Monday, 17 May 2010

တစ်ခုသော တစ်ညနေ . . .

ညနေက အလုပ်ချိန်မှာ လမ်းတစ်ဘက်က မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ရန်ဖြစ်လိုက်ကြတာ ပွက်ပွက်ကိုညံနေတာပဲ။ ယောက်ျားကတော့ ဆယ်မိနစ်လောက်ဆဲဆိုပြီး ပြန်ထွက်သွားပေမယ့် မိန်းမက မကျေနပ်သေးဘဲ သူ့အိမ်ရှေ့ကနေ အော်လိုက်ဟစ်လိုက်ဆဲလိုက်တာ တစ်ရပ်ကွက်လုံး ပွက်ပွက်ညံနေပါရော လား။ လူဖြစ်ခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ တစ်ခါမှမကြားဖူးတဲ့ အညစ်ပတ်ဆုံး၊ အောက်တန်းအကျဆုံး ဆဲနည်းပေါင်းစုံနဲ့ တစ်နာရီိနီးပါးလောက်အော်ဟစ်ဆဲဆိုနေလိုက်တာ နားတွေရောဦးဏှောက်တွေပါ ပွက်ကုန်တယ်ထင်ရတယ်။ ဘေးအိမ်တွေမှာ သူ့ထက်အသက်နှစ်ပြန်မကကြီးတဲ့ သက်ကြီးရွယ်အိုတွေရော၊ သူ့ထက်ဂုဏ်သိက္ခာကြီးတဲ့သူတွေပါရှိနေတာမှမထောက် မြိန်ရည်ရှက်ရည်ဆဲလိုက်တာ
အသံများတောင် ပြာလို့ ပါ။




နားရှက်တာတွေရော၊ ခေါင်းပူနားပူတာတွေပါပေါင်းလိုက်တော့ ကိုယ့်မှာရင်ထဲကပျို့တက်လာပြီး
တုန်တုန်ယင် ယင်ဖြစ်လို့ စားထားတဲ့ထမင်းတွေအန်ထွက်ပါလေရော။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးအောင် အောက်တန်းကျလွန်းတာတွေ ကြားလိုက်ရတဲ့ အကျိုးပေါ့။ စိတ်တွေလဲညစ်လိုက်တာ မပြောပါနဲ့တော့။ ဘုရားဟောတရားတော်ထဲက “ယောနိသော၊ မနသီကာရ” သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းရမည်ဆိုတာ သတိရပေမယ့် ဘယ်လိုနှလုံးသွင်းရမလဲဆိုတာတောင်မသိတော့ဘူး။ အောင်မယ်လေး မယ်မင်းကြီးကသတ္တိခဲက တကတဲ ခုနစ်သံချီအောင် အော်ဟစ်ပြီး စိန်တွေခေါ်လိုက်တာ ကိုယ်ပါထတီးချင်တဲ့ စိတ်တွေ ပေါက်လာပါရောလား။ကိုယ့်သိက္ခာလေးသာထိန်းစရာမလိုရင် တွေ့တာနဲ့များ
ကောက်ပစ်မိမလား မသိပါဘူး။




ရှိတာလေးတွေ အန်လိုက်တော့ မောသွားတာနဲ့ခဏနားရင်း စဉ်းစားမိသေးတယ်။ ဒီလောက်သတ္တိကောင်းနေတဲ့မိန်းမ စစ်ထဲသွင်းပြီး ရှေ့တန်းပို့ရရင် ဘယ်လိုနေမယ်မသိဘူးလို့။ဒါမျိုးကျရင်တော့ သူ့သတ္တိတွေ အငွေ့ပျံကုန်မယ်ထင်တယ်။ အချုပ်တန်းဆရာဖေရေးတဲ့
“မိုက်မနော် ပြုမဟေးရယ်နဲ့
သူ့ပထွေးတော့ ထွက်၍မဟောင်”
ဆိုတဲ့စာသားတောင် ပြေးပြီးသတိရမိပါသေးတယ်။ ကိုယ့်လူမျိုးများရဲ့ဇာတိကိုက အဲဒီလိုလာခဲ့တာပါ။ မဟုတ်ရာကျ တလွဲဆံပင်ကောင်းပြီး အရေးကျတော့ အမြီးကုတ်တတ်တာမျိုးပေါ့။ဆက်ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျတော့မယ် ထင်ပါတယ်။ ကိုယ့်လူမျိုးကလည်း ရုံးတို့၊ တရားဥပဒေတို့ဆိုတာမျိုးကို ဝေးဝေးကရှောင်တတ်တဲ့ ဗီဇကလည်း အများစုမှာ ပါနေပြီးသား။ ရပ်ကွက်ရုံးကို ဖုန်းဆက်လိုက်ရင်ရမှန်းသိကြပေမယ့် သူများဒုက္ခမဖြစ်စေချင်တဲ့ အခြေခံစိတ်ကလေးတွေနဲ့ ကုတ်ကုတ်ကလေးတွေထိုင်ရင်း ငေးလို့နေကြလေရဲ့။သူများတိုင်းပြည်မှာများ ပတ်ဝန်းကျင်ကို ဒီလိုအနှောင့်အယှက်ပေးလို့ကတော့ ဘာပြောကောင်းမလဲ အချုပ်ထဲတောင်တန်းဝင်သွားဦးမယ်ထင်တယ်။




ဒါကြောင့်လဲ ဦးပေါ်ဦးက “ကြောက်စရာအကောင်းဆုံးကလူမိုက်ပါဘုရား”လို့ ဘိုးတော်ဦးဝိုင်းကို လျှောက်တင်ခဲ့တာဖြစ်မယ်ထင်ပါရဲ့။ လူမိုက်ဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုး ဘာမှခွဲခြားတတ်ကြတာ မဟုတ်ဘူးမို့လား။ မိုက်ရရိုင်းရတာကိုပဲ ဂုဏ်တစ်ခုလို့
ထင်ထားကြတဲ့ သတ္တ၀ါမျိုးတွေဆိုတော့ ခွေးရူးဖက်ကိုက်၊ ခွေးကောင်းနားရွက်ပြတ်ဖြစ်မှာ စိုးရတာနဲ့ပဲ လူလိမ္မာများခမျာ ကုပ်နေကြရတော့တာပဲ။ တကယ်တော့ လူမိုက်ကို နှိမ်နင်းခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့မြတ်စွာဘုရားက မင်္ဂလာတစ်ရားတော်ထဲမှာ တစ်ပါးပေါင်းပြီး
၃၉ဖြာမင်္ဂလာလို့ဟောထားခဲ့သင့်တာပါ။ အခုများတော့ “အသေ၀လာနဉ္စဗာလာနံ” လူမိုက်ကိုမမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့ တရားတော်ကိုပဲ လက်ကိုင်ထားပြီး အောင့်သီးအောင့်သက်နဲ့ ခံနေရပါရဲ့။



ဘုရားရှင်ကို ပုဏ္ဏားကြီးတစ်ယောက်လာပြီး ဆဲတုန်းကတော့ “ပုဏ္ဏားကြီး၊ သင်ဆဲတဲ့ဆိုတဲ့ အသံတွေကို ငါဘုရားလက်မခံတဲ့ အတွက်ကြောင့် အဲဒီအရာတွေဟာ သင့်ပစ္စည်းတွေပဲဖြစ်တယ်”လို့ပြောတော်မူခဲ့ပါတယ်။ အင်း...ဘုရားရှင်လို သဘောထားနိုင်ရင်တော့လည်း ကောင်းမှာပါပဲ။
အခုတော့ ကိုယ့်မှာ ပုထုဇဉ်မှတကယ့် ပုထုဇဉ်ဆိုတော့ အခံရဆိုးလိုက်တာ။ သူ့ပစ္စည်းတွေဟာ ကိုယ့်ပစ္စည်းတွေဖြစ်ချင်တိုင်းဖြစ်လို့ နေရှာပေါ့။ တဖြည်းဖြည်းနဲ့ လောကပါလတရားပျောက်ကွယ်ပြီး ကိုယ်ချင်းစာတရားကလည်း ခေါင်းပါးလာတဲ့ ဒီဘက်ခေတ်မှာတော့ ကိုယ်လိုအေးအေးလူလူနေချင်တဲ့ လူမျိုးတွေအဖို့ အရာရာစိတ်ညစ်စရာတွေချည်းဖြစ်တော့တာ အမှန်ပါ။ သူတို့တွေနဲ့ပြိုင်ပြီး ဆဲလိုက်၊ ဆိုလိုက်၊ ငေါက်လိုက်ရင်တော့ ရမှန်းသိပေမယ့် ပညာ၊ သိက္ခာစတာတွေကို ထိန်းသိမ်းနေရတဲ့ ဘ၀တွေဆိုတော့
သက်ပြင်းလေးချပြီး ရှူဆေးလေးရှူလို့ ခွေခွေလေး....






What a blessing it would be if we could open and shut our ears as easily as we open and shut our eyes!
- Georg Christoph Lichtenberg

တိုက်တိုက်ဆိုင်ဆိုင် igoogle က ပို့တဲ့ daily quote လေးရောက်လာတယ်။ မျက်စိတွေကို အလွယ်တကူ ပိတ်လို့၊ ဖွင့်လို့ရသလို နားတွေကိုလည်း အလွယ်တကူ ပိတ်လို့ဖွင့်လို့ရရင် ကောင်းကြီးမင်္ဂလာပဲတဲ့။ ဟုတ်တယ်နော် အဲဒီလိုသာဆိုရင် ညနေကလောက်တော့ အေးဆေးပေါ့။ စားပြီးသားလေးတွေ အန်ထွက်စရာဘယ်လိုမလဲ...

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger