Saturday 8 May 2010

သရုပ်မပျက်တဲ့ ကိုရီးယားယဉ်ကျေးမှု . . .

မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဥရောပယဉ်ကျေးမှုကို အတုမယူမိကြစေဖို့ သရုပ်ပျက်ယဉ်ကျေးမှုလို့ အမည်တပ်ပြီး ဆန့်ကျင်ခဲ့ကြတာ ကိုလိုနီခေတ်ကတည်းကပါ။ မျိုးချစ်ပုဂ္ဂိုလ်တွေရော စာပေပညာရှင်ကြီးတွေ ကပါ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကြဖို့ အရေးတယူနဲ့အားပေးခဲ့ကြပါတယ်။ ဥရောပတိုက်သားတွေဟာ လွတ်လပ်ပျော်ရွှင်မှုကို ရှေ့တန်းတင်ကြသူတွေမို့ မြန်မာလူမျိုးတွေ အတုယူပြီးပျော်ကြပါးကြရင် မထိန်းသိမ်းနိုင်ပဲ ပျက်ကြစီးကြမှာဖြစ်လို့ တားမြစ်ကြတာလို့ တွေးမိပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ သူတို့လူမျိုးတွေက ပျော်ရင်ပါးရင် စိတ်လွတ်ကိုယ်လွတ် ပျော်ကြပေမယ့် အလုပ်ချိန်မှာတော့ အာရုံအပြည့်စိုက်ပြီး အင်တိုက်အား တိုက် လုပ်လေ့ရှိကြပါတယ်။ ကိုယ့်လူမျိုးကတော့ အလုပ်ခွင်မှာပါ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါး လုပ်လေ့ရှိရတဲ့ အထဲမှာ သူတို့လိုမျိုးပါ ထပ်ပြီးပျော်ကြပါးကြရင် ဆုတ်ယုတ်ပျက်စီးကုန်ကြမှာသေချာပါတယ်။


တကယ်တော့ ဘာပဲဖြစ်ဖြစ် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမှာ လူမျိုးတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ ကိုယ်တိုင် လည်း ရိုးရာယဉ်ကျေးမှုကို မြတ်နိုးသူဖြစ်တာကြောင့် ရိုးရာအမွေအနှစ်တွေကို ဒီနေ့ထိထိန်းသိမ်း စောင့်ရှောက် ဆဲပါ။ဒါပေမယ့် သူများယဉ်ကျေးမှုကို သရုပ်ပျက်လို့အမည်တပ်တာကိုတော့ လူမျိုးရေးစော်ကားမှုလို့ ယူဆပါ တယ်။ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းတာနဲ့ သူများယဉ်ကျေးမှုကို ရှုံ့ချတာဟာ ဘာမှမဆိုင်ပါ။ ထိန်းသိမ်းခြင်း ဟာ လေးစားထိုက်တဲ့အလုပ်ဖြစ်ပြီး စော်ကားခြင်းဟာ ယဉ်ကျေးမှုမရှိတဲ့ လူရိုင်းတွေရဲ့အလုပ်ပါ။ ဒါကြောင့် ဘယ်သူ့ယဉ်ကျေုးမှုကိုမှ မစော်ကားစေချင်ပါ။


အနောက်တိုင်းယဉ်ကျေးမှုကို သရုပ်ပျက်ယဉ်ကျေးမှုလို့ အမည်တပ်ပေမယ့် ကိုရီးယားယဉ်ကျေးမှုကိုကျတော့ အရှေ့တိုင်းယဉ်ကျေးမှုလို့အမည်တပ်ပြီး ဒီဘက်ခေတ်မှာ လက်ခံနေကြသလား တွေးမိပါတယ်။ တကယ်ဆိုရင် အရှေ့ဖြစ်ဖြစ်၊ အနောက်ဖြစ်ဖြစ် ယဉ်ကျေးမှုခြင်းသွေးကူးစရာမလိုပါ။ ဘယ်သူ့ယဉ်ကျေးမှုမှ ကိုယ့်ရိုးရာ ယဉ်ကျေးမှုထဲမှာ မထည့်စေချင်ပါ။ အခုတော့ ဒီလိုမဟုတ်ပါ။


ဒီနေ့ခေတ်မှာတော့ ကိုရီးယားမှ ကိုရီးယားဖြစ်နေကြပြီး သူတို့တွေနဲ့ မတူတူအောင် လိုက်လုပ်နေကြတာ တွေ့နေရပါတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေက အစ၊ ရုပ်သံ သတင်းကြေညာသူတွေအလယ်၊ ကျောင်းသား ကျောင်းသူတွေအဆုံး ကိုရီးယားအတု၊မြန်ရီးယားတွေဖြစ်ကုန်ကြပါတယ်။ ဘယ်မဂ္ဂဇင်းကောက်လှန်လှန် မြန်မာ နဲ့ကိုရီးယားမခွဲနိုင်တော့ပါ။ ကိုရီးယားနဲ့တူတယ်လို့ပြောလိုက်ရင် ဟန်မဆောင်နိုင်အောင်ပဲ ကျေနပ်ကြ ပါတယ်။ ဘယ်လောက်စိတ်ပျက်၊ ၀မ်းနည်းစရာကောင်းပါသလဲ။ ကြာရင် မြန်မာဖြစ်ရတာတောင်စိတ်ပျက်ပြီး ကိုယ့်အမေ ကိုပါ ကိုရီးယားနဲ့များပေးစားကြဦးမလားမသိပါ။


တကယ်တော့ ကိုရီးယားမှာလည်း ရိုးရာယဉ်ကျေးမှုပျောက်ကွယ်လုနီးနီးဖြစ်နေပါပြီ။ ဥရောပရဲ့လွှမ်းမိုးမှု အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရတာကြောင့် အရှေ့အနောက်ရောထားတဲ့ ယဉ်ကျေးမှုအသစ် ဖြစ်နေပါပြီ။ ကံဆိုးပုံက ဥရောပယဉ်ကျေးမှုကို ဆန့်ကျင်ပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေခမျာ ဥရောပကို ပုံပြောင်းထားတဲ့ ကိုရီးယားယဉ်ကျေးမှုကိုမှ အထင်တကြီးဖြစ်နေကြတာပါပဲ။ သူခိုးလက်က သူဝှက်လုတာနဲ့တောင်တူနေပါရဲ့။ သူခိုးထက်တောင်နိမ့်တဲ့ဘ၀ကို ရောက်မှန်းမသိ ရောက်နေကြပါပြီ။


တကယ်ဆိုရင် ဥရောပသူတွေ ၀တ်တာဆင်တာဟာ ကိုရီးယားမင်းသမီးတွေ ၀တ်တာလောက်တောင် မရိုင်းပါ။ ကမ်းခြေမှာ ရေကူးဝတ်စုံဝတ်တာ၊ ကလပ်မှာ အတိုဝတ်တာကိုတော့ ရိုင်းတယ်လို့မပြောနိုင်ပါ။ ဒါဟာ နေရာ ဒေသနဲ့ လိုက်လျောညီထွေရှိအောင် ၀တ်ခြင်းပဲဖြစ်ပါတယ်။ ဥရောပသူ ပညာတတ်အမျိုးသမီးတစ်ယောက်ဟာ လမ်းမပေါ်မှာ စကတ်ပေါင်လည်လောက်နဲ့ သွားနေတာမျိုးမရှိပါ။ အခုကြည့်နေကြတဲ့ ကိုရီးယားကားတွေမှာ တော့ ကိုရီးယားမင်းသမီးတော်တော်များများဟာ စကတ်ပေါင်လည်လောက်သာ ၀တ်ထားကြပါတယ်။ ဒါကျတော့ သရုပ်မပျက်ပါဘူးလား။ ဟုတ်ကဲ့ ဘယ်သူမှမပြောတဲ့အပြင် အတုပါယူကြပါတယ်။ ဂျာနယ်တွေမှာ ကြည့်လိုက်ရင် ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲတွေမှာ စကတ်ပေါင်လည်လောက်ဝတ်ထားကြတဲ့ မိန်းကလေးတွေ စင်ပေါ် ရောက်နေကြတာ တွေ့နိုင်ပါတယ်။ ပိုဆိုးတာက ပညာတတ်ဘွဲ့ရတွေပါ ၀တ်လာတာတွေ့နေရခြင်းပါပဲ။


ဥရောပသူတွေ အရက်သောက်တာကိုတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာကြောင့် ဆန့်ကျင်ခဲ့ပါတယ်။ မှန်ပါတယ်။ ဆန့်ကျင်ရမယ့်အရာဖြစ်ပါတယ်။ ထောက်ခံပါတယ်။ ဒါပေမယ့် ရုပ်၊သံကလွှင့်နေတဲ့ ကိုရီးယား ကားတွေမှာကြတော့ ကိုရီးယားမင်းသမီးတွေဟာ စိတ်ညစ်ရင် ဆိုဂျု သောက်ပြကြပါတယ်။ ပျော်ရင်လည်း ဆိုဂျု သောက်ပြီးအောင်ပွဲခံကြပြပါတယ်။ ဟုတ်ကဲ့ ဆိုဂျုဆိုတာဖျော်ရည်မဟုတ်တာတော့ အားလုံးသိကြမယ် ထင်ပါရဲ့။ ဒါကျတော့ ဘာကြောင့်များပြနေပါလိမ့်။ စဉ်းစားမရနိုင်ပါ။ မြင်ပါများတော့ ယဉ်လာတဲ့ မြန်မာ မိန်းကလေးတွေလည်း လက်တည့်စမ်းကုန်ကြပါပြီ။ ကိုရီးယားဆိုတော့ သရုပ်မပျက်ဘူးလို့ပဲ မျက်စိမှိတ် အော်ရတော့မယ်ထင်ပါရဲ့။


တကယ်တော့ ကိုယ့်လူမျိုးဟာ အင်မတန်မှ အတုခိုးမြန်တဲ့လူမျိုးပါ။ Adaption ရှိတယ်လို့များ ကောင်းတဲ့ဘက် က လှည့်တွေးရတော့မလားမပြောတတ်ပါ။ တရုတ်ကားတွေ ရုပ်၊သံကလွှင့်တဲ့ကာလတုန်းကလည်း တရုတ်နဲ့ တူအောင် လုပ်ကြပါတယ်။ ပိုင်ဟွေ့အင်္ကျိ၊ လုရီဆံပင်ပုံစံ စတာတွေခေတ်စားခဲ့ပါတယ်။ အိုရှင်းခေတ်ရောက်ပြန်တော့ အိုရှင်းဆံထုံး ထုံးကြပြန်ပါတယ်။ အခုကိုရီးယားခေတ်ကျတော့ အစစအရာရာ ကိုရီးယားနဲ့ မတူတူ အောင်လုပ်ကြပြန်ပါတယ်။ ကိုယ့်ယဉ်ကျေးမှုအပေါ်မှာ တန်ဖိုးထားမှုနည်းတာလားမသိပါ။


အတုခိုးတယ်ဆိုတာ လူ့သဘာဝပါ။ ပြုပြင်လို့မရပါ။ အားနည်းသူဟာ အားကြီးသူကို အတုယူကြလေ့ရှိပါတယ်။ ယဉ်ကျေးမှုမှာလည်း ထို့နည်းတူဖြစ်ပါတယ်။ ကိုယ့်ယဉ်ကျေးမှုအားနည်းနေရင် သူတပါးယဉ်ကျေးမှုက လွှမ်းမိုးတာ ခံရမှာပါ။ ဖြစ်သင့်တာက ရိုးရာယဉ်ကျေးမှုကို ဒီထက်ပိုပြီးမြေတောင်မြှောက်ပေးရမှာပါ။ မြန်မာ့ ရိုးရာဂီတကိုတော့ တောကျတယ်တွေးနေကြတာတွေ့ရတော့ ရင်ထဲမှာ မဖြေနိုင်အောင် ၀မ်းနည်းရပါတယ်။


အတုခိုးတတ်တဲ့သဘာဝကိုတော့ အပြစ်မပြောလိုပါ။ ဒါပေမယ့် ခိုးမယ့်ခိုးရင်လည်းအတွင်းရောအပြင်ပါ ခိုးလိုက် တာ ပိုကောင်းပါဦးမယ်။ ကိုရီးယားအဆိုတော် Rain ကို သဘောကျရင် သူဝတ်သလို လိုက်ဝတ်၊ သူ့ဆံပင် မျိုးလိုက်ထားရုံတင်မကဘဲ သူတစ်ရက်ကို ၈ နာရီ အကကျင့်သလိုအလုပ်ကြိုးစားပြီး၊ Hollywood မှာ ပါ အောင်မြင်အောင် ကြိုးစားနေတဲ့ သူ့ရဲ့စိတ်ဓာတ်မျိုးကိုပါ အတုယူသင့်ပါတယ်။ ဒါမျိုးကျတော့ ကိုယ်နဲ့မဆိုင် သလို နေကြတာတွေ့နေရပါတယ်။ ကောင်းလိုက်တဲ့ အတုခိုးနည်းပါပဲ။


ရေးရင်းရေးရင်း တော်တော်စိတ်ပျက်လာတာကြောင့် ဆက်ရေးချင်စိတ်တောင်မရှိတော့ပါ။ စိတ်ပျက်လက်ပျက်နဲ့ လမ်းမဘက်ကို ကြည့်လိုက်မိတော့ သရုပ်မပျက်တဲ့ မြန်ရီးယားလေးတွေ လမ်းသလား နေကြတာတွေ့နေရလေရဲ့။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger