Tuesday 11 May 2010

Melody world

တနင်္ဂနွေနေ့ ညနေပိုင်းဆိုရင် မြ၀တီရုပ်သံကနေ သံစဉ်များနဲ့ကမ္ဘာ Melody world ဆိုတဲ့ အစီအစဉ် လွှင့်လေ့ရှိပါတယ်။ ကိုယ်တိုင် ကလည်း ဂီတကို မြတ်နိုးတာမို့ မကြာမကြာတော့ စောင့်ကြည့်ဖြစ်ပါတယ်။ ပထမတော့ ရည်ရွယ်ချက်ကောင်းတာကို သဘောကျတာရယ်၊ မျိုးဆက်သစ်ဂီတသမားလေးတွေကို စောင့်ကြည့်ချင်တာရယ်ကြောင့် ကြည့်ဖြစ်တာပါ။ ဒါပေမယ့် အကဲဖြတ်ဒိုင်လုပ်တဲ့ Joice Win နွဲ့ယဉ်ဝင်း လုပ်နေကိုင်နေတာတွေကို စိတ်ကုန်သွားတာကြောင့် စောင့်မကြည့်တော့တာ ကြာပါပြီ။

ပြိုင်ပွဲဝင်တဲ့ ချာတိတ်လေးတွေကို သုံးသပ်ချက်ပေးတဲ့အခါ နွဲ့ယဉ်ဝင်းက colourကဘယ်လို၊ toneကဘယ့်နှယ်၊
expression က ဘယ်ကဲ့သို့ဆိုပြီး သုံးသပ်ချက်တွေပေးပါတယ်။ ဒီအသုံးအနှုံးတွေက ပြိုင်ပွဲလာဝင်ကြတဲ့ ကလေးတွေအတွက် နားတော်တော်စိမ်းပါတယ်။ ကလေးတွေခမျာ ပြန်လည်းမမေးရဲ၊ ဘာမှလည်း နားမလည်ကြဘဲနဲ့ ဟန်လုပ်နေကြတာတွေ့ရတာ စိတ်ညစ်စရာပါ။ တကယ်ဆိုရင် အကြံပေးချက်ဆိုတာ သူများနားလည် သဘောပေါက်စေမယ့် စကားလုံးမျိုးကို ရွေးပြောပေးရတာမျိုးပါ။ ဒါမှလည်း လိုက်နာမှတ်သားနိုင်မှာပေါ့။ အခုလိုမျိုးလုပ်တော့ ပြိုင်ပွဲဝင်ကြတဲ့ ကလေးတွေတော့ မသိဘူး။ ကြည့်မိတဲ့ ပရိသတ်ကတော့ ပညာရှင်ချင်းတောင် မလေးစားချင်တော့ပါ။

တပည့်တစ်ယောက်ကမေးပါတယ်။ အဲဒါတွေက ဘာတွေကို ပြောတာလဲတဲ့။ စိတ်ပေါက်ပေါက်နဲ့ဖြေလိုက်တယ်။ tone တွေ colour တွေ ကောင်းအောင် ထန်းတုံးကို ဆေးရောင်လှလှသုတ်ပြီး စင်ပေါ်တက်ရမယ်လို့ဖြေပေးလိုက်တယ်။ ဘယ့်နှယ် ဒိုင်လူကြီးအကြံပေးတော့မှပဲ ပြိုင်ပွဲဝင်တွေရော၊ ပရိသတ်ပါ ဒုက္ခရောက်ရတယ်လို့။

ပြီးတော့ရှိပါသေးတယ်။ အဲဒီမှာပြိုင်ပွဲဝင်ကြတဲ့ ကလေးတွေကို ဆရာမကြီးက expressionတရှင်းထဲရှင်းခိုင်းနေတော့ သီချင်းဆိုတာနဲ့ ယိမ်းကတာနဲ့ရောကုန်ပါလေရော။ ပြိုင်ပွဲဝင်လေးတွေမှာ ကိုယ့်ရင်ထဲဆိုရင် ရင်ဘတ်ကိုလက်နဲ့ဖိရ၊ မင်းရဲ့ဆိုရင် ပရိသတ်ကို လက်ညှိုး ထိုးရတာ formulaဖြစ်လာပါတယ်။ အနုပညာဆိုတာ ပုံစံသတ်မှတ်လို့ရတဲ့ အရမဟုတ်ဘဲ ကိုယ်ကြိုက်သလို ပုံဖော်ခွင့်ရှိတယ် ဆိုတာ မေ့များမေ့ရော့သလားမသိပါ။ သူပြောသလို expression ကောင်းရမယ်ဆိုရင် ကိုခင်မောင်တိုးတို့၊ ကိုထီးတို့၊ ကိုငှက်တို့ခမျာ အဆိုတော်တောင် ဖြစ်တော့မှာမဟုတ်ပါ။ ဒီအစီအစဉ်ကနေမွေးထုတ်ပေးလိုက်တဲ့ အဆိုတော်သစ်လေးတွေဟာ မယ်တော်ကြီးနွဲ့ယဉ်ဝင်း စိတ်ကြိုက်ပုံသွင်းထားတာဖြစ်လို့ ဘယ်သူ့ကြည့်ကြည့် ခေါက်ရိုးကျိုးနေပါရော။ ခြေလှုပ်လက်လှုပ် လှုပ်မယ်၊ သီချင်းကို အသံမတုန် တုန်အောင်ဆိုမယ်၊ အသံကောင်းကြောင်းသူများသိရင်ပြီးရောဆိုပြီး စည်းမပေါက်ပေါက်အောင် အသံရှည်ရှည်ဆွဲမယ် ဆိုတာတွေ ဖြစ်ကုန်ပါရော။

အစီအစဉ်ရဲ့ရည်ရွယ်ချက်က ဂီတလောကရဲ့မျိုးဆက်သစ်တွေဖော်ထုတ်ဖို့ဆိုပေမယ့် တကယ်ထွက်လာနေတာက နွဲ့ယဉ်ဝင်း မျိုးဆက်သစ် တွေချည်းပဲ ထွက်နေတာမြင်နေရတော့ စိတ်ပျက်လိုက်တာ။ Sponser ပေးတဲ့ ကုမ္ပဏီကိုတောင် သနားလာမိတာကြောင့် ဒီအစီအစဉ်လာရင် မကြည့်တော့တာတောင် တော်တော်ကြာပေါ့။ ။

No comments:

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger