတွေက မြန်မာသံထက် ကျေးလက်တေးဘက်ကို ပိုပြီးနွယ်တဲ့ အဆိုရှင်တွေပါ။ ဒါကြောင့် မြန်မာသီချင်းဆိုကြမယ့် အမျိုးသားအဆိုရှင်တွေပေါ်
လာအောင်ဘယ်လို မြေတောင်မြှောက်ဖော်ထုတ်ပေးရမလဲဆိုတာ ၀ိုင်းစဉ်းစားရပါတော့မယ်။ ခေတ်ပေါ်သီချင်းတွေက တစ်စတစ်စအားကောင်းလာနေပါတယ်။ အဆိုရှင်အသစ်တွေလည်း ဖောချင်းသောချင်းပေါ်နေပါတယ်။
ဒါပေမယ့်...
မြန်မာသံဘက်ကတော့ လောက်လောက်လားလား တစ်ယောက်မှမထွက်ပါ။
ဆရာစန္ဒယားချစ်ဆွေကစလို့ တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်ကုန်ကြပါပြီ။ သဘာဝအရ ကြွေချိန်တန်ရင်ကြွေရတာ မဆန်းပေမယ့် သူတို့နေရာကို အစားထိုးနိုင်မယ့် မျိုးဆက်မရှိတော့တာ စိတ်မကောင်းစရာပါ။ မြန်မာသံမြန်မာဟန်ကို ပီပီပြင်ပြင်ထိန်းသိမ်းနိုင်တဲ့ အဆိုရှင်ရယ်လို့တစ်ယောက်မှ မမြင်မိတော့ပါ။ နောက်တက်မြန်မာသံအဆိုရှင်တွေဆိုတာလည်း အသံထက်ရုပ်ကို
ပိုဦးစားပေးနေကြတာတွေ့ရပါရဲ့။

တကယ်တော့မြန်မာ့ဂီတဆိုတာ လွယ်မယောင်နဲ့ခက်တဲ့ပညာရပ်ဖြစ်ပါတယ်။
ဂီတာတီးသင်ရင် ၃လလောက်ဆိုရင်ကောင်းကောင်းတတ်သွားနိုင်ပေမယ့် စောင်းတီးသင်ရင်တော့ နှစ်နဲ့ချီပြီးသင်တာတောင်တတ်ဖို့အာမမခံပါ။ ပိုးသာကုန်၊မောင်ပုံစောင်းမတတ် ဆိုတဲ့စကားပုံကို စဉ်းစားကြည့်နိုင်ပါတယ်။ သဘင်လောကမှာတော့ လူငယ်ထဲမှာ ဖိုးချစ်တို့လို မျိုးဆက်သစ်လေးတွေရှိနေတော့ တိုးတက်လာဖို့လမ်းစမြင်နိုင်ပါသေးတယ်။ ဆိုင်းလောကမှာလည်း မျိုးဆက်အလိုက်
လက်ဆင့်ကမ်းအမွေပေးကြတဲ့ အလေ့အကျင့်ကြောင့် သိပ်တော့မစိုးရိမ်ရပါ။ အဆိုလောကမှာတော့လိုအပ်ချက်တော်တော်ကြီးမားနေပါပြီ။

နောက်တက်လူငယ်တွေကလည်း ပေါ်ပင်ဂီတကို ပိုတန်ဖိုးထားလာကြသလို လူလတ်ပိုင်းကလည်း လောက်လောက်လားလား အဆိုရှင်မရှိတာကြောင့် မကြာခင်မှာမြန်မာ့ဂီတပျောက်ကွယ်သွားမယ့် အရေးနဲ့ရင်ဆိုင်နေရပါပြီ။ ထုတ်လုပ်သူတွေဘက်ကလည်းစီးပွားရေးသမားတွေပီပီ ငါးပွက်ရာပဲငါးစာချလေ့ရှိကြတာမို့ Rap တွေ Hip Hop တွေသာ လှိုင်လှိုင်ထွက်နေပါတယ်။

တကယ်ဆိုရင် ဂီတနှစ်ခုဟာ ညီတူညာတူ တိုးတက်လာရမှာပါ။ မြန်မာ့ဂီတကို လူငယ်တွေဘာကြောင့် အားမပေးကြသလဲဆိုတော့ မြန်မာ့ဂီတရဲ့ကောင်းကွက်တွေကို မသိကြလို့ပါ။ ကောင်းတာကို ကောင်းမှန်းသိအောင်လုပ်ပေးဖို့က ပညာရှင်တွေရဲ့တာဝန်ပါ။ အခုတော့ အဲဒီပညာရှင်တွေ ကိုယ့်မျက်စိအောက်မှာတင် တဖြုတ်ဖြုတ်နဲ့ ကြွေလွင့်ကုန်ကြတာကို ထိုင်ကြည့်နေရင်း တဖြည်းဖြည်းရင်မောလာရပါတယ်။

လူငယ်တွေကပြောပါတယ်။ အရင်သီချင်းတွေက Date out သွားပြီတဲ့။ ဘာလုပ်တော့မှာလည်းတဲ့ အသစ်တွေကမိုက်တာတဲ့။ ကောင်းပါပြီ။ ရှေးကျသွားလို့ ပစ်ရစတမ်းဆိုရင် ကိုးကွယ်နေကြတဲ့ ဘာသာတွေကိုပစ်ပြီး ကိုယ့်ဖာသာကိုယ် ဘာသာသစ်ထောင်ပြီး ကိုးကွယ်ကြပါတော့လို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတွေရဲ့သက်တမ်းက နှစ်ပေါင်း ၃၀၀၀ နီးပါးရှိကြပြီဆိုတော့ Date out ကုန်ရောပေါ့ ဂီတ၊ အနုပညာနဲ့ ဘာသာတရားရဲ့အနှစ်သာရကို သက်တန်းနဲ့ဆုံးဖြတ်တာပါ။ သက်တန်းရင့်လေ ပိုပြီးခိုင်မာလေဆိုတာကို ဒီဘက်ခေတ်လူငယ်တွေသိအောင်တော့ လုပ်ပေးဖို့လိုနေပါပြီ။ နှလုံးသားနဲ့ဆိုင်တဲ့ အရာတွေဟာ ကာလကြာလေတန်ဖိုးမြင့်လေဆိုတာကို လူငယ်တွေသိလာအောင် အချိန်မီမလုပ်နိုင်ကြရင်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာ နောက်ထပ်နှစ် ၅၀ ကြာရင်ရှိတော့မှာမဟုတ်ပါ။

အခုတော့ မြန်မာ့ဂီတကို မြတ်နိုးကြတာ တောနေလူတန်းစားတွေပဲကျန်တော့မယ်ထင်ပါတယ်။ မြို့နေလူတန်းစားအများစုကိုယ်တိုင်က မြန်မာသံတွေကို တောကျတယ်လို့ယူဆနေကြပြီကိုး။
၃၀ ကျော်တန်းတွေ ပါးစပ်ကပါ Yo Yo ဆိုတာတွေကြားနေရတဲ့ မြို့ပြတွေဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ်မြန်မာ့ဂီတကို မြတ်နိုးကြတဲ့ ကျေးလက်နေလူတန်းစားကို ဗဟိုပြုပြီး မြန်မာ့ဂီတကို ပြန်ဦးမော့လာအောင်လုပ်ရင်တော့ ရပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့ဂီတပြန်လည်ဦးမော့လာဖို့ ကျန်ရစ်ကြတဲ့ ပညာရှင်ကြီးတွေရော မြန်မာ့ဂီတကို မြတ်နိုးကြသူတွေပါ တက်ညီလက်ညီဝိုင်းကြိုးစားကြပါစို့လား။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger