Monday 24 May 2010

လိုက်မလားခင် . . .

လိုက်မလားခင်
ပင်လယ်ပြင်ရိုင်း
မုန်တိုင်းထန်ထန်
မိုးကြိုးသံနဲ့
လှေငယ်နဲ့...

လိုက်မလားခင်
မညာချင်ဘူး
ရေပြင်ကျယ်ကျယ်
လှေငယ်ငယ်မို့
အလွယ်ကူးဖို့ လွယ်ဘူးခင်...

လိုက်မလားခင်
သေချင်သေမယ်
အန္တရာယ်တော
ငါးမန်းပေါလို့
ပျော်ဖို့ကောင်းမယ်မထင်ဘူး...

လိုက်မလားခင်
လှေငယ်မြင်ကြည့်
ရွက်မရှိဘူး
တက်အိုနှစ်လက်
လှေဝမ်းထက်မှာ
အဏ္ဏ၀ါကို စိန်ခေါ်စို့...

လိုက်မလားခင်
ပင်လယ်ပြင်မှာ
လှေမှောက်ပါရင်
ကိုယ့်ဝန်ကိုယ်ထမ်း
ကူးကြစမ်းမယ်
ဘယ်သောင်ဘယ်ကမ်း ရောက်စေပေါ့...

လိုက်မလားခင်
ဘ၀ပင်လယ်
အန္တရာယ်တော
လှေငယ်မျှောမယ်
မမောမပမ်း
မညည်းတမ်းဟေ့
ကမ်းခြေမသိ
အချစ်ရှိတယ်
နတ္တိဗလာ
ကျန်တာမလို
မောင့်လက်ကိုဆွဲ ရဲရင်လာ...။ ။

ဟန်ကြည်
၂၄।၅।၂၀၁၀ ( တနင်္လာနေ့ )
ည- ၁၁।၄၅ နာရီ

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger