Thursday, 13 May 2010

ကိုယ့်နောက်ကွယ်မှာ . . .

လူ့ဘ၀ဆိုတာ တကယ်ကိုရခဲလှတဲ့ အရာတစ်ခုပါ။ ဗုဒ္ဓဘာသာအလိုအရပဲဖြစ်ဖြစ်၊ သမ္မာကျမ်းစာ အလိုအရပဲဖြစ်ဖြစ် လူ့ဘ၀ကို ရဖို့မလွယ်ဘူးဆိုတာ အတိအလင်းဖော်ပြထားတာကို တွေ့နိုင်ပါတယ်။ ဗုဒ္ဓဘာသာအယူဝါဒ အရဆိုရင် ရခဲလှတဲ့ ခဲယဉ်းကြီးတွေတဲမှာ လူအဖြစ်ကို ရဖို့ခဲယဉ်းတယ်ဆိုတာ ပထမဆုံးခဲယဉ်းကြီးပါ။ သမ္မာကျမ်းစာအလိုအရကြည့်ရင်လည်း ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားရှင်ဟာလူသားဆိုလို့ အာဒမ်နဲ့ဧ၀နှစ်ယောက်သာ ဖန်ဆင်းတော်မူခဲ့တာပါ။ အကောင်းဆုံး ဥပမာ ပြရရင်တော့ အိမ်တစ်အိမ်မှာ မိသားစု၅ယောက်ဆိုတာ အများဆုံးရှိနိုင်ပေမယ့် ပုရွက်ဆိတ်တစ်အုံမှာတော့ ပုရွက်ဆိတ်ပေါင်းသောင်းချီပြီးရှိတာကို ကြည့်ရင်လူဖြစ်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာ သိနိုင်ပါတယ်။


ဟုတ်ပါပြီ။ ရခဲလှတဲ့ လူ့ဘ၀ကိုရလို့ စာပေနဲ့နည်းပညာကို လေ့လာလိုက်စားနိုင်တဲ့ အခွင့်အရေးရခဲ့တာကြောင့် ဒီPostကို ဖတ်နေတဲ့ သင်ရော တန်ဖိုးရှိတဲ့ လူ့ဘ၀ကို ဘယ်လိုများသုံးစွဲဖို့ စီစဉ်ထားပါလိမ့်။ တစ်ခုသိထားစေ ချင်တာက ဆေးဘက်ဆိုင်ရာသုတေသနပြုချက်တွေအရ မြန်မာလူမျိုးတွေရဲ့ ပျမ်းမျှအသက်တန်းဟာ အမျိုးသား ၆၀ နဲ့ အမျိုးသမီး ၆၅ နှစ်သာရှိတယ်ဆိုတာပါပဲ။ ဒီတော့ ပညာတွေစုံအောင် သင်ယူပြီး လုပ်ငန်းတစ်ခုခု အထိုင်ကျအောင် တည်ဆောက်ပြီးတဲ့ အသက် ၃၀ အရွယ်တစ်ယောက်အတွက် ဘ၀ဆိုတာ တ၀က်ကျိုးနေပြီဆိုတာ သတိထားဖို့ လိုလာပါပြီ။ ဒါကြောင့် ကျန်တဲ့ဘ၀သက်တန်းတ၀က်ကို ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာ စံနစ်တကျ စီစဉ်ဖို့ အရေးကြီးလာပါပြီ။


ဒီစာကို ရှေ့ဆက်မဖတ်ခင်မှာ မျက်စိခဏမှိတ်ပြီး ဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းကြောင်းတစ်လျှောက် လူနဲ့လောကအကျိုးကို ကိုယ်ဘာတွေများလုပ်ခဲ့ပြီးပြီလဲဆိုတာ မျက်စိခဏမှိတ်ပြီး စဉ်းစားကြည့်စေချင်တယ်။ လူမမယ်ကျောင်းသား အရွယ်ကစလို့ ဘ၀အတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကြိုးစားရုန်းကန်လာခဲ့တာတွေဟာ ကိုယ့်အတ္တအတွက်ကလွဲလို့ ဘာမှမရှိခဲ့တာတွေ့နိုင်ပါတယ်။ ကောင်းပါပြီ။ ဒါဟာပြဿနာမဟုတ်သေးပါ။ ကိုယ်သာမက သူတကာတွေလည်း ဒီလိုပဲလို့တွေးပြီး ကျန်ခဲ့တဲ့ ဘ၀ရဲ့အချိန်ပိုင်းတွေကို ကျေနပ်လိုက်ပါ။ အရေးအကြီးဆုံးက နောက်လာမယ့် ဘ၀ရဲ့အချိန်ပိုင်းတွေကို ဘယ်လိုဖြတ်သန်းမလဲဆိုတာပါပဲ။


ဘ၀ရဲ့လက်ကျန်အချိန်တွေကို ဘယ်လိုပဲဖြတ်သန်းဖြတ်သန်း အချိန်တန်ရင်တော့ သေခြင်းဆိုတဲ့ပန်းတိုင်က လွဲပြီး ကျန်တဲ့ပန်းတိုင်ကို သွားစရာမရှိတာလေးတော့ ခေါင်းတဲမှာထည့်ထားစေချင်ပါရဲ့။ လူဆိုတာ ရှင်သန်နေ ချိန်မှာ ဘ၀ကို စိတ်ကြိုက်စီမံနိုင်ခွင့် ရှိပေမယ့် ရှင်ခြင်းရဲ့အခြားမဲ့မှာတော့ ဘာဆိုဘာမှမှန်းဆလို့မရနိုင်ပါ။ နောင်လာနောက်သားတွေက ကိုယ့်အကြောင်းဘာတွေပြောကျန်ရစ်ခဲ့မယ်ဆိုတာ တွေးကြည့်ရင် ကြောက်စရာ ကြီးပါ။ ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့အခြေအနေမှာ ကျန်ရစ်သူတွေက ကိုယ့်အကြောင်းမကောင်းပြောရစ်မှာ ကိုတော့ ဘယ်သူကများမက်မက်မောမောလိုချင်မှာတဲ့လဲ။ ကောင်းပြီ...


ဒါဆိုရင် အရေးကြီးတာက ကိုယ်ဘာမှမတတ်နိုင်တော့တဲ့ အချိန်ကာလမှာ နောက်လူတွေက ကိုယ့်ကိုလေးစား အားကျကျန်ရစ်အောင် ဘယ်လိုများစီမံရမလဲဆိုတာ အရေးအကြီးဆုံးသော ခေါင်းစဉ်ဖြစ်လာပါပြီ။ ကျန်နေသေး တဲ့ ဘ၀ရဲ့ကာလတွေကိုဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ခံယူချက်နဲ့ရှေ့ဆက်မယ်ဆိုလည်း ဆက်နိုင်ပါရဲ့။ တစ်ခုတော့ကြိုသတိပေးချင်တာက ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ အဲဒီငတေမာနိုင်ပါဦးမလား ဆိုတာ ပါပဲ။ ကမ်းမမြင်၊ လမ်းမမြင် တမလွန်ဘ၀ကို ရင်ဆိုင်ရဖို့ လက်တကမ်းအလိုအထိတော့ငတေမာနိုင်မယ်မထင်ပါ။ ဒါဆိုရင် ဘ၀ကို ဘယ်လိုဖြတ်သန်းကြမလဲ?


ကျင်လည်ကြရတဲ့ လောကတိုင်းမှာတော့ အခက်အခဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်းများစွာနဲ့ နေ့စဉ်ရင်ဆိုင်ကြရ မှာ မလွဲပါ။ ကိုယ်ရေး၊ နောင်ရေး၊ သားရေး၊ ဘာရေးညာရေးပေါင်းများစွာဆိုတာတွေလည်း အမြဲလိုလိုရင်ဆိုင် နေကြရမှာပါ။ လောကအကျိုးနဲ့သံသရာအမြတ်မကြာခဏ ရွေးချယ်ရမှာတော့ သေချာပါရဲ့။ လျှာဖျားပေါ်က ထမင်းတစ်လုပ်နဲ့ သံသရာထဲက ခရီးတစ်ကွေ့ ဘယ်အရာကိုရွေးသင့်ပါသလဲ။ သံသရာဆိုတာ စဉ်းစားစရာ မလိုဘူးဆိုတဲ့ ဘာသာဝင်ဖြစ်ခဲ့ရင်တောင် တရားစီရင်ရာနေ့မှာ ဘယ်လိုလျှောက်လဲချက်မျိုး ပေးရမလဲ ဆိုတာ တော့ စဉ်းစားဖို့တော့ လိုမယ်ထင်ပါတယ်။ အရေးကြီးတာကတော့ လူရယ်လို့ဖြစ်လာကြရင် ကံကြောင့်ပဲဖြစ်ဖြစ်၊ ဖန်ဆင်းရှင်ကြောင့်ပဲဖြစ်ဖြစ် ရလာတဲ့ အသက်တာဟာ ကိုယ့်စိတ်ကြိုက်သုံးလိုရာသုံးဖို့ ချပေးလိုက်တာတော့
မဟုတ်ဘူးဆိုတာပါပဲ။ လူသားတစ်ယောက်မှာ ဘ၀တူလူသားတွေရဲ့အကျိုးအတွက် တာဝန်တွေတသီကြီး ရှိနေပါရဲ့။ များများစားစားလုပ်မပေးနိုင်ခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင်ကို အပျော်၊အပြုံးလေးတွေ လောက် တော့ ဝေမျှပေးဖို့တာဝန်တော့ ရှိနေပါတယ်။ ဒီလောက်ကလေးမှ လုပ်မပေးနိုင်ခဲ့ရင် ကိုယ့်ကိုဖန်ဆင်းပေးခဲ့သူ ကိုပဲဖြစ်ဖြစ်၊ ဒီဘ၀ကိုရလာစေခဲ့တဲ့ ကံကြမ္မာအပေါ်မှာပဲဖြစ်ဖြစ် ကိုယ်တာဝန်မကျေတာတော့ အမှန်ပါ။


ဒီလိုတာဝန်မကျေခဲ့တဲ့ လူသားတစ်ယောက်အတွက်ကတော့ တမလွန်ဘ၀မှာ ကျန်ရစ်သူတွေရဲ့ ခပ်လွယ်လွယ်မေ့ပျောက်ခံရခြင်းကလွဲလို့ ဘာမှမျှော်လင့်နိုင်မယ်မထင်ပါ။ ဒါကြောင့် ကိုယ်မမြင်နိုင်တော့တဲ့ ကိုယ့်မျက်ကွယ်မှာ ကိုယ့်အကြောင့်ကို လွမ်းတသသနဲ့ပြောကျန်ရစ်ကြစေချင်ရင်တော့ ကျန်နေကြသေးတဲ့ ဘ၀ရဲ့အချိန်တွေကို ဘ၀တူလူသားမျိုးနွယ်တွေအတွက် ကောင်းကျိုးတစ်ခုခုတော့ ချန်ထားရစ်နိုင်အောင် ကြိုးစားကြရင်ဖြင့် လောကရော ဘ၀ပါကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းမယ်လို့ ထင်မြင်မိပါရဲ့။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger