ဆေးတက္ကသိုလ် ( မန္တလေး )
ကျောင်းအ၀င်ဆိုင်းဘုတ်က ခန့်ခန့်ထည်ထည်။ ထုထည်ကြီးမားလှတဲ့ တက္ကသိုလ်အဆောက်အဦကြီးက မားမား မတ်မတ်။ ဥဒဟိုသွားလာနေကြတဲ့ ဆေးကျောင်းသားကြီးတွေက တည်တည်ကြည်ကြည်။ ကိုယ့်မျက်စိကိုယ် ပွတ်ကြည့်ရင်း တကယ်ဖြစ်လာတဲ့အိပ်မက်တွေကို မယုံနိုင်။ မြင်မြင်သမျှအားကျတဲ့မျက်လုံးနဲ့ကြည့်ရင်း ကျောင်းဝန်းထဲ ကို ခြေတစ်လှမ်း အချမှာတော့ ရချင်လွန်းခဲ့တဲ့ ဆေးကျောင်းသားဘ၀က လက်တစ်ကမ်းမှာ။
အစစအရာရာမျက်စိသူငယ်၊ နားသူငယ်နဲ့ တောင်မေးမြောက်မေးမေးပြီး စီမံဌာနမှာ မှတ်ပုံတင်ပြလို့ ကျောင်းသားစာရင်း သွင်းအပြီးမှာတော့ ဆေးတက္ကသိုလ်(မန္တလေး)ရဲ့ ၅/၂၀၀၀ ပထမနှစ်(အငယ်တန်း)ကျောင်းသားကြီးဖြစ်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့ နာရီဝက်ကရှူသွင်းတဲ့လေနဲ့ အခုရှူရတဲ့လေတောင် အရသာချင်းမတူတော့တာတောင် အမှတ်ထင်ထင် ရှိနေခဲ့ပါရဲ့။ လောကရဲ့အလှဟာ အဲဒီနေ့က အပြည့်စုံဆုံးလို့တောင် ထင်ခဲ့မိပါသေး။ ၁၁နှစ်တာ ရင်းနှီးခဲ့ရတဲ့ ပညာရေးရဲ့ပန်းတိုင်ကို စမြင်ရတဲ့ကာလမို့ ဆေးကျောင်းသားသစ်တိုင်းရဲ့ ရင်ထဲမှာ ကိုယ်လိုပဲရှိနေမယ်ဆိုတာတော့ သေချာပါတယ်။
ကိုယ့်ကိုယ်ကို ငါဟဲ့ဆေးကျောင်းသား လို့ဘယ်လိုပဲ မာန်တင်းထားပေမယ့် တစ်ခါမှခြေမချခဲ့ဖူးတဲ့နယ်မြေသစ်မှာ သိမ်ငယ်စိတ်ဝင်နေမိပါသေးတယ်။ ကျောင်းသားကြီးတွေရဲ့ တက်ကြွတဲ့ဟန်ပန်တွေကို ငေးရင်းကော်ရစ်ဒါမှာ တစ်ယောက်တည်း ယောင်ချာချာဖြစ်လို့ပေါ့။ အခြေခံပညာကျောင်းသားဘ၀တစ်လျှောက်လုံး အပေါင်းအသင်း နည်းခဲ့သူမို့ ကိုယ်မသိတဲ့ သူစိမ်းတွေနဲ့ မိတ်ဆက်စကားပြောရမှာလည်း ကိုယ့်ကိုယ်ကို ဘယ်လိုမှ အားပေးလို့မရခဲ့။ ကျောင်းသားသစ်တွေ ရုံးစုရုံးစုလုပ်နေကြတဲ့နေရာမှာ ယောင်ချာချာလုပ်ရင်း ဟိုလူ့မိတ်ဆက်ရကောင်းနိုး၊ ဒီလူ့မိတ်ဆက်ရကောင်းနိုးနဲ့ ချီတုံချတုံ ဖြစ်လို့နေခဲ့ပါသေးရဲ့။
“ဟိုမှာ role one… role one ”
ကျောင်းသားသစ်တွေရဲ့ပါးစပ်က ကျွက်စီကျွက်စီအသံထွက်လာတာကြောင့် ကြည့်မိတော့ ပိန်ပိန်ရှည်ရှည်နဲ့ သူလိုကိုယ်လို ကောင်မလေးတစ်ယောက်လာနေတယ်။ တစ်ပြည်လုံးရဲ့ အဆင့်တစ်ဆိုပါလား။ ဘာမှလည်း ထူးထူးခြားခြားမရှိပါ။ အရင်ကတော့မြန်မာတစ်နိုင်ငံလုံးမှာ ပထမဆိုတာ ဘယ်လိုလူမျိုးတွေပါလိမ့်လို့တော့ စဉ်းစားကြည့်မိပါရဲ့။ တကယ့် alert and smart, super brain တွေနေမှာပေါ့လို့ ခပ်လွယ်လွယ်တွေးပြီး ကိုယ်နဲ့ဘယ်လိုမှ မတန်တဲ့အဆင့်လို့ ကောက်ချက်ချမိခဲ့တာ မှားနေမှန်းသိပြီပေါ့။ သူနဲ့ကိုယ်နဲ့ကြားမှာ ကွာခြားချက်က ရည်မှန်းချက်ပါပဲ။ သူကတော့တစ်ပြည်လုံး ပထမရရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကြီး နဲ့ကြိုးစားခဲ့ပြီး ကိုယ်ကတော့ ဆေးကျောင်းတက်ရမယ်ဆိုတဲ့ ရည်မှန်းချက်လောက်ပဲ ထားခဲ့တာကိုး။ လောကကြီးမှာ ကိုယ်ဖြစ်ချင်သလောက် ဖြစ်ခွင့်ရှိတယ်ဆိုတာ သိရချိန်က နည်းနည်းတော့နောက်ကျသွားပြီ ထင်ပါရဲ့။ ကြည့်လေ role one ကျတော့ မိတ်ဆက်ပေးစရာ မလိုဘဲ အားလုံးပါးစပ်ဖျားမှာ သိနေချိန်မှာ ကိုယ်ကတော့ လူမသိသူမသိ အူကြောင်ကြောင်နဲ့ ယောင်ချာချာလေး။
ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ ၃၀.၄.၂၀၀၀ ဆေး/မန်း ကျောင်းသားဘ၀ ပထမဆုံးနေ့ပါပဲ။
1 comment:
good
I remember old golden days.
Post a Comment