အင်း...ဒီနေ့တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်တဲ့ နေ့လို့များပြောရမယ်ထင်ရဲ့။
မနက်ကအိပ်ရာထတာကလည်း နည်းနည်းနောက်ကျသွားတယ်။ ဒါတောင်ညက ၁၂ လောက်မှာ အိပ်ဖြစ်ပေလို့။ ခါတိုင်းဆိုရင်တော့ နေ့နဲ့ညမှားနေတဲ့ ကလေးလိုပဲ မနက် ၄ နာရီလောက်မှ အိပ်လေ့ရှိတာ။ ညဆိုတာ သိပ်ချစ်စရာကကောင်းတယ်လေ။ တစ်လောကလုံးကလူတွေအိပ်ချိန်ဟာ ကိုယ့်အတွက်တော့ စိတ်ရောကိုယ်ပါငြိမ်းချမ်းမှုအပြည့်ရတဲ့ အချိန်ပါပဲ။ လူတွေရဲ့အသံတွေ၊ ဒေါသတွေ၊ သောကတွေနဲ့ ပွက်ပွက်ညံနေတဲ့ နေ့ခင်းအချိန်တွေကို သံယောဇဉ်မထားတတ်တာလည်း မွေးကတည်းကဖြစ်မယ်ထင်တယ်။ ကိုယ်ကလည်းတစ်ဖက်သားအပူကို ကိုယ့်အပူလို့သဘောထားတတ်သူဖြစ်နေတော့ နေ့ခင်းပိုင်းအချိန်တွေဆိုတာ အတွင်းရော၊ အပြင်ပါပူလောင်တဲ့အချိန်တွေလို့ ယူဆမိပါတယ်။ ပိုဆိုးတာက မြင်နေရတဲ့ အမြင်မတော်တာတွေကို ဘယ်လိုမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရလွန်းတော့ ဘာမှမမြင်ရတဲ့ ညကိုပဲ ပိုပြီးခင်တွယ်ပါတယ်။
ဒီနေ့လည်း စာရေးမယ်ဆိုတဲ့အတွေးနဲ့ ကွန်ပျူတာဖွင့်လိုက်ပေမယ့် အရေးကြီးတဲ့ ကိုယ့်လုပ်ငန်းတွေကို အရင်လုပ်ရသေးတယ်။ အလုပ်တွေပြီးလို့ စာစရေးတော့မယ်ကြံလိုက်တော့ ခေါင်းထဲမှာ ဘာခံစားချက်မှတောင်မကျန်တော့ဘူး။ အစာအိမ်ကို ဦးစားပေးလိုက်တာကို နှလုံးသားကလက်မခံလို့ ဆန္ဒပြတယ်ဆိုပါတော့လေ။ ဒါလည်းမတတ်နိုင်တော့ဘူးပေါ့။ အစာအိမ်ထဲမှာ အစာရှိမှနှလုံးသားဆိုတာ ရှင်သန်နိုင်မှာပေါ့။ တစ်ခါတစ်ခါလည်း လုပ်ချင်တာတွေထက် လုပ်သင့်တာတွေပဲ ဦးစားပေးပြီးလုပ်နေရတဲ့ အဖြစ်ကိုမုန်းလာတယ်။ တကယ်ဆိုရင် လုပ်ချင်တာလုပ်ပြီး စားဝတ်နေရေးဖူလုံမယ်ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲနော်။ ကိုယ်တို့လည်းတော်တော့်ကို တိုးတက်လာမှာသေချာတယ်။ အခုတော့လုပ်သင့်တာတွေကိုလုပ်ပြီး ရပ်တည်ရင်းကနေ လုပ်ချင်တာလေးတွေကို လုပ်နိုင်အောင်ကြိုးစားနေရတဲ့ဘ၀။
ဘာပဲပြောပြော ဒီအနေအထားထိရောက်အောင် ဟန်မပျက်နေနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုတော့ ကျေနပ်ပေးရမလိုပဲ။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကိုလည်း အထိုက်အလျောက်ဖြည့်နိုင်သလို နှလုံးသားအာဟာရကိုလည်း မှီဝဲနိုင်နေသေးတာဆိုတော့ အင်း...အနူတောကလူချောလေးပေါ့လေ။
နေ့လည် ၁ နာရီကျော်သွားပြီဆိုတော့ စာဆက်ရေးလို့မရတော့ဘူးလေ။ လုပ်ငန်းခွင်ဝင်ရတော့မယ်။ ကိုယ်မြတ်နိုးတဲ့လုပ်ငန်းခွင်၊ ပင်ပန်းလွန်းတဲ့ လုပ်ငန်းခွင်၊ အရင်းအနှီးများလွန်းတဲ့ လုပ်ငန်းခွင်ကို ၀င်ရတော့မှာမို့ အားလုံးပဲ ဒီနေ့အတွက်တော့ နှုတ်ဆက်ပါတယ်။ မင်္ဂလာရှိကြပါစေပေါ့နော...

No comments:
Post a Comment