Wednesday, 19 May 2010

လည်ပင်း ခွဲခံရတော့မယ် . . .

မြကုဋေ၊ ထက်ဖြိုးဝေနှင့် ဟန်ကြည်ဟူသော ဆေး/မန်း ၏ ၅/၂၀၀၀ ကျောင်းသားသစ်သုံးဦး ကျောင်းရှေ့ ဆင်ဝင်အောက်ရှိထိုင်ခုံတွင် ခပ်ငိုင်ငိုင်ထိုင်ရင်း တစ်စုံတစ်ခုကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဆွေးနွေးနေကြသည်။ သူတို့သုံးယောက်မှာ ခေသူများမဟုတ်ကြ။ မြကုဋေဆိုလျှင် ကျောင်းဝင်ခွင့်အမည်စာရင်း ပေါ်မှာကတည်းက နာမည်ကြီးပြီးသားကျောင်းသားဖြစ်သည်။ ကျန်ဂုဏ်ထူးဝိသေသများဘာတစ်ခုမှ မရှိသော်လည်း ရှားပါးလှသည့် သူ့နံမည်ကြောင့် အလိုလိုနေရင်း ထင်ရှားနေသည့်ကျောင်းသားသစ်။ ထက်ဖြိုးဝေနှင့် ဟန်ကြည်တို့က သူလိုငါလို သာမန်ကျောင်းသားသစ်ဘ၀မှ ပါမောက္ခချုပ်၏ ကောင်းမှုဖြင့် နေ့ချင်းညချင်း နာမည်ကြီးလာရသူများ။ အကြောင်းမှာ ကျောင်းသားသစ်များအား ကျန်းမာရေးစစ်ဆေးပေးရာမှ လည်ပင်းတွင် အကျိတ်တွေ့ရသူများကို ပါမောက္ခချုပ်က ခွဲစိတ်ရန်ညွှန်ကြားသည်။ ထို့ကြောင့် အကျိတ်တွေ့ ထားသော သူတို့မှာ နာမည်ကျော်များဖြစ်လာရသည်။ယခုလည်း ထိုကိစ္စအတွက် သုံးယောက်သား ခေါင်းချင်းဆိုင်နေကြခြင်းဖြစ်သည်။

“မနက်ဖြန်ဘယ်အချိန်သွားကြမှာလဲ”
ထက်ဖြိုးဝေမေးသည်။
“ မနက်၉နာရီလောက်သွားကြတာပေါ့၊ ဟန်ကြည်ရောအားတယ်မို့လား” မြကုဋေကသူ့ဘက်မေးဆတ်ရင်းအမေးဆက်သည်။
“အင်း...မအားလို့ဘယ်ဖြစ်မလဲကွာ။ မသွားလို့မှ မဖြစ်တာပဲ။ တို့လဲကျောင်းရောက်မှ အတွေ့အကြုံတွေ တစ်ခုပြီးတစ်ခုရနေတော့တာပဲ” စိတ်ပျက်လက်ပျက်သူညည်းမိသည်။
ဟုတ်သည်လေ။
ကျောင်းရောက်ကတည်းက
နေ့စဉ်ဆေးစစ်ကိစ္စ၊ လူတွေ့စစ်မေးသည့်ကိစ္စ၊ စိတ်ပညာရေးဖြေကိစ္စတို့ဖြင့် တစ်ရက်မှမအားရသေး။
“အေးပေါ့။မင်းပိုဆိုးတာပေါ့ Psycho test ပါကျထားသေးတယ်မို့လား”
မြကုဋေ၏အမေးကို သူခေါင့်ညိတ်ရုံသာငြိမ့်ပြလိုက်သည်။ Psycho test ဟုသူတို့ခေါ်သော စိတ်ပညာရေးဖြေစာမေးပွဲက ကျောင်းတက်ပြီးနောက်တစ်ရက်တွင် ကျောင်းသားတိုင်းဖြေကြရသော မေးခွန်းပေါင်း၃၂၀ ပါသည့်၃ နာရီကြာ စာမေးပွဲဖြစ်သည်။ အများစုကတော့ ခေါင်းရှုပ်ခံပြီးမစဉ်းစားဘဲ ခပ်လွယ်လွယ်ပဲ မှား/မှန်ရွေးပြီးဖြေကြသည်။ သူကတော့ မေးခွန်းတစ်ခုချင်းသေသေချာချာဖတ်၍ စဉ်းစားပြီး ဖြေပါလျက်က ကျခြင်းဖြစ်သည်။ မေးထားသည့် မေးခွန်းတွေက ခေါင်းရှုပ်စရာတွေချည်းဖြစ်သည်။

အမြင့်ရောက်ရင် ခုန်ချချင်စိတ်ပေါ်တတ်သလား
ညအချိန်မှာ သင်္ချုံင်းကုန်းထဲသွားရဲသလား စသောမေးခွန်းများအပြင်
ခွေးကိုက်ခံရဖူးသလား
ရေနစ်ဖူးသလား စသည့်မေးခွန်းများလည်းပါသေးသည်။
အိမ်ထောင်ပြု၊ မပြုဟူသောမေးခွန်းကို ရှေ့ပိုင်းကမေးထားပြီး နောက်ဆုံးပိုင်းလောက်တွင် မိန်းမတစ်ယောက်၏ ယောကျာ်းတစ်ယောက်အဖြစ်ကို ကျွန်တော်တစ်ခါမှ စဉ်းစားမကြည့်ဖူးပါ ဆိုတာမျိုးထပ်မေးပြီး မှား/မှန်ဖြေခိုင်း ပြန်သည်။ ကြာလာတော့ စဉ်းစားရင်း၊ စဉ်းစားရင်းကပင် မျက်စိတွေလည်ကုန်ခြင်းဖြစ်သည်။ မေးခွန်းတွေကို လိမ်မဖြေနဲ့၊ အမှန်အတိုင်းဖြေလိုက် လိမ်ပြီးဖြေရင်ကျတတ်တယ် ဟုအကြံပေးသော Senior ကျောင်းသားကြီး တစ်ယောက်၏ အကြံကို အပြည့်အ၀လိုက်နာမှပဲ စာမေးပွဲကျရသော သူ့အဖြစ်ကိုတွေးမိတိုင်းရယ်ချင်မိရသည်။ ထိုစာမေးပွဲကျသူအများစုမှာ မိန်းကလေးအများစုဖြစ်ပြီး ယောကျာ်းလေးက သူအပါအ၀င် ၆ယောက်သာရှိသည်။ စိတ်ပညာရေးဖြေကျခြင်းက ပညာရေးတွင် ထိခိုက်မှုမရှိသော်လည်း လူ၂၀၀၀န်းကျင်တွင် ၂၀ လောက်သာ ကျသော စာမေးပွဲကိုကျအောင်ဖြေသဖြင့် သူတို့မှာ အလိုလိုနံမည်ကြီးရသည်။ Psycho ကျထားသဖြင့် ကျန်ကျောင်းသားများက ကိုယ့်ကို ခပ်ကြောင်ကြောင်နေမှာပဲဆိုသည့် မျက်စိဖြင့်ကြည့်ခြင်းကို အောင့်သက်သက်ဖြင့်ခံနေရသည်။ စိတ်ပညာရေးဖြေကျသော ကျောင်းသားများကို မန္တလေးတက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခကိုယ်တိုင် သီးသန့်ထပ်မံ၍ နှုတ်မေးနှုတ်ဖြေလုပ်သည်ဖြစ်ရာ သူ့မှာ အတွေ့အကြုံ သစ်များကို မလိုချင့်အဆုံးရနေသောကြောင့် ညည်းမိခြင်းဖြစ်သည်။

Psycho test က အမှတ်နည်းရင်လည်းကျတယ်၊ အမှတ်များရင်လည်းကျတယ်လို့ငါကြားရတယ်”
“ အင်း...ဒါဆိုရင်တော့ ငါကအမှတ်များလို့ကျတာဖြစ်မယ်”
သူ့အဖြေကို“အောင်မာကျတာတောင် ကြံဖန်ပြီး အမှတ်ယူနေချင်သေးတယ်”ဟုထက်ဖြိုးဝေ ထောပနာပြုသည်။
“ ဟ...အဲဒီလိုဆိုတော့ လူကြားထဲပြောရတာ ကောင်းသေးတာပေါ့ကွ”
“အမှတ်များများနဲ့ကျရင်တော့ အဲဒါစိတ်ကြီးဝင်တဲ့သူလို့ပြောတာ ဟန်ကြည်ရ”မြကုဋေက သူ့ကိုရှင်းပြသည်။
“ စိတ်ကြီးဝင်တယ်ဆိုတာ စိတ်ကျရောဂါထက်တော့ ကောင်းပါသေးတယ်ကွာ”
“ကဲကဲ...ဆိုက်ကိုသမား စိတ်ချမ်းသာအောင် ထားပေးလိုက်ပါမြကုဋေရာ” ထက်ဖြိုးဝေ စကားကြောင့် သူစိတ်ညစ်သွားသည်။
“နင့်အဘထဲမှပဲ မင်းပြောမှ ပိုဆိုးသွားတယ်။ မသိရင် ငါများရူးနေတယ်ထင်သွားဦးမယ်”
သူ့စကားကို သဘောကျသွားသော မြကုဋေက တဟားဟားအော်ရယ်ရင်း “ထင်ခံရနည်းလားကွာ” ဟုအားပေးသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူပါရောရယ်မိတော့သည်။ပြီးမှ-
“အေးပါ...ငါ့ကျတော့ ပြောထားကြပါ။ မနက်ဖြန် အကျိတ်ခွဲပြီးစစ်မှ သုံးယောက်လုံး TB ရှိတယ်ဆိုရင် ကိစ္စချောနေမယ်”
“ TV ရှိလည်း အောက်စက်ဝယ်ပြီး ကြည့်တာပေါ့ကွာ”
TVနှင့်TB တမင်လွှဲပြောရင်း ထက်ဖြိုးဝေ နောက်သည်။
“ ဒါဆိုရင် ပလပ်က ဘယ်အပေါက်မှာ ထိုးရမှာလဲ”
မြကုဋေစကားကြောင့် ထက်ဖြိုးဝေ ခေါင်းပုသွားသည်။ ပလပ်ထိုးစရာအပေါက်ကို စဉ်းစားမိသွားသည်ဖြစ်မည်။ မအီမလည်ဖြစ်သွားသော ထက်ဖြိုးဝေကိုကြည့်ရင်း သူမရယ်ဘဲမနေနိုင်။
“ကဲကဲ ပလပ်ပေါက်ကနေပါဦး ENT ကဘယ်နားမှာရှိတာလဲ”ထက်ဖြိုးဝေမေးသည်။
သူမသိ။ မြကုဋေကိုသူလှမ်းကြည့်တော့ ခေါင်းရမ်းပြသည်။ ကောင်းရော။

လည်ပင်းတွင်အကျိတ်ကိုယ်စီတွေ့ရသောကြောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် မနက်ဖြန် သွား၍ ခွဲစိတ်ခံရမည့် အကြောင်းကို တိုင်ပင်နေကြခြင်းဖြစ်သည်။ တစ်ခါမှ ခွဲစိတ်မခံရဘူးသောကြောင့် သုံးယောက်လုံးကတော့ ခပ်လန့်လန့်ဖြစ်နေကြသည်။
“ကဲဒီလိုလုပ်ကွာ မနက်ဖြန်မနက်ကို ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ဆုံပြီးတော့ မေးရင်းမြန်းရင်း သွားကြတာပေါ့”
“ပါးစပ်ပါ ရွာရောက်ပေါ့ မြကုဋေရာ၊ ဟုတ်ဘူးလား” ဟုသူစကားထောက်ပေးသည်။
“ကဲ...ဒါဆိုရင်လည်း မနက်ဖြန်ကျမှ ဆုံကြတာပေါ့”
ထက်ဖြိုးဝေက စကားအဆုံးတွင်ထိုင်ရာမှ ထသည်။

ညနေ၄နာရီခွဲပြီမို့ ကျောင်းဝန်းထဲတွင် ကျောင်းသားသိပ်မရှိတော့ နားနေခန်းထဲတွင် စာဖတ်နေကြသော ကျောင်းသားအချို့မှလွဲ၍ တစ်ကျောင်းလုံးတိတ်ဆိတ်နေသည်။ကျန်နှစ်ယောက်ကို နှုတ်ဆက်ပြီး သူပြန်ရန် ခြေလှမ်းစသည်။ ကံတူအကျိုးပေး သုံးယောက်က တစ်ယောက်တစ်နေရာစီ နေကြသူများဖြစ်သည်။ သူက တက္ကသိုလ်နားတွင်နေ၍ မြို့တောင်ဘက်ပိုင်း၊ မြကုဋေက မြတောင်ကျောင်းတိုက်တွင်နေသောကြောင့် မြို့အရှေ့ဘက်ပိုင်း၊ ထက်ဖြိုးဝေက လမ်း၇၀ပေါ်ရှိဘုန်းကြီးကျောင်းတွင်နေသောကြောင့် မြို့အနောက်ပိုင်း ဖြစ်သည်။ မနက်ဖြန်ရောက်လျှင်တော့ လူစွမ်းကောင်းကြီးသုံးယောက် ENT တွင် ဓားစွမ်းပြခံရပေဦးတော့မည်။ တွေးရင်းတွေးရင်း စိတ်မောမောဖြင့် စက်ဘီးကို ဖြည်းဖြည်းချင်းနင်းလာမိသည်။

၇၈လမ်းမကြီးတစ်လျှောက် ကား၊ ဆိုင်ကယ်တို့ဖြင့် ရွှေမန်း၏ညနေခင်းသည်
သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger