မြန်မာကဗျာဖွဲ့ထုံးတွေ အမျိုးမျိုးရှိတဲ့အထဲမှာ တေးထပ်ဟာ ရွတ်ရတာသံစဉ်ချောမွေ့တာကြောင့် တောရော၊ မြို့ပါကြိုက်တဲ့ ဖွဲ့ထုံးဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ကဗျာဖွဲ့ထုံးတွေနဲ့မတူဘဲ စာကြောင်းရေ ၁၈ကြောင်း အတိအကျ ရေးရပါတယ်။ အဆုံးသတ်မှာလည်း “ လေး ” ဆိုတဲ့စကားနဲ့ပဲ အဆုံးသတ်ရပါတယ်။ ကုန်းဘောင်ခေတ်မှာ တေးထပ်ရေးနည်း တွင်ကျယ်ခဲ့ပါတယ်။ တွင်ကျယ်တဲ့အလျောက်လည်း စာဆိုတော်တော်များများရေးကြတာ တွေ့ရပါတယ်။
တေးထပ်ရေးသူတွေ ဘယ်လောက်များများ ဒီဘက်ခေတ်အထိ လူသိများထင်ရှားတဲ့စာဆိုကတော့ စလေဦးပုည ဖြစ်ပါတယ်။ ဘာကြောင့် ဦးပုညကို လူကြိုက်များရသလဲဆိုတာ လေ့လာကြည့်တဲ့အခါ သူ့တေးထပ်တွေဟာ အသံချို၊ နရီလှရုံသာမကဘဲ အကြောင်းအရာစုံကို ရေးထားတာတွေ့ရပါတယ်။ ဒါ့အပြင် သူများမတွေးမိ တဲ့တွေးထောင့်ကနေတွေးတတ်တဲ့ ပါရမီကိုပါ တွေ့ရပါတယ်။ ဒါကြောင့်လဲ သူ့ကို တေးထပ်ဘုရင် လို့ ဘွဲ့ပေးတာ အင်မတန်သင့်လျော်တယ်လို့ ယူဆမိပါတယ်။
ကိုယ်တိုင်ကဦးပုညကို လေးစားရင်းရှိတာကြောင့် သူ့တေးထပ်တော်တော်များများကို ရှာဖတ်ဖူးပါတယ်။ စာကြည့်တိုက်တစ်ခုမှာတော့ ၁၉၆၀ ၀န်းကျင်ကထုတ်တဲ့ ဦးပုညတေးထပ်ပေါင်းချုပ်တစ်အုပ်တွေ့လို့ ၃ရက်၎ရက်လောက်ငှားပြီး ၀မ်းသာအားရကူးယူခဲ့ဖူးပါတယ်။ မကြာခင်ကတော့ စိတ်ကူးချိုချိုတိုက်က ထုတ်တဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် စာအုပ်တွဲတွေထဲမှာ ဦးပုညတေးထပ်များဆိုတဲ့ စာအုပ်လေးတွေ့လို့ ၀မ်းသာအားရ ၀ယ်လိုက်တာ ဦးပုညရဲ့တေးထပ်တွေကို အားရပါးရဖတ်ရပါတော့တယ်။ ပျောက်ကွယ်လုဖြစ်နေတဲ့ ဒီတေးထပ် တွေကို ပြန်ထုတ်ဝေပေးတဲ့ စိတ်ကူးချိုချိုတိုက်ကိုလည်း ကျေးဇူးတင်ရင်း မဖတ်ဖြစ်သေးတဲ့ စာပေ၀ါသနာအိုး တွေအတွက် သဘောကျမိတဲ့ တေးထပ်တစ်ချို့ကို ပြန်ပြီးတင်ပေးဖြစ်ပါတယ်။
ရှေးရိုးအသုံးအနှုန်းတွေနဲ့စိမ်းနေကြတဲ့ ခေတ်လူငယ်တွေအတွက်လည်း တချို့တေးထပ်တွေကို စကားစပ်
ပြန်ပေးလိုက်ပါတယ်။
မျက်နှာကိုခြေနှင့်ကျောက်စေတော့
သွေမဖောက်ခုနော် ။
လင်ငါးယောက်ခုပေါ်စေ
ကျွန်တော်ကမလွဲ ။
တစ်သက်လုံးလင်ငယ်နေပါ
သည်မေကိုရိုးပြာကျစွဲ ။
ချစ်လှလို့သည်းညည်းခံတယ်
ဆဲရေးသံကိုလည်း
အငြိမ့်သံဇာတ်ပွဲလို
စိတ်ထဲကထင်တယ် ။
ကွာမည်ကိုမဆိုလိုက်နဲ့
မယ်ရိုက်ရင်ဘုန်းခံပါ့မယ် ။
ဖိနပ်နဲ့အရပ်လည်မှာ
မပြတ်ကွယ်ရိုက်စေတော့
နာလိုက်တဲ့စိတ်ကယ်နော်
ရွေးမျှမပေါ် ။
ခင်လေးကကြင်ရေးမျှော်လျှင်
ထမီလျှော်ခိုင်းပါတော့လေး ။ ။
(စကားစပ်)
မောင်ကြီးမျက်နှာကို ခြေထောက်နဲ့ကန်လျှင်တောင် နှမအပေါ်မှာ မောင်ကြီးစိတ်မပျက်ပါ။နှမကလင်ငါးယောက်
ယူလျှင်တောင် မောင်ကြီးကနှမနှင့် အလွဲမခံနိုင်ပါ။ နှမက မောင်ကြီးအပြင် လင်ငယ်တစ်ယောက်ထားပြီး တစ်သက်လုံး နေရင်လည်း နှမကိုပဲ ရိုးမြေကျပေါင်းသွားပါ့မည်။ နှမကိုချစ်တဲ့စိတ်နှင့် မောင်ကြီးအစစအရာရာ သည်းခံပါမည်။နှမရဲ့ ဆဲသံ၊ဆိုသံကိုလည်း ဇာတ်ပွဲ၊ အငြိမ့်ပွဲသံကဲ့သို့ စိတ်ထဲမှ ထင်မှတ်နေပါမည်။ နှမကရိုက်လျှင်လည်း မောင် ကြီးကခံမည်ဖြစ်သောကြောင့် ကွာရှင်းမည့်စကားမျိုး မပြောစေချင်ပါ။ အရပ်ထဲ၊လူပုံလည်တွင် ဖိနပ်ဖြင့် အဆက် မပြတ်ရိုက်လျှင်လည်း နှမကို စိတ်နာသောစိတ်ထား တစ်ရွေးသားမျှပင် ပေါ်မည်မဟုတ်ပါ။ နှမကသာ လက်ထပ် ပေါင်းသင်းမည်ဆိုလျှင် ထမီလျှော်ခိုင်းလျှင်တောင် ကျေကျေနပ်နပ်ခံမည့် မောင်ကြီးဖြစ်ပါသည်။
တော်တော်ဆိုထားတဲ့စာပါ။ တွေးတောင်မတွေးမိလောက်အောင် ဖွဲ့ထားလိုက်တာ ဖတ်ရင်းတောင် ကြက်သီးထမိပါသေးတယ်။ ကုန်းဘောင်ခေတ်ကဆိုရင်တော့ ဒီကဗျာဟာ မေတ္တာစာခွေတွေတိုင်းမှာ ပါမယ့်စာ ဖြစ်မှာ သေချာပါရဲ့။ ဒီခေတ်ချာတိတ်တွေတောင် ခေါင်းကြီးသွားစေမယ့် အရေးအသားမျိုးဆိုရင်လည်း မမှားပါ။
လောကဓံခြောက်ခြားလို့
ကြောက်ပါးလိလူ့ပြည် ။
နောက်ပွားမည့်ဥပဒေ
မှုအနေမကျ ။
လူ့ဗာလထင်ပေါ်
မြင်မြော်သူနည်းတဲ့ကာလ ။
တက်ကပ်မှာပညာ
ဆုတ်ကပ်မှာဓန ။
ခေတ်အလာဝိသမ
ဗြဟ္မစိုရ်ရပျောက်ကွယ် ။
ပညာရှင်မှန်ကတဲ
မွဲရင်ဖြင့်မိုက်ရတော့မယ် ။
ငွေရှိမှတင့်တယ်သည်
လူမမယ်ဒွိဟိတ်မို့
ဒေါင်းနှိပ်မှခုခါတွင်
လောကမျက်မြင် ။
ဒင်္ဂါးဌေးမှ ခင်လေးကြင်မယ်
ကချင်၊ ကရင် အို ... ဖြစ်စေဦးတော့လေး ။ ။
(စကားစပ်)
လောကဓံတရားတို့က ခြောက်ခြားဖွယ်ကောင်းလှသောကြောင့် ဤလူ့ပြည်ကိုပင် ကြောက်ရွံ့လာမိပါသည်။ နောင်လာမည့် ခေတ်ကာလတွင်လည်း ဤသို့ပင် အခြေအနေမကျဖြစ်မည်ထင်ပါသည်။ ယခုခေတ်တွင် လူမိုက် များသာ ထင်ပေါ်ကျော်ကြားပြီး မြော်မြင်စဉ်းစားဆင်ခြင်ဉာဏ်ရှိသူ နည်းပါးလှပါသည်။ တိုးတက်သောခေတ်တွင် ပညာသည် အရေးပါပြီး ဆုတ်ယုတ်သောခေတ်တွင် ငွေကြေးသည်အရေးပါသည်ဟု ဆိုရိုးရှိပါသည်။ ယခုခေတ် တွင်မူ မတရားသောဝိသမလောဘတရားတို့ကသာ ပို၍အရေးပါနေပါသည်။ မေတ္တာ၊ ကရုဏာစသော ဗြဟ္မစိုရ် တရားတို့လည်း ပျောက်ကွယ်နေပါပြီ။ ပညာတတ်ပင်ဖြစ်သော်လည်း ငွေမရှိလျှင် လူမိုက်လုပ်၍ ငွေရှာရပါတော့ မည်။ ငွေရှိမှ တင့်တယ်သောကာလလည်း ဖြစ်နေပါသည်။ ဒေါင်းဒင်္ဂါး(ငွေ) များများပိုင်မှသာ လူအလည်တွင် တင်ရှားနိုင်သည်မှာ လောကတွင် မျက်မြင်ဖြစ်နေပါပြီ။ ငွေကြေးချမ်းသာသူသာဖြစ်လျှင် ကချင်၊ကရင် မည်သည့် လူမျိုး၊ ဘာသာဝင်ပဲဖြစ်ဖြစ် မိန်းကလေးများက ချစ်ခင်ကြင် နာကြပါတော့သည်။
ဒီတေးထပ်ဖတ်ပြီးတော့ ဦးပုညကြီး ဒီဘက်ခေတ်မှာများ လူလာဖြစ်ရင် ဘယ်လိုတွေများရေးရှာဦးမလဲ တွေးမိပါ သေးရဲ့။ သူတို့ကုန်းဘောင်ခေတ်က ကချင်၊ ကရင်ပဲယူတာပါ။ အခုခေတ်များကျတော့ ဟောင်ကောင်၊ ဖင်လန် ဘာလူမျိုးပဲဖြစ်ဖြစ် Keeping တို့ smaal တို့ ပျော်မျော်ကြီးလုပ်နေကြတာ မမြင်ချင့်အဆုံးမဟုတ်လား။ အကြိုက် ဆုံးစာသားကတော့ ပညာရှင်ဆိုကတဲ၊ မွဲရင်ဖြင့်မိုက်ရတော့မယ် ဆိုတဲ့စာသားပါပဲ။ ဒါကြောင့်လဲ မိုက်ရမှာစိုးတာ ကြောင့် မမွဲအောင် အတင်းကြိုးစားနေရပါရဲ့။
နောက် Post တွေကျမှ စလေဦးပုညရဲ့ အထ္ထုပ္ပတ္တိနဲ့ တေးထပ်တွေကို ထပ်ပြီးရေးပါဦးမယ်။ မြန်မာစာပေ ဆုတ်ယုတ်ကျဆင်းနေတာကို အမြန်ထိန်းသိမ်းနိုင်ဖို့ စာပေနဲ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးကြတဲ့ လူငယ်ခေတ်ပညာ တတ်တွေ များများစားစားပေါ်ပေါက်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

No comments:
Post a Comment