Tuesday 11 May 2010

စာသင်ခန်းတွင်း သင်ကြားမှုနည်းစံနစ်များ

ထိရောက်သော သင်ကြားမှုမျိုးရရှိစေရန် ဆရာဖြစ်သူသည် သင်ကြားမှုနည်းစံနစ်ကောင်းများကို လက်ကိုင်ထားရန်လို အပ်သည်။ဆရာတစ်ယောက်သည် မည်သည့်နည်းလမ်းကို သုံး၍သင်ကြားမည်ဆိုသည်ကို ရွေးချယ်ရာတွင် အမြင်များစွာရှိနိုင်ပေသည်။


ဆရာသည် သင်ခန်းစာအစီအစဉ်ကို ကိုယ်တိုင်ဆွဲနိုင်သလို၊ အခြားဆရာထံမှလည်း ငှားရမ်းအသုံးချနိုင်သည်။ ထို့ပြင် Online ပေါ်တွင်လည်းကောင်း၊ စာအုပ်စာတမ်းများမှလည်းကောင်း ရှာဖွေအသုံးပြုနိုင်သည်။ မည်သည့်သင်ကြားမှု နည်းစံနစ်ကို အသုံးပြုမည်နည်းဟု ဆုံးဖြတ်ရာတွင် ဆရာဖြစ်သူသည် ကျောင်းသားများ၏ နောက်ခံအသိဉာဏ်နှင့် ဗဟုသုတအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား၊ သင်ကြားမှု၏ရည်ရွယ်ချက်များ စသည်တို့ကို ဦးစွာထည့်သွင်း စဉ်းစားရပေမည်။ကျောင်းသားများသည်နည်းလမ်းအမျိုးမျိုးဖြင့်သင်ယူနိုင်စွမ်းရှိသည်ဆိုသည်ကိုလည်းကောင်း၊ ကျောင်းသားအားလုံးနီးပါးသည် ချီးကျူးဂုဏ်ပြုခံရခြင်းကိုကျေနပ်နှစ်သိမ့်ကြသည်ဆိုသည်ကိုလည်းကောင်း ဆရာများကသိရှိထားရန်လိုအပ်ပေသည်။


ကျောင်းသားများတွင် သတင်းအချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် သူတို့ဦးဏှောက်တွင်းသို့ စုပ်ယူမှတ်သားကြ သလို နည်းလမ်းမျိုးစုံဖြင့်လည်း သူတို့၏အသိဉာဏ်ပညာကို ဖော်ထုတ်လေ့ ရှိကြသည်။ ဆရာများသည် ကျောင်းသား များကို သတင်းအချက်အလက်များ ပေးရန်နှင့် သူတို့၏နားလည်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်စေရန် ခြားနားသော သင်ယူမှုနည်းလမ်းများကို ဖော်ထုတ်အားပေးနိုင်သည့် သင်ကြားမှုနည်းစံနစ်များကို အသုံးပြုရလေ့ရှိသည်။


သင်ကြားမှုနည်းဗျူဟာနှင့် နည်းစံနစ်ပေါင်းများစွာတို့ကို သုံးရခြင်း၏ အဓိကရည်မှန်းချက်မှာ ကျောင်းသားအားလုံးတွင် သင်ယူမှုအခွင့်အရေး ညီတူညီမျှ ရရှိစေရန်ဖြစ်သည်။ သင်ခန်းစာ အစီအစဉ်တစ်ခုကို နည်းလမ်းပေါင်းစုံကို အခြေခံ၍ ဆွဲသားနိုင်သည်။ ၄င်းတို့မှာ -


(၁) မေးခွန်းထုတ်ခြင်း

(၂) ရှင်းလင်းတင်ပြခြင်း

(၃) သရုပ်ပြခြင်း

(၄) သရုပ်ဖော်ခြင်း

(၅) ပေါင်းစပ်ညှိနှိုင်းဖြေရှင်းစေခြင်း စသည်တို့ဖြစ်ကြသည်။



မေးခွန်းထုတ်ခြင်း

မေးခွန်းထုတ်ခြင်းများပါသော သင်ကြားမှုနည်းစံနစ်သည် စာမေးပွဲစစ်ဆေးခြင်းနှင့် တူပါသည်။ ဆရာဖြစ်သူက ကျောင်းသားများ မည်သည့်အရာများကို သင်ယူတတ်မြောက်ပြီး၊ မည်သည့်အရာများကို သင်ယူရန်လိုအပ်နေသေး သည်ကို သိရှိနိုင်မည့် သတင်းအချက်အလက်များ ရစေရန် ဆရာဖြစ်သူက မေးခွန်းတွဲများကို မေးနိုင်သည်။ စာမေးပွဲ ငယ်များစစ်ဆေးခြင်းသည်လည်း မေးခွန်းထုတ်ခြင်းတစ်မျိုးပင်ဖြစ်သည်။ ဆရာဖြစ်သူသည် ကျောင်းသားအား သင်ကြား ပြီးသွားသော သင်ခန်းစာအပေါ်တွင် စာမေးပွဲငယ်များစစ်ဆေးခြင်းဖြင့် ကျောင်းသားဖြစ်သူ၏ တတ်မြောက်မှုစွမ်းရည်ကို စစ်ဆေးနိုင်သည်။ သို့သော် ဦးစွာပထမ ဆရာများအားမေးခွန်းထုတ်ခြင်းတွင် ကျွမ်းကျင်စေရန် လေ့ကျင့်ပေးထားရန် လိုအပ်သည်။ မေးခွန်းထုတ်သူကကျွမ်းကျင်လေ ဤသင်ကြားမှုနည်းစံနစ်က ပိုထိရောက်လေဖြစ်သည်။


ရှင်းလင်းတင်ပြခြင်း

ရှင်းလင်းတင်ပြခြင်းသည် လက်ချာပေးခြင်းနှင့် သဘောတရားခြင်း ဆင်တူပါသည်။ လက်ချာပေးခြင်းဆိုသည်မှာ စာသင်ခန်း(သို့) လူစုလူဝေးတစ်ခုအား သီးသန့်အကြောင်းအရာ(သို့) ဘာသာရပ်တစ်ခုအပေါ်၌ စကားဖြင့် ရှင်းလင်း တင်ပြခြင်း ဖြစ်သည်။ ဤနည်းစံနစ်ကို သရုပ်ဖော်ခြင်းနှင့် သရုပ်ပြခြင်းနည်းစံနစ်များဖြင့် ပေါင်းစပ်အသုံးပြုနိုင်သည်။ သိပ္ပံစမ်းသပ်ခန်းများတွင်ဆိုလျှင် လက်တွေ့စမ်းသပ်ခြင်းနှင့် တွဲဖက်နိုင်သည်။



သရုပ်ပြခြင်း

သရုပ်ပြခြင်းဆိုသည်မှာ သင်ထောက်ကူပစ္စည်းများကိုသုံး၍ ကျောင်းသားများအား အမြင်ရှင်းလင်းစေရန် သင်ကြား သောနည်းစံနစ်ဖြစ်သည်။ ကျောင်းသားများသည် အရာဝထ္ထု(သို့) ပြဿနာတစ်ခုကို မျက်မြင်တွေ့ရှိပြီးနောက် ဆီလျော်သော အဖြေရရှိရန် ကျိုးကြောင်းဆက်စပ်စဉ်းစားခြင်း၊ ကောက်ချက်ချခြင်းတို့ဖြင့် ချဉ်းကပ်နိုင်မည်ဖြစ်သည်။



သရုပ်ဖော်ခြင်း

အသစ်စူးစမ်းလေ့လာချက်များကို ကျောင်းသားများ သင်ယူရန်အခွင့်အရေးများရစေလိုသောအခါ ဤနည်းစံနစ်ကို သုံးနိုင်သည်။ သရုပ်ဖော်ခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဆရာကိုယ်တိုင်ပင် သရုပ်ဆောင်အဖြစ်ဆောင်ရွက်နိုင်သည်။ သူသည် ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သရုပ်ဖော်ခြင်းကို ပို၍ပီပြင်စေရန် အားဖြည့်နိုင်ပေသည်။


ပေါင်းစပ်ညှိနှိုင်းဖြေရှင်းစေခြင်း

ကျောင်းသားများအား သီးသန့်အုပ်စုများခွဲ၍ အလုပ်လုပ်စေခြင်းသည် သင်ကြားမှုကို အထောက်အကူပြုစေသော နည်းစံနစ်တစ်ခုပင်ဖြစ်သည်။ ပေါင်းစပ်လုပ်ကိုင်စေခြင်းဖြင့် ကျောင်းသားများအား သူတို့ကိုပေးအပ်ထားသော တာဝန် နှင့်ပတ်သက်၍ အမြင်များ၊ ဖြေရှင်းချက်များကို အချင်းချင်းဖလှယ်ရန် အခွင့်အရေးရစေသည်။ ဤသို့ဖြင့် ကျောင်းသား များအား မိမိတို့၏ထင်မြင်ချက်ကို ရဲဝံ့စွာကိုင်စွဲ၍ အများနှင့်ရင်ဆိုင်နိုင်ခြင်းကို လေ့ကျင့်ပေးနိုင်သည်။ ဤပေါင်းစပ်ဖြေရှင်းစေခြင်းနည်းစံနစ်ဖြင့် ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးရာတွင် ဆရာဖြစ်သူသည် ကျောင်းသားများကို အသင်းအဖွဲ့နှင့် ပေါင်းစပ်လုပ်ကိုင်ခြင်းစွမ်းရည်။ တစ်ဦးချင်း၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှုစွမ်းရည်တို့ကို တိုးတက်ဖွံ့ဖြိုးအောင်လေ့ကျင့်ပေးနိုင်သည်။


အထက်ပါဆောင်းပါးကို Answer.com မှကောက်နုတ် ပြန်ဆိုထားခြင်းဖြစ်သည်။ ပညာသင်ကြားခြင်းနှင့်ပတ်သက်သည့် နိုင်ငံတကာပညာရှင်များ၏ တင်ပြချက်၊ ထင်မြင်ချက်များကို အခြေခံ၍ မြန်မာဆရာများက မိမိတို့၏ကျောင်းသားများကို အကောင်းဆုံးလမ်းညွှန် ထိန်းကျောင်းကာ တိုးတက်သောလူငယ် ပညာတတ်များမွေးထုတ်နိုင်စေရန်ရည်ရွယ်ပါသည်။။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger