Sunday, 30 May 2010

ဂန္ဓီကြီးရဲ့ ဖိနပ်တစ်ရံ . . .

တစ်နေ့ မဟတ္တမဂန္ဓီကြီး ခရီးသွားရန်ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက်ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ်ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူပြန်ကောက်ရန်မဖြစ်နိုင်တော့။

ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာကျန်နေသေးသည့် ဖိနပ်နောက်တစ်ဖက်ကို ချွတ်ကာ စောစောကဖိနပ်ကျွတ်ကျခဲ့သည့် နေရာဘက်သို့ လှမ်းပစ်ပေးလိုက်သည်။

ဟာ...ဘာလုပ်လိုက်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးကပြုံးပြီး “စောစောကတစ်ဖက်တည်း ကောက်ရမယ့်သူ အခုဆိုရင် တစ်ရံရသွားမှာပေါ့ဗျာ။ အဲဒါဆို သူစီးလို့ရပြီပေါ့” ဟုဖြေလေသတည်း။

Saturday, 29 May 2010

ဒီနေ့ မပျော်ပါ . . .

စာမရေးဖြစ်တာ သုံးရက်ကြာသွားတယ်။ အလပ်များတာကနည်းနည်း စိတ်မကြည်တာကများများကြောင့်ပါ။ လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေလို့ ရှေးလူကြီးတွေဆိုထားခဲ့တာ သိပ်မှန်ပါတယ်။ တစ်ခါတစ်ခါ သူများအတွက် ဘာမှမဖြစ်လောက်တဲ့ ကိစ္စလေးတွေက ကိုယ့်အတွက်ကျမှ စိတ်ညစ်စရာကြီးကြီးမားမားဖြစ်နေတတ်တာ သိပ်ဆိုးပါတယ်။ အရွယ်လေးလည်း အထိုက်အလျောက်ရလာပြီဖြစ်တာကြောင့် တရားသဘောနဲ့ဆင်ခြင်နိုင်တဲ့ အသိဉာဏ်နည်းနည်းတော့ရှိလာပြီဆိုနိုင်ပေမယ့် တရာသဘောကပ်မိတာ ဆယ်ခါ့တစ်ခါပါ။ ဒီလိုသာ မကြာမကြာ စိတ်ညစ်နေရရင် အသက်တိုမယ်ထင်ပါရဲ့။

ဘ၀မှာကြုံလာသမျှပြဿနာတွေကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လူတွေကိုတွေ့တိုင်းအားကျမိပါတယ်။ တကယ်ဆိုရင် ဘ၀မှာလုပ်နေကိုင်နေ၊ ကြိုးစားနေသမျှအားလုံးဟာ ပျော်ရွှင်ချမ်းမြေ့တဲ့စိတ်ခံစားမှုကို ရဖို့ပဲမဟုတ်လား။ ကိုယ့်အဖြစ်ကျမှ ကြိုးစားလေ၊ အောင်မြင်လေ၊ စိတ်ညစ်စရာများလေဖြစ်နေရတာ ပြန်တွေးတိုင်းဝမ်းနည်းပါတယ်။ အဲဒီအချိန်တိုင်း အဝေးကမိဘတွေကို လွမ်းလိုက်တာ...

အခုနေများ မိဘရင်ထဲခေါင်းဝင်တိုးပြီး ခံစားရတာတွေကို ရင်ဖွင့်ပြောနိုင်တဲ့ အခြေအနေကို ချက်ခြင်းရောက်နိုင်ရင် ဘယ်လောက်များကောင်းလိမ့်မလဲနော်......

Wednesday, 26 May 2010

အသိဉာဏ် အလင်းခလုတ်ဖွင့်တဲ့ ဘာသာရပ်တွေ . . .

Saturday, April 17, 2010

သိန်းနိုင်
ကျောင်းပညာရေးမှာ အခြားကလေးတွေ၊ သူငယ်ချင်းတွေထက် အများကြီး နောက်ကျ ကျန်နေရတဲ့ ကလေးတွေနဲ့ ပတ်သက်လို့ နေ့စဉ်လိုလို ကြားနေရပါတယ်။ ကျောင်းကိုလည်း စိတ်မ၀င်စား၊ စာတွေလည်း မလိုက်နိုင်နဲ့ မဟုတ်လား၊ ရလဒ်တွေလည်း မကောင်း။ တစ်စုံတစ်ယောက် (များသောအားဖြင့်ကတော့ ဆရာဆရာမတစ်ဦးဦး) က အဲဒီကလေး အတွက် “အသိဥာဏ်အလင်းခလုတ်” ကို မှန်မှန်ကန်ကန် ဖွင့်ပေးလိုက်နိုင်တယ်။ အဲဒီအခါမှာ အဲဒီ ကျောင်းသားတွေဟာ ရုတ်တရက် ဆိုသလို ကျောင်းကို ပြန်လည် စိတ်ပါဝင်စားမှု ရှိလာပြီး အနာဂတ် အောင်မြင်မှု တွေကိုလည်း ရရှိတော့တယ်။

ငယ်ရွယ်တဲ့ ကျောင်းသားအချို့အတွက်တော့ အဲဒီ “အသိဥာဏ် အလင်းခလုတ်” ဆိုတာဟာ အနုပညာ ဘာသာရပ် ဖြစ်တယ်။ ကလေး အများစုကတော့ သိပ္ပံ၊ သင်္ချာ၊ (သို့မဟုတ်) ဘာသာစကား အတန်းတွေမှာ စိတ်ပါဝင်စားမှုနဲ့ အနာဂတ် ရွေးချယ်စရာ အနေနဲ့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြားကလေးတွေမှာတော့ ဂီတ၊ အက၊ ပြဇာတ်နဲ့ အခြားသော အမြင်အာရုံဆိုင်ရာ အနုပညာ တွေကသာလျှင် သူတို့ရဲ့ စိတ်ပါဝင်စားမှုကို ရရှိစေပြီး အနာဂတ်ဘ၀တွေ တောက်ပမှု အတွက်လည်း များစွာ အရေးကြီး ပြန်ပါတယ်။

မန္တလေးမြို့က မူလတန်း ကလေးငယ်တွေအတွက် ပန်းချီအနုပညာပြ ဆရာမတစ်ဦးဖြစ်တဲ့ မခင်စပယ်ဖူး အနေနဲ့ ကလေးတွေကို အနုရသဘာသာရပ်နဲ့ ထိတွေ့လေ့လာခွင့် ပေးလိုက်တာနှင့် တပြိုင်တည်းလိုလိုမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ ဖြစ်လာတာကို တွေ့ကြုံခဲ့ရဖူးပါပြီ။ “ရှက်ရွံ့ကြောက်လန့်နေတဲ့ ကလေးငယ် တွေဟာ သူတို့ရဲ့ ကိုယ်ဘာသာနေနေရာကနေ အပြင်ကို ထွက်လာကြပြီး ပြောရဲ၊ ဆိုရဲ၊ ဆက်ဆံရဲ လာကြတယ်။ အရင်တုန်းက မတွေ့ခဲ့ဘူးတဲ့ မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တွေ့ရတော့တယ်။ ကိုယ့်အားကိုယ်ကိုးလိုစိတ် လည်း တိုးပွား လာတာပါ။”

သုတေသနတွေ့ရှိချက်တွေအရ ဂီတနဲ့ အခြားသော အနုပညာဘာသာရပ်တွေကို လေ့ကျင့်ခွင့်ရခြင်းဟာ ဦးနှောက် ဖွံ့ဖြိုးမှုကနေ ဘာသာရပ်ရမှတ်တွေအထိ၊ စာလေ့လာတဲ့ အလေ့အထကနေ ကျောင်းကို စိတ်ပါဝင်စားမှုအထိ အပြုသဘောဆောင်တဲ့ သက်ရောက်မှုရှိနေတာကို ထောက်ပြထားပါတယ်။ အနုရသဘာသာရပ်နဲ့ ပတ်သက်ပြီး အခုလို အထောက်အထားတွေ ရှိနေပေမယ့်လည်း ကျောင်းတွေမှာတော့ ဘာသာရပ်ကျွမ်းကျင်တဲ့ ဆရာတွေ မထားနိုင်သေးသလို သင်ရိုးညွှန်းတမ်းမှာလည်း သတ်သတ်မှတ်မှတ် ထည့်သွင်းထားတာမရှိသေးပါဘူး။ ကျောင်းတွေမှာ တပတ်မှာ ၁ချိန်၊ ၂ ချိန်လောက်ကို ထည့်သွင်းထားကြ ပေမယ့်လို့ ပုံမှန်ဖွံ့ဖြိုးမှုရှိလာအောင် တိကျတဲ့ သင်ကြားရေးအစီအစဉ်တွေကို မဆွဲနိုင်ကြသေးပါ။

သာမန် ပျော်စရာကောင်းတဲ့ အားလပ်ချိန်လိုလို မြင်နေကြ တာကလည်း ဘာသာရပ်တန်ဖိုးကို မှေးမှိန်စေပြန် ပါတယ်။ အခြားသော “အရေးကြီးတယ်” လို့ မှားယွင်းစွာ၊ တဖက်စောင်းနင်း ယူဆထားတဲ့ ဘာသာရပ်တွေ အကြားမှာ မျက်နှာငယ်နေရတယ်မဟုတ်လား။ “စာမေးပွဲ” ရယ်လို့လည်းမရှိပြန်၊ “ရမှတ်” နဲ့လည်း မတိုင်းတာ တော့ အနုရသ ဘာသာရပ်ကို မိဘတွေ၊ ကလေးတွေတင်မကဘဲ ကျောင်းဆရာဆရာမများနဲ့ ပညာရေး တာဝန်ရှိသူတွေကပါ လျစ်လျူရှုထားကြပါတယ်။ ကျောင်းမှာက အခြားသော အခက်အခဲတွေများစွာ ရှိနေပြန် တာလည်း ပါတာပေါ့လေ။ “ပင်ရင်းဘာသာရပ်” တွေရယ် “စာမေးပွဲ” အပေါ်မှာသာ အာရုံစိုက်တတ်ကြပါတယ်။

ဂီတဆရာမတစ်ဦးဖြစ်တဲ့ မမြိုင်က အခုလို ရှင်းပြပါတယ်။ “သိပ်ကို ထူးခြားလှပါတယ်။ အနုပညာမှာ မမြင်နိုင်တဲ့ စွမ်းအားသတ္တိတွေ ရှိနေတာ။ ကိုယ်လုပ်နေတာနဲ့ ပတ်သက်လို့ အမှား၊ အမှန်၊ အကောင်း၊ အဆိုးကို တပြိုင် တည်းမှာ ပိုင်းခြားဝေဘန်နေရတယ်၊ သိမြင်ခံစားနေရတယ်။ ကိုယ် ဖန်တီးနေတဲ့အရာတွေကိုပါ။” မူလတန်းအရွယ် ကလေးငယ်တွေနဲ့အတူ တယောသံစမ်းရင်း သူမရဲ့ အမြင်သဘောထားကို ဆက်ပြောပြခဲ့ ပါတယ်။ “၀ါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကလေးတွေဟာ ဂီတတူရိယာ တစ်ခုခုကို လေ့လာခွင့် ရရှိသင့်ပါတယ်။ ရသခံစားတတ်မှုကို အများကြီး အထောက်အကူဖြစ်စေတယ်။ ပြီးတော့လည်း စိတ်နှလုံးသား တွေ နူးညံ့သိမ်မွေ့လာကြတာ တွေ့ရပါတယ်။ စူးစိုက် နားထောင်တတ်တဲ့ စွမ်းရည်တိုးတက်လာတယ်။ လူမှု ဆက်ဆံရေးတွေအတွက် အများကြီး အထောက်အကူပြုတာပါ။”

ကျောင်းတွေမှာ အနုရသ ဘာသာရပ်ကို သင်ကြားရေး

နိုင်ငံတကာပညာရေးသုတေသနတွေ့ရှိချက်တွေကတော့ဖြင့် စိတ်ဝင်စားစရာကောင်းလှပါတယ်။ နယူးယောက် မြို့၊ အနုရသဘာသာရပ်လေ့လာရေးဌာနရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်တဲ့ ကက်စ်လာအနေနဲ့တော့ အနုရသ ဘာသာရပ်ဟာ ပညာရေးနဲ့ လူမှုရေးမှာ အောင်မြင်မှုတွေ ရရှိစေနိုင်ပေမယ့် ကျောင်းတွေမှာ အလေးထား မလုပ်သေးတဲ့ အတွက် စိုးရိမ်ကြောင်းကို ပြောဆိုခဲ့ပါတယ်။ သူတို့ဌာနရဲ့ လေ့လာတွေ့ရှိချက်အရ အနုရသ ဘာသာရပ်ကို အလေးထားပြီး လေ့ကျင့်သင်ကြားတဲ့ အထက်တန်းကျောင်းတွေမှာ ဒီမြို့ရဲ့ အောင်ချက် အကောင်းဆုံးဖြစ်နေတာကိုပါ။

အခြားသော အနုရသဘာသာရပ် မြှင့်တင်ရေးပညာရှင်များလိုဘဲ ကက်စ်လာက အနုရသဘာသာရပ်ဟာ ကလေးရဲ့ ဘက်စုံဖွံ့ဖြိုးရေးမှာ အလွန်အရေးကြီးတယ်လို့ ယုံကြည်ထားပါတယ်။ “ကလေးတွေဟာ အရည်အသွေးပြည့်မီပြီး ဘက်စုံပညာရေးကို ရရှိသင့်တယ်ဆိုတာ အမှန်တကယ် ယုံကြည်တယ်ဆိုရင်တော့ အနုရသပညာရေးဟာ ပညာရေးညီမျှခြင်းမှာ မရှိမဖြစ် လိုအပ်လှပါတယ်။”

မြန်မာ့ကျောင်းပညာရေးမှာ မညီမျှမှုတွေရှိနေတဲ့အတွက် အနုရသဘာသာရပ်နဲ့ ဂီတပညာရေးကို ကလေးတိုင်း လက်လှမ်းမမီ သေးတာ ကတော့ဖြင့် အံ့သြစရာ မဟုတ်ပါဘူး။ ရန်ကုန်နဲ့ အခြားသောမြို့ကြီးတွေမှာရှိတဲ့ top ten ကျောင်းကြီးတွေရယ်၊ အခကြေးငွေ များစွာပေးရတဲ့ ပုဂ္ဂလိကကျောင်းတွေမှာတော့ အနုရသပညာ ဘာသာရပ်နဲ့ ဂီတကို သတ်သတ်မှတ်မှတ် ထည့်သွင်းသင်ကြားပေးကြပေမယ့် အစိုးရကျောင်းတွေ၊ ကိုယ်ထူ ကိုယ်ထ ကျောင်းတွေနဲ့ ကျေးလက်ဒေသက ကျောင်းတွေမှာတော့ အင်မတန်မှ အလှမ်းဝေးနေဆဲပါ။ ဘက်စုံမဟုတ်တဲ့၊ အချိုးမညီတဲ့၊ စွမ်းရည်အထွေထွေ အတွက် မပြင်ဆင်ပေးနိုင်သေးတဲ့ သင်ရိုးညွှန်းတမ်း ကိုသာ သုံးနေကြရတယ်။

အောင်ချက်မမြင့်တဲ့ ကျောင်းတွေမှာ အနုရသဘာသာရပ်ကို ငယ်စဉ်ကတည်း လေ့ကျင့်သင်ကြားဖို့ ပျက်ကွက်တာ ကိုလည်း လေ့လာ တွေ့ရှိနိုင်ပါတယ်။ ကျောင်းတိုင်းမှာ မသင်မနေရ ထည့်သွင်း သင်ကြား နိုင်အောင်လို့ ဘာသာရပ် တန်ဖိုးကို မြှင့်တင်ပေးရမှာပါ။ ရိုးရာနဲ့ ခေတ်ပေါ် နည်းစနစ်တွေလည်းပါဝင်တဲ့ သင်ခန်းစာတွေနဲ့ အနုရသ ဘာသာရပ်သင်ရိုးညွှန်းတမ်းကို တည်ဆောက်သင့်ပါတယ်။

မူလတန်းအရွယ်မှာကတည်းက စတင်ပြီး လေ့ကျင့် ပေးသင့်တယ်လို့ အနုရသပညာရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကလေးတိုင်းဟာ မသင်မနေရ လေ့လာရမှာဖြစ်ပါတယ်။ ပါဝင် လုပ်ဆောင်စေသင့်တယ်။ ဆရာမ မခင်စပယ်ဖူးကတော့ “ပန်းချီဖြစ်ဖြစ်၊ ဂီတဖြစ်ဖြစ် လေ့ကျင့်သင်ကြားပေးဖို့ဆိုတာကတော့ သင်ရိုးညွှန်းတမ်း အကြီးကြီး တည်ဆောက်ထားမှ မဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းတဲ့အခါ ရိုးစင်းလွယ်ကူစွာ လုပ်ဆောင် နိုင်ပါတယ်။ သင်တဲ့ဆရာဆရာမအနေနဲ့လည်း စပယ်ရှယ်လစ် ဖြစ်ဖို့ မလိုပါဘူး။ အခြေခံ သဘော လောက်ကို သိရှိ နားလည်ထားပြီး အနုရသ ပညာရေးရဲ့ တန်ဖိုးကို သဘောပေါက်ထားဖို့က အဓိက ဖြစ်တယ်။” လို့ အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ နည်းအချို့ကို ရှင်းပြပါတယ်။ “အပတ်စဉ် အနုရသအချိန်တိုင်းမှာ ပုံမှန် လုပ်ဆောင် နိုင်ဖို့က အရေးအကြီးဆုံးပါ။ ကိုးကားစရာ စာအုပ်တွေကိုလည်း ရှာဖွေစုဆောင်း ထားသင့်ပါတယ်။”

အခြားသော ဘာသာရပ်များနှင့် ဆက်နွယ်မှု

အနုပညာပုံစံ ၃၊ ၄ မျိုးဆက်စပ်ပြီး သင်ကြားခြင်းဟာ ပိုမို ထိရောက်တယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် ဂီတ၊ အကနဲ့ သရုပ်ဆောင်ခြင်းတို့ ပေါင်းစပ်ထားသလိုမျိုးပါ။ အခြားသော ဘာသာရပ်တွေကို လေ့ကျင့်သင်ကြား ရာမှာလည်း သင်ခန်းစာတိုင်းလိုလိုမှာ သက်ဆိုင်ရာ အကြောင်းအရာအလိုက် ရုပ်ပုံတွေရေးဆွဲခြင်း၊ သီချင်း သီဆိုခြင်း၊ ကဗျာ ရွတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းတွေကို ဖန်တီးနိုင်ပါသေးတယ်။ ကိုယ်ဟန်ပန်အမူအယာ၊ အသက်ရှုပုံ၊ စာသားကို ဖတ်ရှုခြင်းနဲ့ စုပေါင်းလုပ်ဆောင်ရခြင်းတွေ ပါရှိနေတယ်။ စိတ်ကူးစိတ်သန်းတွေ ဆန်းသစ်လာအောင်လည်း အားပေးရာရောက်ပါတယ်။ ရသခံစားတတ်မှု စွမ်းရည်ကိုလည်း တပြိုင်နက်တည်း လေ့ကျင့်ပေးရာရောက်ပါတယ်။ မူလတန်းအတန်းတွေမှာ အလွန်ဘဲ အသုံးတည့်လှပါတယ်။

အတန်းကြီးလာတဲ့အခါမှာတော့ အနုပညာဆိုင်ရာ ဖန်တီးချက်တွေကို ဝေဘန်ပိုင်းခြားတဲ့ သင်ခန်းစာတွေ လိုအပ်လာပါပြီ။ ရသခံစားမှုအပြင် ပညာရပ်ပိုင်းကို လေ့လာစူးစမ်းခြင်းဖြစ်တယ်။ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းကို လေ့ကျင့်ပေးခြင်းပါ။

ဒါဟာ ဘာသာရပ်အလိုက် အဓိက အသိပညာနဲ့ အနုရသပညာရေးတို့ ပေါင်းစည်းမှုဖြစ်တယ်။ အသိပညာကို ပိုမိုမြဲမြံစေပြီး ပျော်ရွှင်စရာ စာသင်ခန်းတွေလည်းဖြစ်လာပါမယ်။

သိန်းနိုင်

အဆင်ပြေချောမွေ့သော စာသင်ခန်းပတ်ဝန်းကျင်တစ်ခု တည်ဆောက်ခြင်း. . .

Aug 30, 2008 Elizabeth Richards

ဆရာတစ်ယောက်၏ စံနစ်တကျနှင့် အမြော်အမြင်ရှိသော စည်းကမ်းချက်များသည် ၄င်း၏ကျောင်းသားများအား ပညာသင်ယူရာတွင် အဆင်ပြေပြေနှင့် ပျော်ရွှင်စွာပညာသင်ယူနိုင်စေရန်များစွာ အထောက်အကူပြုပေသည်။

ကျောင်းသားများ၏ အပြုအမူနှင့်ဆိုင်သောစည်းကမ်းချက်များသည် စာသင်ခန်းပတ်ဝန်းကျင်ကို အားလုံးအတွက် အပြုသဘောဆောင်သည့် နွေးထွေးသောပတ်ဝန်းကျင်ဖြစ်အောင်ပံ့ပိုးမည်ဖြစ်သည်။

ဆရာများနှင့် သင်ကြားမှုနှင့် သင်ယူမှုပတ်ဝန်းကျင်တွင်ရှိသောလူတိုင်းအတွက် ထင်သာမြင်သာရှိသော နေရာများတွင် စည်းကမ်းချက်များကို ထားရှိပေးခြင်းဖြင့် ပညာရေး၏အကောင်းဆုံးသော အရသာကို ရရှိခံစားရစေမည်ဖြစ်သည်။

( ၁ ) စည်းကမ်းချက်များကို အရှင်းလင်းဆုံးအရေးအသားနှင့် အထင်ရှားဆုံးနေရာတွင် ထားပါ
ဆရာဖြစ်သူ၏ စာသင်ခန်းစည်းကမ်းများကို ကျောင်းသားအားလုံးမြင်နိုင်သောနေရာတွင် ချိတ်ဆွဲထားပါ။ တတ်နိုင်သလောက် အများနားလည်နိုင်အောင် အရိုးရှင်းဆုံးရေးပါ။ စည်းကမ်းချက်များနှင့် အထားအသိုပုံစံကို
အရွယ်အရလိုက်ဖက်ညီအောင် ပြုလုပ်ပြီး ဖြစ်နိုင်လျှင် ပျော်ရွှင်စရာစာသားများ၊ အပြုသဘောဆောင်သောစာသားများကို သုံးပါ။

( ၂) အပြုသဘောဆောင်ပါစေ
“မလုပ်ပါနဲ့” ဆိုသည့်စာသားများအစား “လုပ်ပါ”ဆိုသောစာသားများကိုသာ သုံးစွဲပါ။ အပြုသဘောဆောင်သော ဆရာ၏မူဝါဒများကို အလွယ်တကူနားလည်နိုင်သော ပုံစံဖြင့်ရေးသားပါ။
ဥပမာ။ ။
“စကားမပြောရ” အစား “တိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်ပါ”
“ မပြေးရ” အစား “ လမ်းလျှောက်သွားပါ”
“ စာသင်နေစဉ် မနှောင့်ယှက်ရ” အစား “ ပြောစရာရှိလျှင် လက်ထောင်ပါ”
“ ရိုင်းပြခြင်းမပြုရ” အစား “သူတပါးကို လေးစားပါ”

( ၃ ) အကျိုးဆက်ကို ရှင်းလင်းစွာသိပါစေ
ဆုလာဘ်များနှင့် ပြစ်ဒဏ်များကို ကျောင်းသားများနှင့်ဆွေးနွေးပါ။ စည်းကမ်းချက်များသည် အဘယ်ကြောင့်လိုအပ်ကြောင်းနှင့် တစ်စုံတစ်ယောက်က စည်းကမ်းချိုးဖောက်လျှင် မည်သို့ဖြစ်နိုင်ကြောင်းရှင်းပြထားပါ။
ဆရာ၏မူဝါဒသည် တိကျပြတ်သားရမည်ဖြစ်ပြီး စည်းကမ်းချက်များအားလုံးသည် ကျောင်းသားအားလုံးအတွက် အကျိုးသက်ရောက်ရမည်ဖြစ်ဖြစ်ပြီး မျက်နှာသာပေးခြင်း၊ ခြွင်းချက်ထားခြင်းမျိုးမရှိစေရပါ။

( ၄ ) ဆုလာဘ်များနှင့် ပြစ်ဒဏ်များကို ချက်ချင်းချမှတ်ပါ
ကျောင်းသားများသည် ချက်ချင်းတုံ့ပြန်မှုမျိုးရရှိရန်လိုအပ်သည်။ ကျောင်းသား၏ လက်မခံနိုင်သောအပြုအမူကိုပြုပြင်ခြင်းဖြစ်စေ၊ အပြုအမူကောင်းများကို သင်ကြားပေးခြင်းဖြစ်စေ ကျောင်းသားတစ်ယောက် စည်းကမ်းဖောက်ဖျက်သည်နှင့်တပြိုင်တည်း ပြုလုပ်မှသာ အကောင်းဆုံးအကျိုးသက်ရောက်မှုကို ရရှိမည်ဖြစ်သည်။

( ၅ ) လက်မခံနိုင်သော အပြုအမူများကို ပြုပြင်ပေးသည့်အခါ အေးဆေးငြင်သာသော လေသံကိုသုံးပါ
ကျောင်းသားကို အရှက်မရစေဘဲ ၄င်းပြုလုပ်သောအပြုအမူ၏ အကျိုးဆက်များကို ရှင်းပြပါ။ ကျောင်းသားများသည် ဆရာဖြစ်သူက ပြဿနာတစ်ရပ်ကို တည်ငြိမ်အေးဆေးစွာရှင်းပြလျှင် ပို၍ရှင်းလင်းနားလည်သဘောပေါက်ကြသည်။
ကျောင်းသားတစ်ယောက် စည်းကမ်းဖောက်ဖျက်ခြင်းသည် ကျောင်းသားများအား စည်းကမ်းအကြောင်းသင်ကြားပေးရန်နှင့် သင်ယူရန်အခွင့်အရေးဖြစ်ကြောင်း သတိရပါ။

( ၆ ) သင့်ဒေါသကို လူမမြင်ပါစေနှင့်
မကြာခဏ စည်းကမ်းဖောက်ဖျက်မှုများနှင့်ကြုံရလျှင် စိတ်တိုလာတတ်သည်မှာ သဘာဝပင်ဖြစ်သည်။ ဆရာဖြစ်သူ၏ဒေါသနှင့် စိတ်ခံစားချက်များကို ကျောင်းသားများမမြင်အောင် ထိန်းသိမ်းထားခြင်းဖြင့် သင်ကြားမှု၏အဓိကရည်မှန်းချက်ပျောက်ဆုံးခြင်းနှင့် စည်းကမ်းချက်များ၏အကျိုးသက်ရောက်မှုကျဆင်းခြင်းများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

( ၇ ) ကိုယ်ဟန်အမူအယာ
ကျောင်းသားများကိုစကားပြောသောအခါ ၄င်းတို့နှင့်မျက်နှာချင်းဆိုင်၍ပြောပါ။ လေ့လာမှုများက ၇၅%သောလူများသည် အမြင်အာရုံမှတစ်ဆင့် သင်ယူလေ့လာကြသည်ဟုဆိုသည်။ ဆရာဖြစ်သူ၏ပါးစပ်မှ အကြောင်းအရာတစ်ခုကိုပြောဆိုနေလျှင် ဆရာ၏မျက်နှာနှင့် ကိုယ်ဟန်အမူအယာကပါ ထိုအကြောင်းအရာနှင့်လိုက်ဖက်ညီရန်လိုအပ်သည်။
ထိုသို့မဟုတ်လျှင် ကျောင်းသားများသည် ဆရာ၏စကားကို ယုံကြည်မှုရှိမည်မဟုတ်သောကြောင့် ဆရာ၏ရည်မှန်းချက်လည်း
အောင်မြင်တော့မည်မဟုတ်ပါ။

( ၈ ) ရန်မဖြစ်ပါနှင့်
ရန်မဖြစ်ပါနှင့် ဆိုသည့်ဆောင်ပုဒ်သည် ဆရာများအတွက်လည်းဖြစ်ပါသည်။ ကျောင်းသားများ၏ ပြဿနာထဲတွင်ပါဝင်အောင် ဖြားယောင်းမှုများထဲသို့ ဆရာဖြစ်သူကိုယ်တိုင် မကျရောက်ပါစေနှင့်။ ကျောင်းသားများသည် ဤကိစ္စမျိုးတွင် ပါရဂူများဖြစ်ကြသည်။
သို့သော်၎င်းဖြစ်ရပ်သည် မည်သူမှအနိုင်မရနိုင်သောအခြေအနေဖြစ်ကြောင်း ဆရာဖြစ်သူကသိထားရပေမည်။ အကယ်၍ ကျောင်းသားတစ်ယောက်က ဆရာဖြစ်သူအားပြဿနာတစ်ရပ်ထဲသို့ ဆွဲသွင်းလာလျှင် ဆရာဖြစ်သူက ပါးနပ်စွာဖြင့် ရှောင်တိမ်းနိုင်ရန်လိုအပ်ပေသည်။
အဓိကအချက်မှာ ဆရာသည် မည်သည့်အခါမှ ဒေါသမထွက်ရန်ဖြစ်သည်။ ဒေါသထွက်မိသည်နှင့်တစ်ပြိုင်နက် ထိုဆရာသည် ကျောင်းသားများ၏လှည့်ကွက်ထဲသို့ လုံးဝကျရောက်သွားမည်ဖြစ်သည်။

အထက်ပါအချက်ရှစ်ချက်သည် ပညာသင်ရန်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရန် အကောင်းဆုံးအထောက်အကူပြုပါလိမ့်မည်။

Monday, 24 May 2010

လိုက်မလားခင် . . .

လိုက်မလားခင်
ပင်လယ်ပြင်ရိုင်း
မုန်တိုင်းထန်ထန်
မိုးကြိုးသံနဲ့
လှေငယ်နဲ့...

လိုက်မလားခင်
မညာချင်ဘူး
ရေပြင်ကျယ်ကျယ်
လှေငယ်ငယ်မို့
အလွယ်ကူးဖို့ လွယ်ဘူးခင်...

လိုက်မလားခင်
သေချင်သေမယ်
အန္တရာယ်တော
ငါးမန်းပေါလို့
ပျော်ဖို့ကောင်းမယ်မထင်ဘူး...

လိုက်မလားခင်
လှေငယ်မြင်ကြည့်
ရွက်မရှိဘူး
တက်အိုနှစ်လက်
လှေဝမ်းထက်မှာ
အဏ္ဏ၀ါကို စိန်ခေါ်စို့...

လိုက်မလားခင်
ပင်လယ်ပြင်မှာ
လှေမှောက်ပါရင်
ကိုယ့်ဝန်ကိုယ်ထမ်း
ကူးကြစမ်းမယ်
ဘယ်သောင်ဘယ်ကမ်း ရောက်စေပေါ့...

လိုက်မလားခင်
ဘ၀ပင်လယ်
အန္တရာယ်တော
လှေငယ်မျှောမယ်
မမောမပမ်း
မညည်းတမ်းဟေ့
ကမ်းခြေမသိ
အချစ်ရှိတယ်
နတ္တိဗလာ
ကျန်တာမလို
မောင့်လက်ကိုဆွဲ ရဲရင်လာ...။ ။

ဟန်ကြည်
၂၄।၅।၂၀၁၀ ( တနင်္လာနေ့ )
ည- ၁၁।၄၅ နာရီ

ဆယ်ကျော်သက်များကို ပညာသင်ယူစေရန် ဆွဲဆောင်ခြင်း . . .

Mar 6, 2009 Tammy Andrew

အထက်တန်းကျောင်းသားများကို စာသင်ခန်းများထဲတွင် စွဲစွဲမြဲမြဲရှိနေစေရန်ကြိုးစားရခြင်းသည် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ ၄င်းတို့မည်သို့သင်ယူကြသည်ကိုသိမှ ဆရာသည်သူ၏ကျောင်းသားများ၏ လိုအပ်ချက်များအတွက် မည်သို့ပြုပြင်ပြောင်းလဲရမည်ကို ဆုံးဖြတ်နိုင်ပေမည်။

အထက်တန်းဆရာအများစုသည် တက်ကြွမှုမရှိသောကျောင်းသားများနှင့် ကြုံတွေ့ရလေ့ရှိသည်။
ကံဆိုးစွာပင် ၄င်းတို့သည် အတန်းထဲတွင် အိပ်စက်ခြင်းမှဆိုးရွားသောအနှောင့်အယှက်ပေးခြင်းမျိုးတို့ဖြင့်
စာသင်ခန်းစီမံခန့်ခွဲမှုများကို အနှောင့်အယှက်ပေးလေ့ရှိကြသည်။ စာသင်ခန်းတွင်းရှိကျောင်းသားအားလုံးသည် ထက်မြက်တက်ကြွသောကျောင်းသားများမဖြစ်နိုင်ကြသဖြင့် ကျောင်းသားတစ်ဦးစီကို
မည်သို့စိတ်ဓာတ်မြှင့်တင်ပေးရမည်နည်းဆိုသည့် နည်းလမ်းကိုရှာဖွေရန်မှာ ဆရာများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ဆယ်ကျော်သက်များမည်သို့သင်ယူကြသည်ကို နားလည်ထားပါက ၄င်းတို့ကိုမည်သို့သင်ကြားပေးရမည်ဆိုသည့် နည်းလမ်းများအပြင် အတန်းတွင်းပြဿနာများကို မည်သို့သေးငယ်အောင်စီစဉ်ရမည်ဆိုသည်ကို သိရှိနိုင်ပေမည်။


ကျောင်းသားများသည် ...
သက်တောင့်သက်သာဖြစ်စေသော ကိုယ်ပိုင်ပတ်ဝန်းကျင်ရှိရန်လိုသည်...
သက်တောင့်သက်သာဖြစ်စေသော ကိုယ်ပိုင်ပတ်ဝန်းကျင် comfort zone ဆိုသည်မှာ တစ်စုံတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရရှိသည်ဟုခံစားရနိုင်သော နယ်နိမိတ်ဖြစ်သည်။ ၄င်းနယ်နိမိတ်သည် ကျောင်းသားတစ်ယောက်ချင်းစီအလိုက် ခြားနားချက်များရှိနိုင်သည့်အပြင် အမျိုးမျိုးသောအခြေအနေများက ထိုနယ်နိမိတ်ကို အကျိုးသက်ရောက်မှုများရှိစေနိုင်သည်။ ဥပမာအားဖြင့် ကျောင်းပတ်ဝန်းကျင်သို့မဟုတ် ယဉ်ကျေးမှုတို့သည် ကျောင်းသားအချို့၏စိတ်ထဲတွင် ခြိမ်းခြောက်ခြင်းခံနေရသည်ဟု ခံစားရစေနိုင်သည်။ အချို့ကျောင်းသားများသည်လည်း ၄င်းတို့၏အတိတ်က တစ်စုံတစ်ခုသော အကြောင်းအရာအပေါ် ဆိုးရွားသောအတွေ့အကြုံများကြောင့် စာသင်ခန်းတွင်ပညာသင်ယူရန် ကြောက်ရွံ့ထိတ်လန့်မှုများရှိနေနိုင်ပေသည်။

ကျောင်းသားများကို စာသင်ခန်းများအတွင်းသို့ဆွဲဆောင်နိုင်ရန် ဆယ်ကျော်သက်ကျောင်းသားများအား သူတို့ကိုခြိမ်းခြောက်ခြင်းမခံရနိုင်ကြောင်းသိရှိစေရန်လိုအပ်သည်။ ကျောင်းသားအချို့အတွက်မူ ထိုပြဿနာသည် ၄င်းတို့၏အမည်ကို ခေါ်၍မိတ်ဆက်ပေးခြင်းဖြင့် ပြေလည်မှုရသွားစေမည်ဖြစ်သည်။ အချို့ကျောင်းသားများအတွက်မူ အခြားသောထောက်ပံ့မှုများ လိုကောင်းလိုမည်ဖြစ်သည်။ ကျောင်းသားတစ်ဦးချင်းစီတွင် ခြားနားမှုများရှိနေမည်ဖြစ်သောကြောင့် ၄င်းတို့အား
သက်တောင့်သက်သာဖြစ်စေနိုင်မည့် သီးသန့်ပတ်ဝန်းကျင်မျိုးကို တည်ဆောက်ပေးနိုင်ရန်
အခြေခံလိုအပ်ချက်များကိုသိရှိနိုင်ရန်ကြိုးစားရခြင်းသည်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပြန်သည်။

စာသင်ခန်းအတွင်းတွင် ကျောင်းသားများအား စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရစေမည့် နေရာနှင့်အချိန်မျိုး ဖန်တီးပေးနိုင်ခဲ့လျှင် စာသင်ခန်းတွင်းစီမံခန့်ခွဲမှုများကို ပိုမိုလွယ်ကူစွာပြုလုပ်နိုင်မည်ဖြစ်သည်။ ကျောင်းသားတစ်ဦးသည် ခြိမ်းခြောက်ခြင်းမခံရတော့ဟုခံစားလာရပါက စိန်ခေါ်ခြင်းခံရသည့်အခါများတွင် ၄င်းတို့ထံမှ မသင့်လျော်သည့်တုံ့ပြန်မှုမျိုးရနိုင်သည့် အခြေအနေမျိုးလျော့နည်းလာရုံသာမက ပညာသင်ယူရေးတွင်ပါ ၄င်းတို့ပို၍စိတ်ပါဝင်စားလာကြသည်ကိုပင် တွေ့ရမည်ဖြစ်သည်။


ပညာသင်ယူသည့်အခါ စွန့်လွှတ်စွန့်စားရခြင်းမျိုးရှိနိုင်မည်ဖြစ်သည်...
ကျောင်းသားများသည် ပညာသင်ယူကြသည့်အခါ တစ်စုံတစ်ခုကို စွန့်လွှတ်ရခြင်း၊ စွန့်စားရခြင်းမျိုးရှိမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် ၄င်းတို့သည် ခြိမ်းခြောက်မှုများနှင့်တွေ့ကြုံရသောအခါ ထိုစွန့်လွှတ်မှုများကိုပြုလုပ်ကြတော့မည် မဟုတ်ပါ။ ကျောင်းအောင်မြင်မှုဌာန Center for School Success မှ Diana Watson က ၂၀၀၉ ဇန်န၀ါရီတွင်ကျင်းပခဲ့သော ဆရာများအလုပ်ရုံဆွေးနွေးပွဲတွင်တင်ပြခဲ့သည်မှာ အသစ်သင်ယူရခြင်းသည် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို ခံစားရရှိစေနိုင်သော အာရုံကြောလှုံ့ဆော်မှုပစ္စည်း Neurotransmitter ဖြစ်သည့် Dopamineို ကိုထွက်လာစေသည် ဟူ၍ဖြစ်သည်။ သို့သော်ကျောင်းသားတစ်ယောက်သည် စိတ်ဖိစီးခြင်းကိုခံစားနေရသည့်အခါ ထိုလှုံ့ဆော်မှုပစ္စည်းထွက်ပေါ်မလာနိုင်တော့ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ဖိစီးခြင်းသည် Adrenaline နှင့် Cortisol ဟော်မုန်းကိုထွက်စေပြီး ၄င်းတို့က Dopamine မှရနိုင်သည့် ပျော်ရွှင်သောခံစားချက်ကို ဖုံးအုပ်ပစ်ပြီး ကျောင်းသားများ၏ခန္ဓာကိုယ်ကို တိုက်မလား ပြေးမလား”အခြေအနေ Fight or flight reaction ကိုဖြစ်စေသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ကျောင်းသားများကို ထိန်းသိမ်းရန်ခက်ခဲသူများအဖြစ်သို့ရောက်စေသည်။

စာသင်ခန်းများကို ဆယ်ကျော်သက်ကျောင်းသားများ၏စိတ်ထဲတွင် တစ်ခါတစ်ရံတွင် သူတို့အတွက် စိတ်လုံခြုံရာနေရာဖြစ်အောင်ဖန်တီးနိုင်သောနေရာဖြစ်သည်ဟု ခံစားရနိုင်သော နေရာတွင်ထားရှိပါက သူတို့သည် အသစ်သင်ယူရန်လိုအပ်သော စွန့်လွှတ်မှု၊ စွန့်စားမှုများကို
ကျေကျေနပ်နပ်ကြီး လုပ်ဆောင်ကြမည်ဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်စေနိုင်သောအခြေအနေများလည်း လျော့နည်းလာပြီး ၄င်းတို့အားစာသင်ခန်းတွင်းသက်တောင့်သက်သာရှိစွာနှင့် အသစ်သင်ယူသည့်အခါမျိုးတွင် Dopamine မှရစေသော စိတ်ကျေနပ်ခြင်းကို ပြည့်ပြည့်၀၀ ခံစားနိုင်ကြမည်ဖြစ်သည်။
၎င်းအခြေအနေက ကျောင်းသားများကို သင်ယူမှုတွင်ပို၍စိတ်ပါဝင်စားလာစေပြီး စာသင်ခန်းတွင်းအဆင်မပြေဖြစ်ခြင်းများကိုလည်း လျော့နည်းလာစေမည်ဖြစ်ပါသည်။

Sunday, 23 May 2010

နေ့တွေထဲက နေ့တစ်နေ့. . .

အင်း...ဒီနေ့တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်တဲ့ နေ့လို့များပြောရမယ်ထင်ရဲ့။

မနက်ကအိပ်ရာထတာကလည်း နည်းနည်းနောက်ကျသွားတယ်။ ဒါတောင်ညက ၁၂ လောက်မှာ အိပ်ဖြစ်ပေလို့။ Align Rightခါတိုင်းဆိုရင်တော့ နေ့နဲ့ညမှားနေတဲ့ ကလေးလိုပဲ မနက် ၄ နာရီလောက်မှ အိပ်လေ့ရှိတာ။ ညဆိုတာ သိပ်ချစ်စရာကကောင်းတယ်လေ။ တစ်လောကလုံးကလူတွေအိပ်ချိန်ဟာ ကိုယ့်အတွက်တော့ စိတ်ရောကိုယ်ပါငြိမ်းချမ်းမှုအပြည့်ရတဲ့ အချိန်ပါပဲ။ လူတွေရဲ့အသံတွေ၊ ဒေါသတွေ၊ သောကတွေနဲ့ ပွက်ပွက်ညံနေတဲ့ နေ့ခင်းအချိန်တွေကို သံယောဇဉ်မထားတတ်တာလည်း မွေးကတည်းကဖြစ်မယ်ထင်တယ်။ ကိုယ်ကလည်းတစ်ဖက်သားအပူကို ကိုယ့်အပူလို့သဘောထားတတ်သူဖြစ်နေတော့ နေ့ခင်းပိုင်းအချိန်တွေဆိုတာ အတွင်းရော၊ အပြင်ပါပူလောင်တဲ့အချိန်တွေလို့ ယူဆမိပါတယ်။ ပိုဆိုးတာက မြင်နေရတဲ့ အမြင်မတော်တာတွေကို ဘယ်လိုမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရလွန်းတော့ ဘာမှမမြင်ရတဲ့ ညကိုပဲ ပိုပြီးခင်တွယ်ပါတယ်။

ဒီနေ့လည်း စာရေးမယ်ဆိုတဲ့အတွေးနဲ့ ကွန်ပျူတာဖွင့်လိုက်ပေမယ့် အရေးကြီးတဲ့ ကိုယ့်လုပ်ငန်းတွေကို အရင်လုပ်ရသေးတယ်။ အလုပ်တွေပြီးလို့ စာစရေးတော့မယ်ကြံလိုက်တော့ ခေါင်းထဲမှာ ဘာခံစားချက်မှတောင်မကျန်တော့ဘူး။ အစာအိမ်ကို ဦးစားပေးလိုက်တာကို နှလုံးသားကလက်မခံလို့ ဆန္ဒပြတယ်ဆိုပါတော့လေ။ ဒါလည်းမတတ်နိုင်တော့ဘူးပေါ့။ အစာအိမ်ထဲမှာ အစာရှိမှနှလုံးသားဆိုတာ ရှင်သန်နိုင်မှာပေါ့။ တစ်ခါတစ်ခါလည်း လုပ်ချင်တာတွေထက် လုပ်သင့်တာတွေပဲ ဦးစားပေးပြီးလုပ်နေရတဲ့ အဖြစ်ကိုမုန်းလာတယ်။ တကယ်ဆိုရင် လုပ်ချင်တာလုပ်ပြီး စားဝတ်နေရေးဖူလုံမယ်ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲနော်။ ကိုယ်တို့လည်းတော်တော့်ကို တိုးတက်လာမှာသေချာတယ်။ အခုတော့လုပ်သင့်တာတွေကိုလုပ်ပြီး ရပ်တည်ရင်းကနေ လုပ်ချင်တာလေးတွေကို လုပ်နိုင်အောင်ကြိုးစားနေရတဲ့ဘ၀။

ဘာပဲပြောပြော ဒီအနေအထားထိရောက်အောင် ဟန်မပျက်နေနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုတော့ ကျေနပ်ပေးရမလိုပဲ။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကိုလည်း အထိုက်အလျောက်ဖြည့်နိုင်သလို နှလုံးသားအာဟာရကိုလည်း မှီဝဲနိုင်နေသေးတာဆိုတော့ အင်း...အနူတောကလူချောလေးပေါ့လေ။

နေ့လည် ၁ နာရီကျော်သွားပြီဆိုတော့ စာဆက်ရေးလို့မရတော့ဘူးလေ။ လုပ်ငန်းခွင်ဝင်ရတော့မယ်။ ကိုယ်မြတ်နိုးတဲ့လုပ်ငန်းခွင်၊ ပင်ပန်းလွန်းတဲ့ လုပ်ငန်းခွင်၊ အရင်းအနှီးများလွန်းတဲ့ လုပ်ငန်းခွင်ကို ၀င်ရတော့မှာမို့ အားလုံးပဲ ဒီနေ့အတွက်တော့ နှုတ်ဆက်ပါတယ်။ မင်္ဂလာရှိကြပါစေပေါ့နော...

Saturday, 22 May 2010

ဘာကြောင့် blog ရေးဖြစ်နေတာလဲ ?

စာရေးနေရင်း တစ်ခုသွားတွေးမိတယ်။ ဘာကြောင့်ဒီ blog ကို ရေးနေမိတာပါလိမ့်လို့။

အသစ်အဆန်းတစ်ခုအနေနဲ့ စမ်းသပ်ချင်လို့လား
အင်း...နဲနဲတော့ ပါမယ်ထင်တယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ တိုးတက်နေတဲ့နည်းပညာတွေကို တို့ထိခံစားချင်တဲ့ ဆန္ဒကတော့ ရင်ထဲမှာအပြည့်ရှိနေတဲ့ အာသီသပါ။

အပေါင်းအသင်းများများရချင်လို့လား
ဒါတော့ဟုတ်မယ်မထင်ဘူး။ ကိုယ်တိုင်ကအပြင်မှာတောင် သိပ်အပေါင်းအသင်းရှိတာမဟုတ်ဘူး။ လူများများနဲ့ ထိတွေ့ဆက်ဆံရတဲ့ ဘ၀မျိုးကို သိပ်တော့မြတ်နိုးလှတာမဟုတ်တော့ ဒီအချက်ကတော့ မဖြစ်နိုင်ဘူး။

နာမည်ကြီးချင်လို့လား
ဒါလည်းမဖြစ်နိုင်ဘူး။ နာမည်ကြီးလို့ အနေကျုံ့ရတဲ့ဘ၀မျိုး သိပ်မုန်းတာ။ ကိုယ့်ရဲ့ပုဂ္ဂလိကဘ၀ကို သိပ်တန်ဖိုးထားတတ်သူဖြစ်လို့ ရှိနေပြီးသား အနေအထားမျိုးထက်တော့ ပိုမလိုချင်ရိုးအမှန်ပါ။

စာရေးရတာကို ၀ါသနာပါလို့လား
ဒါတော့သေချာတယ်။ ဘာစာပဲဖြစ်ဖြစ် ရေးနေရမှ ကျေနပ်တဲ့ဝါသနာကရှိနေပြီးသား။ ဘာမှရေးစရာ မရှိရင်တောင် လက်ရေးလှထိုင်ကျင့်နေတတ်တဲ့သူပဲလေ။ ဒါကြောင့်လဲ နေ့စဉ်လိုလို Post တင်ဖြစ်နေတာပေါ့။

ဆရာလုပ်ချင်လို့လား
အသက်မွေးဝမ်းကျောင်းကိုက သူများမသိတာကို သိအောင်လုပ်ပေးရတဲ့ဘ၀ဆိုတော့ အကျင့်တော့ နည်းနည်းပါမယ်ထင်တယ်။ ငယ်ငယ်ကတည်းက ကိုယ်သိတာလေးတွေကို သူများသိအောင်ပြောပြချင်တဲ့ ၀ါသနာကတော့ အပြည့်ရှိခဲ့တာလေ။ ဒါကိုဆရာလုပ်တယ်တော့ နံမည်မတပ်ချင်ပါဘူး။ ဝေငှပေးချင်တာလို့ပြောရင်ကောင်းမယ်။

ကြွားချင်လို့လား
ဒါလည်းမဟုတ်တာသေချာတယ်။ ဘာကြောင့်လဲဆိုတော့ အတွင်းစိတ်မှာကိုက ပတ်ဝန်းကျင်ကို သိပ်မစဉ်းစားတတ်တာ ဆိုတော့လေ။ ဆိုလိုတာက သူများတွေကိုယ့်ကို ဘာပြောပြော သိပ်မခံစားတတ်တာ ပြောတာပါ။ တော်တယ်ပြောပြော၊ ညံ့တယ်ဆိုဆို ရင်မခုန်တတ်တဲ့သူဆိုတော့ ကြွားချင်စိတ်မရှိတာတော့ သေချာတယ်။

စာရေးဆရာဖြစ်ချင်လို့လား
ဒါလည်းမဟုတ်သေးဘူး။ စာရေးဆရာဖြစ်ချင်ရင် ကျောင်းသားဘ၀မှာတည်းက ကဗျာတွေ၊ ၀ထ္ထုတိုတွေကို မဂ္ဂဇင်းတွေမှာပါအောင်ကြိုးစားခဲ့မှာပေါ့။ စာရေးတာကိုဝါသနာပါတာနဲ့ စာရေးဆရာဖြစ်ချင်တာနဲ့က တခြားစီပဲ မဟုတ်လား။ ကိုယ်ရေးတဲ့စာကို သဘောကျတဲ့သူတွေဆီပို့ပေးရတာကိုပဲ ပိုပြီးအားသန်တဲ့သူလေ။ နဂိုကမှ မာနနည်းနည်းကြီးတဲ့သူဆိုတော့ ကိုယ့်စာကို အယ်ဒီတာတွေလက်ထဲထည့်ပြီး သူတို့ရွေးတာကို ထိုင်စောင့်နေရတာမျိုးကို ဘယ်လိုမှခံစားလို့မရဘူး။

အင်း...နောက်ဆုံးစာရင်းချုပ်ကြည့်လိုက်ရင် ဒီ blog ကိုရေးဖြစ်နေတာ စာမရေးရရင် မနေနိုင်တဲ့ဝါသနာရယ်၊ ကိုယ်သိတာ ကိုယ်ခံစားရတာလေးတွေကို သူများသိအောင်ပြောချင်တဲ့အကျင့်ရယ်၊ တိုးတက်နေတဲ့ နည်းပညာကို တို့ထိခံစားချင်တဲ့ အခြေခံစိတ်ရင်းရယ်ကြောင့်ဖြစ်မယ်လို့ ကိုယ့်ဖာသာကိုယ် ကောက်ချက်ချလိုက်ပါတယ်။

ဒီလိုဆိုတော့လည်း ကိုယ်သိပ်မဆိုးပါဘူးလို့ သုံးသပ်လိုက်မိတယ်။ မတတ်နိုင်ဘူးလေ။ လောကမှာ ကိုယ်ပိုင်တာ ကိုယ်ပဲရှိတာမို့လား။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို ကိုယ်တိုင်မှမမြတ်နိုး၊ တန်ဖိုးမထားရင် ဘယ်သူက လာပြီးတန်ဖိုးထားမှာလဲ။ ဘာပဲပြောပြော ဒီ blog လေးကို ရေးနေရတာကိုပျော်တယ်။ ကျေနပ်တယ်လေ။ ။

ဆရာများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာတိုးတက်မှု . . .


Dec 21, 2009 Barbra Abromitis

ရာသီအလိုက်ကျောင်းပိတ်ရက်များ၊ ပညာသင်နှစ်ဆုံးကျောင်းပိတ်ရက်များတွင် ဆရာများသည် မိမိကိုယ်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိအောင်ကြိုးစားခြင်းဖြင့် စွမ်းအင်များ ကုန်ဆုံးယုတ်လျော့ကုန်ခြင်းမှ ကာကွယ်နိုင်သည်။

ဆရာများသည် တစ်ခါတစ်ရံတွင် ကျောင်းဖွင့်ရက်တိုင်းစင်မြင့်ပေါ်တက်၍စာသင်နေရသည်ဟု ခံစားရနိုင်သည်။ ကျောင်းသားများကို စိတ်လှုပ်ရှားတက်ကြွနေစေပြီး သင်ယူမှုတွင် စိတ်ပါဝင်စားစေရန်ကြိုးစားရခြင်းသည် ဆရာများအတွက် မဖော်ပြနိုင်အောင်များပြားသော စွမ်းအင်များကို သုံးစွဲရသည်။ စာသင်ကြားရာတွင်ကြုံတွေ့ရသောဖိအားများတွင် သင်ကြားမှုအချက်အလက်များစုဆောင်းရခြင်း၊ စာရင်းဇယားများပြုစုရခြင်း၊ အစီအစဉ်များချမှတ်ရခြင်း၊ စာမေးပွဲများစစ်မေးရခြင်းစသည်တို့ပါထပ်ပေါင်းလိုက်သောအခါ ဆရာတစ်ယောက်တွင် အနားယူအပန်းဖြေချိန်၊ မိမိကိုယ်ကို ခေတ်မီတိုးတက်စေရန်
ပြုစုပျိုးထောင်ချိန်၊ အကောင်းဆုံးညွှန်ကြားချက်များပေးနိုင်ရန် ပြင်ဆင်ချိန်များလျော့နည်းလာလေ့ရှိသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာတိုးတက်မှုများရှိအောင် စဉ်ဆက်မပြတ်ကြိုးစားခြင်းက ဆရာများကို တက်ကြွလန်းဆန်းစေရုံသာမက တီထွင်ဖန်တီးနိုင်မှုစွမ်းအားနှင့် သင်ကြားမှုနည်းဗျူဟာသစ်များ
ချမှတ်နိုင်စေသောစွမ်းရည်များကိုပါတိုးတက်စေပြီး ကျောင်းသားများ၏တိုးတက်မှုကို များစွာအထောက်အကူ ပြုစေသည်။ အကျိုးဆက်မှာ အကောင်းဆုံးသောညွှန်ကြားချက်များချမှတ်ပေးနိုင်သော ပိုမိုပျော်ရွှင်သည့် အပြုသဘောဆောင်သောဆရာများဖြစ်လာစေခြင်းဖြစ်သည်။ အောက်ပါနည်းလမ်းတို့်သည် သီတင်းပတ်အားလပ်ရက်များ၊ ရာသီလိုက်ကျောင်းပိတ်ရက်ရှည်များတွင် ဆရာများ၏ ပုဂ္ဂိုလ်ရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာတိုးတက်မှုများကို မြှင့်တင်ပေးမည့်နည်းလမ်းများဖြစ်သည်။

ဆရာများအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုးတက်မှုနည်းလမ်းများ
Author Parker Palmer(1997) က “ပညာသင်ကြားပေးခြင်းသည် လူသားတို့၏ စစ်မှန်သောအခြားလှုပ်ရှားမှုများကဲ့သို့ တစ်စုံတစ်ယောက်၏အတွင်းပိုင်းမှကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထွက်ပေါ်လာသောအရာဖြစ်သည်” ဟုဆိုခဲ့ပါသည်။ ဆရာများသည် မောပန်းနွမ်းနယ်လွန်းသောအခါ၊ အာဟာရမပြည့်ဝသည့်အခါ၊ ကိုယ်ကာယလေ့ကျင့်ခန်းများမရှိသည့်အခါ၊ အလုပ်တာဝန်များ ဖိစီးလွန်းနေသည့်အခါ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေသည့်အခါ၊ ကျောင်းသားများကို ထိန်းသိမ်းရန်ခက်ခဲသည့်အခါ၊ အိမ်တွင်ချန်ရစ်မထားခဲ့နိုင်သောမိသားစုပြဿနာများရှိလာသောအခါ ဆရာများ၏ စွမ်းရည်များကို ဆုတ်ယုတ်စေပြီး စိတ်ပိုင်းဆိုင်ရာထက်မြက်တက်ကြွမှုများကိုပါ ကျဆင်းစေသည်။

ဆရာများသည် ကျန်းမာကြံ့ခိုင်သောခန္ဒာကိုယ်ဖွဲ့စည်းမှုမျိုးရှိမှသာ လုပ်ငန်းခွင်တွင် တိုးတက်ကောင်းမွန်သော အမြင်စူးရှမှုများကို ထိန်းသိမ်းထားနိုင်ပေမည်။ ညနေ ၇ နာရီနောက်ပိုင်းတွင် အလုပ်မလုပ်တော့ဘဲ အနားယူခြင်း၊ တစ်ပတ်လျှင်တစ်ရက် အနားယူခြင်းစသည်ဖြင့် အလုပ်နှင့်ပတ်သက်၍ တိကျသော အလုပ်ချိန်ဇယားချမှတ်ထားပြီး ထိုဇယားအတိုင်း အတိအကျလိုက်နာခြင်းမျိုးပြုလုပ်ရမည်ဖြစ်သည်။ ဆရာသစ်များအတွက်မူ အစာကိုအချိန်ယူ၍ စနစ်တကျစားရန်၊ ကာယလေ့ကျင့်ခန်းယူရန်၊
အိပ်ရေး၀၀အိပ်ရန်အချိန်များပို၍ယူခြင်းတို့က အလုပ်ကိုမနားမနေလုပ်ခြင်းတို့ထက်
ပို၍အကျိုးသက်ရောက်မှု ရှိကြောင်း သိရှိထားသင့်သည်။

ဆရာတစ်ယောက်အဖို့ တစ်နေ့တာတွင် မိမိစိတ်ပါဝင်စားရာပြုလုပ်ရန် သို့မဟုတ် ၀ထ္ထုတစ်အုပ်ဖတ်ခြင်း၊ ရေနွေးနွေးဖြင့်စိမ်ချိုးခြင်း၊ မွေးထားသောခွေးကလေးများနှင့်ဆော့ကစားခြင်း စသည့်စိတ်အပန်းဖြေစရာများကို ပြုလုပ်နိုင်ရန် အချိန်တို့အပြင် ၀ါသနာပါရာတစ်စုံတစ်ခု ပြုလုပ်ခြင်းတို့အတွက် အချိန်ရအောင်ယူသင့်သည်။ နေ့စဉ်စွမ်းအင်သစ်များကို ပြန်လည်မွေးဖွားစေခြင်းဖြင့် စာသင်ခန်းတွင်းတွင် ဟာသ၊ ဖန်တီးမှုနှင့် ပညာသင်ယူရန်တွန်းအားပေးနိုင်မှုစသောစွမ်းရည်တို့ တိုးတက်စေမည်ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားကျောင်းသူများနှင့် ကောင်းမွန်သောဆက်ဆံရေးကိုတည်ဆောက်ခြင်း၊ အိမ်တွင်းရေးပြဿနာများကို အိမ်တွင်ချန်ထားခဲ့ခြင်းတို့သည် ဆရာကောင်းတစ်ယောက်ဖြစ်ရန် မရှိမဖြစ်လိုအပ်သော အရာများဖြစ်သည်။
ဆရာသည်ကျောင်းသားတစ်ဦးချင်းစီအကြောင်းသိအောင်နေ့စဉ်အာရုံစိုက်၍ အားထုတ်ရသည်။ လုပ်ဖော်ကိုင်ဖက်များ၏ တင်ပြမှုများကို ထောက်ခံမှုရော၊ ဆန့်ကျင်မှုပါမကျန် နားထောင်ရပြန်သည်။ ထို့ပြင် အခြားပြဿနာများကို လုပ်ငန်းခွင်ထဲသို့ မရောယှက်စေရန်လည်း ထိန်းသိမ်းရပြန်သည်။ တစ်ကိုယ်ရေလွတ်လပ်မှုကို စောင့်ရှောက်ရသည့်ပြင် ဆက်ဆံရေးကောင်းများကိုပါ ကျောင်းတွင်တည်ဆောက်နေရခြင်းကြောင့် ဆရာတစ်ယောက်အတွက် အခက်အခဲအတားအဆီးများကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် ကောင်းမွန်သောကျန်းမာရေးရှိရန် အရေးအကြီးဆုံးဖြစ်ပေသည်။


ဆရာများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှုနည်းလမ်းများ
ကျောင်းအာဏာပိုင်အဖွဲ့အစည်းများက ဆရာများအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများကို တိုးတက်စေရန်ပံ့ပိုးပေးသောအခါ ဆရာအများစုက သင်တန်းဆင်းလက်မှတ်သစ်တစ်ခု ရနိုင်သော အစီအစဉ်မျိုးကိုသာဆန္ဒရှိကြသည်။ အသက်မွေးဝမ်းကြောင်းမှုပညာကျွမ်းကျင် တိုးတက်စေရန် ရည်ရွယ်ချက်သည် ဆရာတစ်ယောက်၏ပုံမှန်လုပ်ငန်းဆောင်တာများအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပါ။ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်စေရေးသည် ပညာသင်နှစ်တလျှောက် အနည်းငယ်စီ ပျော်ရွှင်စွာ လေ့လာသင်ယူခြင်း၊ သင်ခန်းစာများကို ပြန်လည်နွှေးခြင်း၊ ကျောင်းရက်ရှည်ပိတ်ရက်များတွင် သင်တန်းတက်ခြင်းမျိုးသာဖြစ်သင့်သည်။

အကြံပြုနိုင်သည့် လုပ်ငန်းကျွမ်းကျင်မှုတိုးတက်စေရေးနည်းလမ်းများမှာ ပညာရေး website များကိုလေ့လာခြင်း၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ပညာရေးစာစောင်များကို လေ့လာခြင်း၊ ကျောင်းတွင်ဖြစ်စေ အခြားနေရာများတွင်ဖြစ်စေ လုပ်ငန်းတူများနှင့်အကြံဉာဏ်များ
ဖလှယ်ခြင်း၊ ပညာရေးညီလာခံများတက်ရောက်ခြင်း၊ Online သင်တန်းများတက်ရောက်ခြင်း၊ ပညာရေးဆိုင်ရာနည်းပညာများဗဟုသုတများကို ဆောင်းပါးများရေးသားခြင်း၊ ဆရာမှတ်တမ်းများကဲ့သို့သော အကြံပေးစာအုပ်များကိုဖတ်ရှုခြင်းတို့ဖြစ်ကြသည်။ ၄င်းတို့အနက်မှ မိမိစိတ်ပါဝင်စားရာကို
ပုံမှန်လေ့လာခြင်းဖြင့် ဆရာတစ်ယောက်သည် ၀န်ထုပ်ဝန်ပိုးမဖြစ်ဘဲ မိမိကိုယ်ကို အစဉ်အမြဲတိုးတက်မှုရှိနေအောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

Friday, 21 May 2010

ဦးသုမောင်မှ ဆင့်ပွားအတွေး. . .

လွန်ခဲ့တဲ့ နှစ်ရက်က အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဦးသုမောင်ဆုံးသွားပါတယ်။

မြန်မာ့အနုပညာလောကအတွက် အစားထိုးမရနိုင်တဲ့ နောက်ထပ်ဆုံးရှူံးမှုတစ်ခုလို့ခံစားရပါတယ်။
ဘာကြောင့်လဲဆိုရင် မြန်မာမှု၊ မြန်မာစာပေနဲ့ မြန်မာ့ဂီတကိုတမြတ်တနိုးနဲ့ ထိန်းသိမ်းထားကြတဲ့ အနုပညာရှင်တွေနည်းပါးနေရတဲ့ကြားထဲမှာ အဆိုတော်၊ သရုပ်ဆောင် ဦးဇော်ဝမ်းကို အရင်ဆုံးရှူံးလိုက်ရတာပါ။
သင်္ကြန်ကာလတစ်လျှောက်လုံး ဦးဇော်ဝမ်းကို သတိတရနဲ့ရှိနေရင်း ကျန်တဲ့ပညာရှင်တွေ ကျန်းမာပါစေကြောင်း ဆုတောင်းကတော့ မပြည့်ခဲ့ဘူးလို့ဆိုရမှာပါ။

ဦးသုမောင်ကို သရုပ်ဆောင်တစ်ယောက်ဆိုတာထက်
စာရေးဆရာတစ်ယောက်အဖြစ်ပိုနှမြောတာပါ။ အမျိုးတွေအကြောင်းကို မခြွင်းမချန်ရေးတဲ့ “မျိုးရိုးထဲကဆိုးပေကြီးများ” ဇနီးသည်အတွက်ရည်စူးပြီးရေးတဲ့ “အေးဘုံကပြောပါသည်” သမီးအတွက်ရေးတဲ့ “သမီးစိုးအိမ်သူသို့အိတ်ဖွင့်ပေးစာ” လိုစာမျိုးတွေဖတ်ဖို့ အခွင့်အရေးကုန်သွားပြီ ဆိုတဲ့အသိက ပိုပြီးစိတ်မကောင်းဖြစ်မိပါတယ်။ စာရေးရင်လေပြည်လေးနဲ့ရေးတတ်တဲ့ ဦးသုမောင်ရဲ့ အရေးအသားလေးတွေကိုဖတ်ရတာ ရင်အေးပါတယ်။
ဘာစာပဲရေးရေး စေတနာလေးနဲ့ရေးတတ်တဲ့ ဦးသုမောင်ပါ။ လူငယ်တွေသူလိုမမှားရအောင်“အရက်သမားအမှားတစ်ကုဋေ”လိုစာမျိုးနဲ့
ကိုယ့်အမှားတွေကို လူကြားထဲ ရဲရဲဝံ့ဝံ့ချပြရဲတဲ့ စာရေးဆရာမို့လည်း ပိုပြီးနှမြောပါတယ်။

ဦးသုမောင်လိုစာမျိုးရေးတဲ့ စာရေးဆရာမျိုးတွေ သိပ်မကျန်တော့ဘူးဆိုပေမယ့် ကျန်သင့်သလောက်တော့ ကျန်ပါသေးတယ်။ အဆိုးဆုံးကတော့ ဦးသုမောင်လို မြန်မာသံကို ဆိုမယ့်ပညာရှင်မကျန်တော့တာပါပဲ။
သားဖြစ်တဲ့ ဖိုးသောကြာက မြန်မာသံဆိုနိုင်တယ်ဆိုပေမယ့် ပညာပိုင်း၊ ၀ါပိုင်းမှာ အများကြီးလိုပါသေးတယ်။ ပြီးတော့ သူကသရုပ်ဆောင်ဘက်ကို အားသန်နေသူဆိုတော့ သူ့ကိုသိပ်မျှော်မှန်းလို့ မရပါ။ အသက် ၅၀ တန်းထဲကမြန်မာသံအမျိုးသားအဆိုရှင်မကျန်တော့တာကြောင့် ၃၀ကျော်တန်းတွေကိုကြည့်တော့ ပိုဆိုးပါတယ်။

ဗညားဟန်တို့ ပိုင်သက်ကျော်တို့ဆိုတာတွေက မြန်မာသံထက် ကျေးလက်တေးဘက်ကို ပိုပြီးနွယ်တဲ့ အဆိုရှင်တွေပါ။ ဒါကြောင့် မြန်မာသီချင်းဆိုကြမယ့် အမျိုးသားအဆိုရှင်တွေပေါ်
လာအောင်ဘယ်လို မြေတောင်မြှောက်ဖော်ထုတ်ပေးရမလဲဆိုတာ ၀ိုင်းစဉ်းစားရပါတော့မယ်။ ခေတ်ပေါ်သီချင်းတွေက တစ်စတစ်စအားကောင်းလာနေပါတယ်။ အဆိုရှင်အသစ်တွေလည်း ဖောချင်းသောချင်းပေါ်နေပါတယ်။
ဒါပေမယ့်...
မြန်မာသံဘက်ကတော့ လောက်လောက်လားလား တစ်ယောက်မှမထွက်ပါ။
ဆရာစန္ဒယားချစ်ဆွေကစလို့ တစ်ယောက်ပြီးတစ်ယောက်ကြွေလွင့်ကုန်ကြပါပြီ။ သဘာဝအရ ကြွေချိန်တန်ရင်ကြွေရတာ မဆန်းပေမယ့် သူတို့နေရာကို အစားထိုးနိုင်မယ့် မျိုးဆက်မရှိတော့တာ စိတ်မကောင်းစရာပါ။ မြန်မာသံမြန်မာဟန်ကို ပီပီပြင်ပြင်ထိန်းသိမ်းနိုင်တဲ့ အဆိုရှင်ရယ်လို့တစ်ယောက်မှ မမြင်မိတော့ပါ။ နောက်တက်မြန်မာသံအဆိုရှင်တွေဆိုတာလည်း အသံထက်ရုပ်ကို
ပိုဦးစားပေးနေကြတာတွေ့ရပါရဲ့။

တကယ်တော့မြန်မာ့ဂီတဆိုတာ လွယ်မယောင်နဲ့ခက်တဲ့ပညာရပ်ဖြစ်ပါတယ်။
ဂီတာတီးသင်ရင် ၃လလောက်ဆိုရင်ကောင်းကောင်းတတ်သွားနိုင်ပေမယ့် စောင်းတီးသင်ရင်တော့ နှစ်နဲ့ချီပြီးသင်တာတောင်တတ်ဖို့အာမမခံပါ။ ပိုးသာကုန်၊မောင်ပုံစောင်းမတတ် ဆိုတဲ့စကားပုံကို စဉ်းစားကြည့်နိုင်ပါတယ်။ သဘင်လောကမှာတော့ လူငယ်ထဲမှာ ဖိုးချစ်တို့လို မျိုးဆက်သစ်လေးတွေရှိနေတော့ တိုးတက်လာဖို့လမ်းစမြင်နိုင်ပါသေးတယ်။ ဆိုင်းလောကမှာလည်း မျိုးဆက်အလိုက်
လက်ဆင့်ကမ်းအမွေပေးကြတဲ့ အလေ့အကျင့်ကြောင့် သိပ်တော့မစိုးရိမ်ရပါ။ အဆိုလောကမှာတော့လိုအပ်ချက်တော်တော်ကြီးမားနေပါပြီ။

နောက်တက်လူငယ်တွေကလည်း ပေါ်ပင်ဂီတကို ပိုတန်ဖိုးထားလာကြသလို လူလတ်ပိုင်းကလည်း လောက်လောက်လားလား အဆိုရှင်မရှိတာကြောင့် မကြာခင်မှာမြန်မာ့ဂီတပျောက်ကွယ်သွားမယ့် အရေးနဲ့ရင်ဆိုင်နေရပါပြီ။ ထုတ်လုပ်သူတွေဘက်ကလည်းစီးပွားရေးသမားတွေပီပီ ငါးပွက်ရာပဲငါးစာချလေ့ရှိကြတာမို့ Rap တွေ Hip Hop တွေသာ လှိုင်လှိုင်ထွက်နေပါတယ်။

တကယ်ဆိုရင် ဂီတနှစ်ခုဟာ ညီတူညာတူ တိုးတက်လာရမှာပါ။ မြန်မာ့ဂီတကို လူငယ်တွေဘာကြောင့် အားမပေးကြသလဲဆိုတော့ မြန်မာ့ဂီတရဲ့ကောင်းကွက်တွေကို မသိကြလို့ပါ။ ကောင်းတာကို ကောင်းမှန်းသိအောင်လုပ်ပေးဖို့က ပညာရှင်တွေရဲ့တာဝန်ပါ။ အခုတော့ အဲဒီပညာရှင်တွေ ကိုယ့်မျက်စိအောက်မှာတင် တဖြုတ်ဖြုတ်နဲ့ ကြွေလွင့်ကုန်ကြတာကို ထိုင်ကြည့်နေရင်း တဖြည်းဖြည်းရင်မောလာရပါတယ်။

လူငယ်တွေကပြောပါတယ်။ အရင်သီချင်းတွေက Date out သွားပြီတဲ့။ ဘာလုပ်တော့မှာလည်းတဲ့ အသစ်တွေကမိုက်တာတဲ့။ ကောင်းပါပြီ။ ရှေးကျသွားလို့ ပစ်ရစတမ်းဆိုရင် ကိုးကွယ်နေကြတဲ့ ဘာသာတွေကိုပစ်ပြီး ကိုယ့်ဖာသာကိုယ် ဘာသာသစ်ထောင်ပြီး ကိုးကွယ်ကြပါတော့လို့ ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိကိုးကွယ်နေကြတဲ့ ဘာသာတွေရဲ့သက်တမ်းက နှစ်ပေါင်း ၃၀၀၀ နီးပါးရှိကြပြီဆိုတော့ Date out ကုန်ရောပေါ့ ဂီတ၊ အနုပညာနဲ့ ဘာသာတရားရဲ့အနှစ်သာရကို သက်တန်းနဲ့ဆုံးဖြတ်တာပါ။ သက်တန်းရင့်လေ ပိုပြီးခိုင်မာလေဆိုတာကို ဒီဘက်ခေတ်လူငယ်တွေသိအောင်တော့ လုပ်ပေးဖို့လိုနေပါပြီ။ နှလုံးသားနဲ့ဆိုင်တဲ့ အရာတွေဟာ ကာလကြာလေတန်ဖိုးမြင့်လေဆိုတာကို လူငယ်တွေသိလာအောင် အချိန်မီမလုပ်နိုင်ကြရင်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာ နောက်ထပ်နှစ် ၅၀ ကြာရင်ရှိတော့မှာမဟုတ်ပါ။

အခုတော့ မြန်မာ့ဂီတကို မြတ်နိုးကြတာ တောနေလူတန်းစားတွေပဲကျန်တော့မယ်ထင်ပါတယ်။ မြို့နေလူတန်းစားအများစုကိုယ်တိုင်က မြန်မာသံတွေကို တောကျတယ်လို့ယူဆနေကြပြီကိုး။
၃၀ ကျော်တန်းတွေ ပါးစပ်ကပါ Yo Yo ဆိုတာတွေကြားနေရတဲ့ မြို့ပြတွေဖြစ်နေပါပြီ။ ဘာပဲဖြစ်ဖြစ်မြန်မာ့ဂီတကို မြတ်နိုးကြတဲ့ ကျေးလက်နေလူတန်းစားကို ဗဟိုပြုပြီး မြန်မာ့ဂီတကို ပြန်ဦးမော့လာအောင်လုပ်ရင်တော့ ရပါလိမ့်မယ်။

ဒါကြောင့် မြန်မာ့ဂီတပြန်လည်ဦးမော့လာဖို့ ကျန်ရစ်ကြတဲ့ ပညာရှင်ကြီးတွေရော မြန်မာ့ဂီတကို မြတ်နိုးကြသူတွေပါ တက်ညီလက်ညီဝိုင်းကြိုးစားကြပါစို့လား။ ။

Thursday, 20 May 2010

Windows အတွက်အသုံးဝင်သော short cut များ

Computer သုံးတာမြန်ချင်လို့သုံးကြတာပါ။ ဒါပေမယ့် တစ်ခါတစ်ခါမှာ mouse ကိုမလိုအပ်ဘဲ မကြာမကြာ ကိုင်နေရတော့ မြန်သင့်သလောက်မမြန်နိုင်တော့ပါ။ ဒါကြောင့်ကွန်ပျူတာကို မြန်နိုင်သမျှအမြန်ဆုံးသုံးပြီး
အလုပ်လုပ်ချင်ကြသူတွေအတွက် short cut key တွေကို သိသလောက်ဝေမျှပေးလိုက်ပါတယ်။


(1) Start key
Start key ကို window key လို့လည်း လူသိများပါတယ်။ ဒီ key ကိုနှိပ်ရင် Administrator box ပေါ်လာတာကိုတော့ ကွန်ပျူတာသမားတိုင်း သိကြပါတယ်။ ကဲ...အခု အဲဒီ start key နဲ့တခြား key တွေတွဲပြီး
နှိပ်ရင် ဘယ်လို short cut တွေဖြစ်လာမလဲဆိုတာ လေ့လာကြည့်ရအောင်...

(i) Start + M
ကိုယ်ဖွင့်ထားတဲ့ window ကိုချုံ့ပြီး အောက်ခြေက task barပေါ်ကိုပို့ပြီး နေရာချပေးမယ်။ minimize လုပ်တယ်လို့ လူသိများပါတယ်။

(ii) Start + shift + M
စောစောက task bar ပေါ်မှာ ချုံ့ထားတဲ့ window ကို ပြန်ချဲ့ပေးမယ်။ maximize လုပ်တယ်လို့လည်း ခေါ်ကြတယ်။

(iii) Start + E

window explorer ကိုဖွင့်ပေးမယ်။ My computer တို့ဘာတို့ပါတဲ့ box ပေါ့။

(iv) Start + R
Start menu ပေါ်က Run box ကိုဖွင့်ပေးမယ်။

(v) Start + F

window search box ကိုဖွင့်ပေးမယ်။

(vi) Start + Ctrl + F
search box ကိုဖွင့်ပေးတာပါပဲ။

(vii) Start + Pause Break
System properties dialog box ကိုဖွင့်ပေးမယ်။


(2) Ctrl key
control key ရဲ့အတိုကောက်ပါ။ တစ်ခုထဲနှိပ်ရင်တော့ ဘာမှအကျိုးမထူးဘဲ အခြား key တစ်ခုနဲ့တွဲနှိပ်မှ အသက်ဝင်လေ့ရှိပါတယ်။

(i) Ctrl + Esc
Start menu ကိုဖွင့်ပေးမယ်။

(ii) Ctrl + A
ဖွင့်ထားတဲ့ Window ပေါ်ကစာတွေ၊ ပုံတွေအားလုံးကို မိတ္တူကူးဖို့၊ ရွှေ့ပြောင်းပေးဖို့မှတ်သားပေးမယ်။

(iii) Ctrl + C

မှတ်သားထားတဲ့ စာတွေ၊ ပုံတွေကို မိတ္တူကူးပေးမယ်။

(iv) Ctrl + X

မှတ်သားထားတဲ့ စာတွေ၊ ပုံတွေကို တစ်နေရာကနေ၊ တစ်နေရာကို အပြီးရွှေ့ပြောင်းပေးဖို့ အဆင်သင့်ပြင် ပေးမယ်။ Cut function လို့ခေါ်နိုင်ပါသေးတယ်။

(v) Ctrl + V
မိတ္တူကူးထားတဲ့စာတွေ၊ အပြီးပြောင်းရွှေ့မယ့် စာတွေပုံတွေ၊ folder တွေကို လိုအပ်တဲ့နေရာမှာ နေရာချ ပေးမယ်။ paste function လို့ခေါ်ပါတယ်။

(vi) Ctrl + Z
လုပ်ဆောင်ချက်တစ်ခုကို မကြိုက်ရင် မလုပ်ခင်ကအနေအထားအတိုင်းပြန်ရောက်အောင်လုပ်ပေးမယ်။

(vii) Curl + Shift + B ( Ctrl + B )

cursor ချပြီးမှတ်သားထားတဲ့ စာတွေကို အရောင်ပိုထူအောင် ထပ်ပေးမယ်။

(viii) Ctrl + Shift + I ( Ctrl + I )
မှတ်သားထားတဲ့ စာတွေကိ စာလုံးစောင်းတွေဖြစ်အောက်လုပ်ပေးမယ်။

(ix) Ctrl + Shift + U ( Ctrl + U )
မှတ်သားထားတဲ့ စာလုံးတွေအောက်မှာ မျဉ်းကြောင်းတားပေးမယ်။

(x) Ctrl + Shift + J
page maker မှာဆိုရင်တော့ မှတ်သားထားတဲ့ စာကြောင်း၊ စာပိုဒ်ကို စာမျက်နှာအပြည့် ဖြစ်သွားအောင် ဘယ်ညာညှိပေး၊ စာလုံးတွေကြားက အကွာအဝေးကို ချိန်ပေးမယ်။

(xi) Ctrl + Shift + R
page maker မှာ မှတ်သားထားတဲ့ စာကြောင်း၊ စာပိုဒ်ကို ညာဘက်စွန်းကပ်ပြီး ညှိပေးမယ်။

(xi) Ctrl + Shift + L
page maker မှာ မှတ်သားထားတဲ့ စာကြောင်း၊ စာပိုဒ်ကို ဘယ်ဘက်စွန်းကပ်ပြီးညှိပေးမယ်။

(xii) Ctrl + Shift + C
page maker မှာ မှတ်သားထားတဲ့ စာကြောင်း၊ စာပိုဒ်ကို အလယ်ကိုဗဟိုပြုပြီးညှိပေးမယ်။

တခြား short cut key တွေကိုလည်း ထပ်ပြီးမျှဝေပေးပါဦးမယ်။ ဒီ key တွေကိုသုံးပြီး လျင်မြန်စွာ အလုပ်လုပ်နိုင်ကြပါစေ။ အထူးသဖြင့်တော့အများစုအသုံးများတဲ့ page makerရဲ့ key တွေကိုဦးစားပေး ဖော်ပြပေးသွားပါမယ်။

Wednesday, 19 May 2010

လည်ပင်း ခွဲခံရတော့မယ် . . .

မြကုဋေ၊ ထက်ဖြိုးဝေနှင့် ဟန်ကြည်ဟူသော ဆေး/မန်း ၏ ၅/၂၀၀၀ ကျောင်းသားသစ်သုံးဦး ကျောင်းရှေ့ ဆင်ဝင်အောက်ရှိထိုင်ခုံတွင် ခပ်ငိုင်ငိုင်ထိုင်ရင်း တစ်စုံတစ်ခုကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ဆွေးနွေးနေကြသည်။ သူတို့သုံးယောက်မှာ ခေသူများမဟုတ်ကြ။ မြကုဋေဆိုလျှင် ကျောင်းဝင်ခွင့်အမည်စာရင်း ပေါ်မှာကတည်းက နာမည်ကြီးပြီးသားကျောင်းသားဖြစ်သည်။ ကျန်ဂုဏ်ထူးဝိသေသများဘာတစ်ခုမှ မရှိသော်လည်း ရှားပါးလှသည့် သူ့နံမည်ကြောင့် အလိုလိုနေရင်း ထင်ရှားနေသည့်ကျောင်းသားသစ်။ ထက်ဖြိုးဝေနှင့် ဟန်ကြည်တို့က သူလိုငါလို သာမန်ကျောင်းသားသစ်ဘ၀မှ ပါမောက္ခချုပ်၏ ကောင်းမှုဖြင့် နေ့ချင်းညချင်း နာမည်ကြီးလာရသူများ။ အကြောင်းမှာ ကျောင်းသားသစ်များအား ကျန်းမာရေးစစ်ဆေးပေးရာမှ လည်ပင်းတွင် အကျိတ်တွေ့ရသူများကို ပါမောက္ခချုပ်က ခွဲစိတ်ရန်ညွှန်ကြားသည်။ ထို့ကြောင့် အကျိတ်တွေ့ ထားသော သူတို့မှာ နာမည်ကျော်များဖြစ်လာရသည်။ယခုလည်း ထိုကိစ္စအတွက် သုံးယောက်သား ခေါင်းချင်းဆိုင်နေကြခြင်းဖြစ်သည်။

“မနက်ဖြန်ဘယ်အချိန်သွားကြမှာလဲ”
ထက်ဖြိုးဝေမေးသည်။
“ မနက်၉နာရီလောက်သွားကြတာပေါ့၊ ဟန်ကြည်ရောအားတယ်မို့လား” မြကုဋေကသူ့ဘက်မေးဆတ်ရင်းအမေးဆက်သည်။
“အင်း...မအားလို့ဘယ်ဖြစ်မလဲကွာ။ မသွားလို့မှ မဖြစ်တာပဲ။ တို့လဲကျောင်းရောက်မှ အတွေ့အကြုံတွေ တစ်ခုပြီးတစ်ခုရနေတော့တာပဲ” စိတ်ပျက်လက်ပျက်သူညည်းမိသည်။
ဟုတ်သည်လေ။
ကျောင်းရောက်ကတည်းက
နေ့စဉ်ဆေးစစ်ကိစ္စ၊ လူတွေ့စစ်မေးသည့်ကိစ္စ၊ စိတ်ပညာရေးဖြေကိစ္စတို့ဖြင့် တစ်ရက်မှမအားရသေး။
“အေးပေါ့။မင်းပိုဆိုးတာပေါ့ Psycho test ပါကျထားသေးတယ်မို့လား”
မြကုဋေ၏အမေးကို သူခေါင့်ညိတ်ရုံသာငြိမ့်ပြလိုက်သည်။ Psycho test ဟုသူတို့ခေါ်သော စိတ်ပညာရေးဖြေစာမေးပွဲက ကျောင်းတက်ပြီးနောက်တစ်ရက်တွင် ကျောင်းသားတိုင်းဖြေကြရသော မေးခွန်းပေါင်း၃၂၀ ပါသည့်၃ နာရီကြာ စာမေးပွဲဖြစ်သည်။ အများစုကတော့ ခေါင်းရှုပ်ခံပြီးမစဉ်းစားဘဲ ခပ်လွယ်လွယ်ပဲ မှား/မှန်ရွေးပြီးဖြေကြသည်။ သူကတော့ မေးခွန်းတစ်ခုချင်းသေသေချာချာဖတ်၍ စဉ်းစားပြီး ဖြေပါလျက်က ကျခြင်းဖြစ်သည်။ မေးထားသည့် မေးခွန်းတွေက ခေါင်းရှုပ်စရာတွေချည်းဖြစ်သည်။

အမြင့်ရောက်ရင် ခုန်ချချင်စိတ်ပေါ်တတ်သလား
ညအချိန်မှာ သင်္ချုံင်းကုန်းထဲသွားရဲသလား စသောမေးခွန်းများအပြင်
ခွေးကိုက်ခံရဖူးသလား
ရေနစ်ဖူးသလား စသည့်မေးခွန်းများလည်းပါသေးသည်။
အိမ်ထောင်ပြု၊ မပြုဟူသောမေးခွန်းကို ရှေ့ပိုင်းကမေးထားပြီး နောက်ဆုံးပိုင်းလောက်တွင် မိန်းမတစ်ယောက်၏ ယောကျာ်းတစ်ယောက်အဖြစ်ကို ကျွန်တော်တစ်ခါမှ စဉ်းစားမကြည့်ဖူးပါ ဆိုတာမျိုးထပ်မေးပြီး မှား/မှန်ဖြေခိုင်း ပြန်သည်။ ကြာလာတော့ စဉ်းစားရင်း၊ စဉ်းစားရင်းကပင် မျက်စိတွေလည်ကုန်ခြင်းဖြစ်သည်။ မေးခွန်းတွေကို လိမ်မဖြေနဲ့၊ အမှန်အတိုင်းဖြေလိုက် လိမ်ပြီးဖြေရင်ကျတတ်တယ် ဟုအကြံပေးသော Senior ကျောင်းသားကြီး တစ်ယောက်၏ အကြံကို အပြည့်အ၀လိုက်နာမှပဲ စာမေးပွဲကျရသော သူ့အဖြစ်ကိုတွေးမိတိုင်းရယ်ချင်မိရသည်။ ထိုစာမေးပွဲကျသူအများစုမှာ မိန်းကလေးအများစုဖြစ်ပြီး ယောကျာ်းလေးက သူအပါအ၀င် ၆ယောက်သာရှိသည်။ စိတ်ပညာရေးဖြေကျခြင်းက ပညာရေးတွင် ထိခိုက်မှုမရှိသော်လည်း လူ၂၀၀၀န်းကျင်တွင် ၂၀ လောက်သာ ကျသော စာမေးပွဲကိုကျအောင်ဖြေသဖြင့် သူတို့မှာ အလိုလိုနံမည်ကြီးရသည်။ Psycho ကျထားသဖြင့် ကျန်ကျောင်းသားများက ကိုယ့်ကို ခပ်ကြောင်ကြောင်နေမှာပဲဆိုသည့် မျက်စိဖြင့်ကြည့်ခြင်းကို အောင့်သက်သက်ဖြင့်ခံနေရသည်။ စိတ်ပညာရေးဖြေကျသော ကျောင်းသားများကို မန္တလေးတက္ကသိုလ် စိတ်ပညာဌာနမှ ပါမောက္ခကိုယ်တိုင် သီးသန့်ထပ်မံ၍ နှုတ်မေးနှုတ်ဖြေလုပ်သည်ဖြစ်ရာ သူ့မှာ အတွေ့အကြုံ သစ်များကို မလိုချင့်အဆုံးရနေသောကြောင့် ညည်းမိခြင်းဖြစ်သည်။

Psycho test က အမှတ်နည်းရင်လည်းကျတယ်၊ အမှတ်များရင်လည်းကျတယ်လို့ငါကြားရတယ်”
“ အင်း...ဒါဆိုရင်တော့ ငါကအမှတ်များလို့ကျတာဖြစ်မယ်”
သူ့အဖြေကို“အောင်မာကျတာတောင် ကြံဖန်ပြီး အမှတ်ယူနေချင်သေးတယ်”ဟုထက်ဖြိုးဝေ ထောပနာပြုသည်။
“ ဟ...အဲဒီလိုဆိုတော့ လူကြားထဲပြောရတာ ကောင်းသေးတာပေါ့ကွ”
“အမှတ်များများနဲ့ကျရင်တော့ အဲဒါစိတ်ကြီးဝင်တဲ့သူလို့ပြောတာ ဟန်ကြည်ရ”မြကုဋေက သူ့ကိုရှင်းပြသည်။
“ စိတ်ကြီးဝင်တယ်ဆိုတာ စိတ်ကျရောဂါထက်တော့ ကောင်းပါသေးတယ်ကွာ”
“ကဲကဲ...ဆိုက်ကိုသမား စိတ်ချမ်းသာအောင် ထားပေးလိုက်ပါမြကုဋေရာ” ထက်ဖြိုးဝေ စကားကြောင့် သူစိတ်ညစ်သွားသည်။
“နင့်အဘထဲမှပဲ မင်းပြောမှ ပိုဆိုးသွားတယ်။ မသိရင် ငါများရူးနေတယ်ထင်သွားဦးမယ်”
သူ့စကားကို သဘောကျသွားသော မြကုဋေက တဟားဟားအော်ရယ်ရင်း “ထင်ခံရနည်းလားကွာ” ဟုအားပေးသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူပါရောရယ်မိတော့သည်။ပြီးမှ-
“အေးပါ...ငါ့ကျတော့ ပြောထားကြပါ။ မနက်ဖြန် အကျိတ်ခွဲပြီးစစ်မှ သုံးယောက်လုံး TB ရှိတယ်ဆိုရင် ကိစ္စချောနေမယ်”
“ TV ရှိလည်း အောက်စက်ဝယ်ပြီး ကြည့်တာပေါ့ကွာ”
TVနှင့်TB တမင်လွှဲပြောရင်း ထက်ဖြိုးဝေ နောက်သည်။
“ ဒါဆိုရင် ပလပ်က ဘယ်အပေါက်မှာ ထိုးရမှာလဲ”
မြကုဋေစကားကြောင့် ထက်ဖြိုးဝေ ခေါင်းပုသွားသည်။ ပလပ်ထိုးစရာအပေါက်ကို စဉ်းစားမိသွားသည်ဖြစ်မည်။ မအီမလည်ဖြစ်သွားသော ထက်ဖြိုးဝေကိုကြည့်ရင်း သူမရယ်ဘဲမနေနိုင်။
“ကဲကဲ ပလပ်ပေါက်ကနေပါဦး ENT ကဘယ်နားမှာရှိတာလဲ”ထက်ဖြိုးဝေမေးသည်။
သူမသိ။ မြကုဋေကိုသူလှမ်းကြည့်တော့ ခေါင်းရမ်းပြသည်။ ကောင်းရော။

လည်ပင်းတွင်အကျိတ်ကိုယ်စီတွေ့ရသောကြောင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် မနက်ဖြန် သွား၍ ခွဲစိတ်ခံရမည့် အကြောင်းကို တိုင်ပင်နေကြခြင်းဖြစ်သည်။ တစ်ခါမှ ခွဲစိတ်မခံရဘူးသောကြောင့် သုံးယောက်လုံးကတော့ ခပ်လန့်လန့်ဖြစ်နေကြသည်။
“ကဲဒီလိုလုပ်ကွာ မနက်ဖြန်မနက်ကို ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ဆုံပြီးတော့ မေးရင်းမြန်းရင်း သွားကြတာပေါ့”
“ပါးစပ်ပါ ရွာရောက်ပေါ့ မြကုဋေရာ၊ ဟုတ်ဘူးလား” ဟုသူစကားထောက်ပေးသည်။
“ကဲ...ဒါဆိုရင်လည်း မနက်ဖြန်ကျမှ ဆုံကြတာပေါ့”
ထက်ဖြိုးဝေက စကားအဆုံးတွင်ထိုင်ရာမှ ထသည်။

ညနေ၄နာရီခွဲပြီမို့ ကျောင်းဝန်းထဲတွင် ကျောင်းသားသိပ်မရှိတော့ နားနေခန်းထဲတွင် စာဖတ်နေကြသော ကျောင်းသားအချို့မှလွဲ၍ တစ်ကျောင်းလုံးတိတ်ဆိတ်နေသည်။ကျန်နှစ်ယောက်ကို နှုတ်ဆက်ပြီး သူပြန်ရန် ခြေလှမ်းစသည်။ ကံတူအကျိုးပေး သုံးယောက်က တစ်ယောက်တစ်နေရာစီ နေကြသူများဖြစ်သည်။ သူက တက္ကသိုလ်နားတွင်နေ၍ မြို့တောင်ဘက်ပိုင်း၊ မြကုဋေက မြတောင်ကျောင်းတိုက်တွင်နေသောကြောင့် မြို့အရှေ့ဘက်ပိုင်း၊ ထက်ဖြိုးဝေက လမ်း၇၀ပေါ်ရှိဘုန်းကြီးကျောင်းတွင်နေသောကြောင့် မြို့အနောက်ပိုင်း ဖြစ်သည်။ မနက်ဖြန်ရောက်လျှင်တော့ လူစွမ်းကောင်းကြီးသုံးယောက် ENT တွင် ဓားစွမ်းပြခံရပေဦးတော့မည်။ တွေးရင်းတွေးရင်း စိတ်မောမောဖြင့် စက်ဘီးကို ဖြည်းဖြည်းချင်းနင်းလာမိသည်။

၇၈လမ်းမကြီးတစ်လျှောက် ကား၊ ဆိုင်ကယ်တို့ဖြင့် ရွှေမန်း၏ညနေခင်းသည်
သက်ဝင်လှုပ်ရှားလျက် ရှိနေ၏။

Tuesday, 18 May 2010

မိုးတွေရွာနေပြီ. . .

ရာသီဥတုလေးသာယာလာတော့လည်း လောကကြီးကကြည်နူးစရာကောင်းနေပြန်ရော။ မိုးကလေး ဆက်တိုက် ရွာပေးနေတာ သုံးရက်ရှိသွားပြီ။ မိုးကလေးကတော့ တကယ့်ကို မိုးကလေးပါပဲ။ ရွာတယ်ဆိုရုံ ဖွဲဖွဲလေး။

ဖွဲဖွဲလေးလည်း ချစ်စရာကောင်းပါတယ်။ လောကကို အအေးဓာတ်ပေးနေတယ်လေ။ ပူပူလောင်လောင်ကြီးနေခဲ့ရတဲ့ကာလက နည်းတာမှမဟုတ်ဘဲ၊ လေး၊ ငါး၊ ခြောက်လလောက်ဆိုတော့ မသက်သာဘူး။ မနက်မိုးလင်းလို့ အလင်းရောင်ရပြီဆိုတာနဲ့ ပန်ကာဖွင့်ထားမှ နေလို့ရတယ်။ ပန်ကာကလေး ခမျာလည်း တစ်နေကုန်တစ်နေခန်း လူအိပ်တာတောင်မအိပ်ရရှာဘူး။ ကြာရင်သူလည်း စောစောစီးစီး သက်တန်းစေ့သွားရှာလိမ့်မယ်။

ညနေညနေ ၄ နာရီလောက်ဆိုရင် မိုးကလေးတစ်ဖွဲဖွဲနဲ့ဆိုတော့ ရင်ထဲမှာ အေးအေးချမ်းချမ်းခံစားရတာတော့
အမှန်ပါ။ မိုးဆိုတာလည်း လူတွေရဲ့ဒဏ်ကို တော်တော်ခံရရှာတာပါ။ မရွာတော့လည်း မရွာလို့၊ မိုးရွာပြန်တော့
နည်းတဲ့အခါလည်း နည်းပြန်ပြီ၊ များရင်လည်းများပြန်ပြီဆိုပြီး ဘယ်ဘက်ကမှ အပြောအဆိုမလွတ်ရှာပါဘူး။ လူတွေများတော့ ခက်ပါတယ်။ လောကကို အကောင်းမြင်စိတ်ကလေးနဲ့ ကြည့်ကြရင် အရာရာလှသွားမယ်ဆိုတာ
မသိကြဘူးထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်လေ မိုးရွာတော့ နေလို့ကောင်းတာကတော့ အမှန်ပါပဲ။ ကြိုဆိုပါတယ်မိုးရေ...

Monday, 17 May 2010

အိပ်မက်...

တစ်ခါတစ်ခါ
အညာကိုလွမ်း
လမ်းပန်းမသင့်
ပြန်ခွင့်မသာ
ဒဏ်ရာဘေးချ
သောကဘေးဖယ်
ရင်ဝယ်သိုဝှက်
ခရီးဆက်ရင်း
အင်း...
ချက်ချင်းပြေးလို့ရောက်ချင်တယ်...။ ။

ဟန်ကြည်
၁၇।၅।၂၀၁၀ ( တနင်္လာနေ့ )
ည ၁၀।၀၀ နာရီ

တစ်ခုသော တစ်ညနေ . . .

ညနေက အလုပ်ချိန်မှာ လမ်းတစ်ဘက်က မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ရန်ဖြစ်လိုက်ကြတာ ပွက်ပွက်ကိုညံနေတာပဲ။ ယောက်ျားကတော့ ဆယ်မိနစ်လောက်ဆဲဆိုပြီး ပြန်ထွက်သွားပေမယ့် မိန်းမက မကျေနပ်သေးဘဲ သူ့အိမ်ရှေ့ကနေ အော်လိုက်ဟစ်လိုက်ဆဲလိုက်တာ တစ်ရပ်ကွက်လုံး ပွက်ပွက်ညံနေပါရော လား။ လူဖြစ်ခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ တစ်ခါမှမကြားဖူးတဲ့ အညစ်ပတ်ဆုံး၊ အောက်တန်းအကျဆုံး ဆဲနည်းပေါင်းစုံနဲ့ တစ်နာရီိနီးပါးလောက်အော်ဟစ်ဆဲဆိုနေလိုက်တာ နားတွေရောဦးဏှောက်တွေပါ ပွက်ကုန်တယ်ထင်ရတယ်။ ဘေးအိမ်တွေမှာ သူ့ထက်အသက်နှစ်ပြန်မကကြီးတဲ့ သက်ကြီးရွယ်အိုတွေရော၊ သူ့ထက်ဂုဏ်သိက္ခာကြီးတဲ့သူတွေပါရှိနေတာမှမထောက် မြိန်ရည်ရှက်ရည်ဆဲလိုက်တာ
အသံများတောင် ပြာလို့ ပါ။




နားရှက်တာတွေရော၊ ခေါင်းပူနားပူတာတွေပါပေါင်းလိုက်တော့ ကိုယ့်မှာရင်ထဲကပျို့တက်လာပြီး
တုန်တုန်ယင် ယင်ဖြစ်လို့ စားထားတဲ့ထမင်းတွေအန်ထွက်ပါလေရော။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးအောင် အောက်တန်းကျလွန်းတာတွေ ကြားလိုက်ရတဲ့ အကျိုးပေါ့။ စိတ်တွေလဲညစ်လိုက်တာ မပြောပါနဲ့တော့။ ဘုရားဟောတရားတော်ထဲက “ယောနိသော၊ မနသီကာရ” သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းရမည်ဆိုတာ သတိရပေမယ့် ဘယ်လိုနှလုံးသွင်းရမလဲဆိုတာတောင်မသိတော့ဘူး။ အောင်မယ်လေး မယ်မင်းကြီးကသတ္တိခဲက တကတဲ ခုနစ်သံချီအောင် အော်ဟစ်ပြီး စိန်တွေခေါ်လိုက်တာ ကိုယ်ပါထတီးချင်တဲ့ စိတ်တွေ ပေါက်လာပါရောလား။ကိုယ့်သိက္ခာလေးသာထိန်းစရာမလိုရင် တွေ့တာနဲ့များ
ကောက်ပစ်မိမလား မသိပါဘူး။




ရှိတာလေးတွေ အန်လိုက်တော့ မောသွားတာနဲ့ခဏနားရင်း စဉ်းစားမိသေးတယ်။ ဒီလောက်သတ္တိကောင်းနေတဲ့မိန်းမ စစ်ထဲသွင်းပြီး ရှေ့တန်းပို့ရရင် ဘယ်လိုနေမယ်မသိဘူးလို့။ဒါမျိုးကျရင်တော့ သူ့သတ္တိတွေ အငွေ့ပျံကုန်မယ်ထင်တယ်။ အချုပ်တန်းဆရာဖေရေးတဲ့
“မိုက်မနော် ပြုမဟေးရယ်နဲ့
သူ့ပထွေးတော့ ထွက်၍မဟောင်”
ဆိုတဲ့စာသားတောင် ပြေးပြီးသတိရမိပါသေးတယ်။ ကိုယ့်လူမျိုးများရဲ့ဇာတိကိုက အဲဒီလိုလာခဲ့တာပါ။ မဟုတ်ရာကျ တလွဲဆံပင်ကောင်းပြီး အရေးကျတော့ အမြီးကုတ်တတ်တာမျိုးပေါ့။ဆက်ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကျတော့မယ် ထင်ပါတယ်။ ကိုယ့်လူမျိုးကလည်း ရုံးတို့၊ တရားဥပဒေတို့ဆိုတာမျိုးကို ဝေးဝေးကရှောင်တတ်တဲ့ ဗီဇကလည်း အများစုမှာ ပါနေပြီးသား။ ရပ်ကွက်ရုံးကို ဖုန်းဆက်လိုက်ရင်ရမှန်းသိကြပေမယ့် သူများဒုက္ခမဖြစ်စေချင်တဲ့ အခြေခံစိတ်ကလေးတွေနဲ့ ကုတ်ကုတ်ကလေးတွေထိုင်ရင်း ငေးလို့နေကြလေရဲ့။သူများတိုင်းပြည်မှာများ ပတ်ဝန်းကျင်ကို ဒီလိုအနှောင့်အယှက်ပေးလို့ကတော့ ဘာပြောကောင်းမလဲ အချုပ်ထဲတောင်တန်းဝင်သွားဦးမယ်ထင်တယ်။




ဒါကြောင့်လဲ ဦးပေါ်ဦးက “ကြောက်စရာအကောင်းဆုံးကလူမိုက်ပါဘုရား”လို့ ဘိုးတော်ဦးဝိုင်းကို လျှောက်တင်ခဲ့တာဖြစ်မယ်ထင်ပါရဲ့။ လူမိုက်ဆိုတာ အကြောင်းအကျိုး၊ အကောင်းအဆိုး ဘာမှခွဲခြားတတ်ကြတာ မဟုတ်ဘူးမို့လား။ မိုက်ရရိုင်းရတာကိုပဲ ဂုဏ်တစ်ခုလို့
ထင်ထားကြတဲ့ သတ္တ၀ါမျိုးတွေဆိုတော့ ခွေးရူးဖက်ကိုက်၊ ခွေးကောင်းနားရွက်ပြတ်ဖြစ်မှာ စိုးရတာနဲ့ပဲ လူလိမ္မာများခမျာ ကုပ်နေကြရတော့တာပဲ။ တကယ်တော့ လူမိုက်ကို နှိမ်နင်းခြင်းသည်လည်း မင်္ဂလာတစ်ပါးလို့မြတ်စွာဘုရားက မင်္ဂလာတစ်ရားတော်ထဲမှာ တစ်ပါးပေါင်းပြီး
၃၉ဖြာမင်္ဂလာလို့ဟောထားခဲ့သင့်တာပါ။ အခုများတော့ “အသေ၀လာနဉ္စဗာလာနံ” လူမိုက်ကိုမမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့ တရားတော်ကိုပဲ လက်ကိုင်ထားပြီး အောင့်သီးအောင့်သက်နဲ့ ခံနေရပါရဲ့။



ဘုရားရှင်ကို ပုဏ္ဏားကြီးတစ်ယောက်လာပြီး ဆဲတုန်းကတော့ “ပုဏ္ဏားကြီး၊ သင်ဆဲတဲ့ဆိုတဲ့ အသံတွေကို ငါဘုရားလက်မခံတဲ့ အတွက်ကြောင့် အဲဒီအရာတွေဟာ သင့်ပစ္စည်းတွေပဲဖြစ်တယ်”လို့ပြောတော်မူခဲ့ပါတယ်။ အင်း...ဘုရားရှင်လို သဘောထားနိုင်ရင်တော့လည်း ကောင်းမှာပါပဲ။
အခုတော့ ကိုယ့်မှာ ပုထုဇဉ်မှတကယ့် ပုထုဇဉ်ဆိုတော့ အခံရဆိုးလိုက်တာ။ သူ့ပစ္စည်းတွေဟာ ကိုယ့်ပစ္စည်းတွေဖြစ်ချင်တိုင်းဖြစ်လို့ နေရှာပေါ့။ တဖြည်းဖြည်းနဲ့ လောကပါလတရားပျောက်ကွယ်ပြီး ကိုယ်ချင်းစာတရားကလည်း ခေါင်းပါးလာတဲ့ ဒီဘက်ခေတ်မှာတော့ ကိုယ်လိုအေးအေးလူလူနေချင်တဲ့ လူမျိုးတွေအဖို့ အရာရာစိတ်ညစ်စရာတွေချည်းဖြစ်တော့တာ အမှန်ပါ။ သူတို့တွေနဲ့ပြိုင်ပြီး ဆဲလိုက်၊ ဆိုလိုက်၊ ငေါက်လိုက်ရင်တော့ ရမှန်းသိပေမယ့် ပညာ၊ သိက္ခာစတာတွေကို ထိန်းသိမ်းနေရတဲ့ ဘ၀တွေဆိုတော့
သက်ပြင်းလေးချပြီး ရှူဆေးလေးရှူလို့ ခွေခွေလေး....






What a blessing it would be if we could open and shut our ears as easily as we open and shut our eyes!
- Georg Christoph Lichtenberg

တိုက်တိုက်ဆိုင်ဆိုင် igoogle က ပို့တဲ့ daily quote လေးရောက်လာတယ်။ မျက်စိတွေကို အလွယ်တကူ ပိတ်လို့၊ ဖွင့်လို့ရသလို နားတွေကိုလည်း အလွယ်တကူ ပိတ်လို့ဖွင့်လို့ရရင် ကောင်းကြီးမင်္ဂလာပဲတဲ့။ ဟုတ်တယ်နော် အဲဒီလိုသာဆိုရင် ညနေကလောက်တော့ အေးဆေးပေါ့။ စားပြီးသားလေးတွေ အန်ထွက်စရာဘယ်လိုမလဲ...

Sunday, 16 May 2010

ပကတိမိုး . . .

မနေ့ညနေက မိုးရွာပါတယ်။

မိုးရွာတာများ အဆန်းလုပ်ပြောနေရသေးတယ် မထင်ပါနဲ့။ မြို့ကလေးမှာ မိုးမရွာတာ ခြောက်လကျော်တောင် ကြာနေပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှစပြီး ညနေပိုင်းတွေမှာ တိမ်သားလေးတွေစမြင်ရတာပါ။ ရွာမလို၊ ညိုမလိုနဲ့ အုံ့ပုံးလုပ်နေခဲ့တာ မျှော်ရသူတွေလည်း စိတ်မရှည်နိုင်လောက်အောင်ပါပဲ။ မနေ့ညနေ ၃ နာရီလောက် ကမှ ဆိုင်းမဆင့်၊ဗုံမဆင့် ရွာချပါလေရော။ တိမ်တွေဘာတွေ မညိုတော့ဘဲ ရုတ်တရက်ကြီးရွာလိုက်တာဆိုတော့ အံ့သြ၀မ်းသာဖြစ်ကြရပါတယ်။ ၁၅ မိနစ်သာသာလောက်ပဲ ခပ်ဖွဲဖွဲလေးရွာတဲ့မိုးဖြစ်ပေမယ့် မိုးမမြင်ရတာ ကြာနေပြီဆိုတော့ အထူးအဆန်းကြီးလိုဖြစ်နေပါရော။

မမြင်တာကြာတဲ့မိုးက သိပ်လှနေပါလား။

ရင်ထဲမှာ မိုးနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်းပဲ ခံစားသွားရတာမို့ ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။ ခံစားကြည့်ပါ...


ပကတိမိုး...

မျှော်လိုက်ရတာ
ရွာမယ့်ရွာတော့
မာယာမရှိ
ပကတိမိုး...

လျှပ်စစ်မပြို
တိမ်မညိုဘဲ
ဖွဲဖွဲစွေရွာ
မာယာမရှိ
ပကတိမိုး...

မြို့ကလေးမှာ
ခြောက်လကြာမှ
တစ်ခါတစ်ခေါက်
အကြိုထောက်တဲ့
ဖြိုးဖျောက်ညင်သာ
မာယာမရှိ
ပကတိမိုး...

ကာလရှည်ကြာ
ပျက်ကွက်ပါ၍
ရှက်ရှာသည်ထင့်
ဆိုင်းမဆင့်ဘဲ
ဖော်လည်းမပါ
မာယာမရှိ
ပကတိမိုး...

ဖြူလွမိုးစက်
ဖြန်းပက်ညင်သာ
ကောင်းကင်ပြာရဲ့
ကဗျာတစ်ပုဒ်
ကနုတ်နရီ
ရာသီတော်ဖွင့်
ခွန်းဆင့်ထံတျာ
မာယာမရှိ
ပကတိမိုး...

မျှော်လိုက်ရတာ
ရွာမယ့်ရွာတော့
မာယာမရှိ
ပကတိမိုး
ရင်သို့တိုးဝှေ့
မမေ့တော့နိုင်
မြေနံ့ကြိုင်သင်း
ချစ်ခြင်းသူ့ထံ
မနက်ဖြန်ပါ
သွန်းဖြိုးရွာဖို့မျှော်ဦးမည်။ ။


ဟန်ကြည်
၁၆।၅.၂၀၁၀(တနင်္ဂနွေနေ့)
ည ၁၁।၃၀ နာရီ


Folder Option ပြန်ဖော်ရအောင် . .

သင်္ကြန်တွင်းက ခရီးထွက်ရင်း ဓာတ်ပုံဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ပြန်ဆုံဖြစ်ပါတယ်။ သူကကိုယ့်ကိုတွေ့တော့ သူတွေ့နေရတဲ့ အခက်အခဲကိုတင်ပြပါတယ်။ Mobile Phone တွေ MP3 ထဲမှာသုံးတဲ့ Memory Card တွေကို ဗိုင်းရပ်စ်သတ်ပြီးဖွင့်လိုက်ရင် ဘာ Folder မှမတွေ့ရတော့လို့တဲ့။ Properties မှာစစ်ကြည့်တော့လည်း Card ကပြည့်နေတယ်တဲ့။ အဲဒါမဖော်တတ်လို့ဆိုင်မှာ သွားဖော်ရင် တစ်ခါဖော်ခ ၂၀၀၀ ပေးရတယ်တဲ့။ ငွေဆိုတာထက် အလုပ်လုပ်ရတာ မတွင်ကျယ်တဲ့အကြောင်းညည်းတာပါ။ ဒါနဲ့
Folder option ကနေ Hidden files တွေကို ပြန်ဖော်လိုက်ဖို့သူ့ကိုပြောတော့ မဖော်တတ်ဘူးတဲ့။ ကိုယ်လည်း အံ့သြတာနဲ့ ကွန်ပျူတာသမားကိုမမေးဘူးလားဆိုတော့ မေးတယ်၊ ပြောမပြဘူးတဲ့။ သူများမမြင်အောင် ကွယ်ပြီးလုပ်တာတဲ့။ ကိုယ်ပါစိတ်ညစ်သွားတယ်။

ဘာမှမဟုတ်တဲ့ ဒီပညာလေးလောက်ကိုတောင် နှမြောနေတာ အံ့သြလိုက်တာ။ ပညာဆိုတာ ၀ှက်ထားရမယ့် အရာမှမဟုတ်ပဲ။ ဖလှယ်မှ တိုးပွားလာမှာလေ။ ဒါကြောင့် သူ့ကို Hidden file ဖော်နည်းပြခဲ့ရင်း ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ Hidden file တွေကို Folder option ကနေပြန်ဖော်တာလောက်ကတော့ အားလုံးနီးပါး သိလောက်ပြီမို့ မရေးဖြစ်တော့ပါဘူး။ တကယ်လို့ ရေးပေးစေချင်တယ်ဆိုရင်တော့ Comment မှာပဲ အကြံပြုထားခဲ့ပါ။ လောလောဆယ်တော့ Folder Option ပျောက်တာကို ဘယ်လိုဖော်ရမလဲ
ဆိုတာကိုပဲ အရင်တင်ပြသွားပါမယ်။

ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဗိုင်းရပ်စ်ရှိမရှိ သိချင်ရင်။ အချိန်မရတာကြောင့် စက်ကိုလည်း Virus Scan မလုပ်ချင်ရင်...
(၁) Folder option ပျောက်နေသလားကြည့်
(၂) Commond prompt, Registery, Task manager ကိုဝင်တိုင်း ကွန်ပျူတာ restart ကျသွားသလားကြည့်
(၃) Hidden files တွေကို ဖော်လို့ မရဘူးလားကြည့်
(၄) Folder တွေကို double click နှိပ်ပေမယ့် မပွင့်ဘူးလားကြည့်
(၅) Folder properties တွေကိုကြည့်ရင် Type က File folderမဟုတ်ဘဲ Application ဖြစ်နေသလားကြည့်
(၆) Folder တွေကို right click ပေးရင် Open အစား Auto play က အပေါ်ဆုံး ရောက်နေသလားကြည့်
(၇) Folder တွေအောက်မှာ Folder.exe တွေပေါ်နေသလားကြည့်

အဲဒီအချက်တွေထဲက တစ်ခုခုဖြစ်နေရင်တော့ ကိုယ့်ရဲ့ကွန်ပျူတာမှာ ဗိုင်းရပ်စ်ဝင်နေတာ သေချာပါပြီ။ ဒါတွေကတော့ စက်ကို Antivirus မသုံးဘဲ ဗိုင်းရပ်စ်ရှိမရှိသိနိုင်တဲ့ နည်းတွေပါ။ ဒုက္ခပေးနေတဲ့ ဗိုင်းရပ်စ်ကို Antivirus တစ်ခုခုနဲ့ သတ်လို့ရပေမယ့် Folder option တွေပျောက်သွားတဲ့ ပြဿနာကိုတော့ သေချာပေါက် ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒီအခြေအနေမျိုးမှာဆိုရင်တော့ အများစုက Hard disc ကို formet ချပြီး Window အသစ်ပြန်တင်လေ့ရှိပါတယ်။ ဒီနည်းကတော့ အလွယ်ဆုံးနည်းဆိုပေမယ့် ကိုယ်တိုင် Window မတင်တတ်တဲ့ သူတွေအတွက်တော့ ကွန်ပျူတာဆားဗစ်သမားတွေကို အလုပ်အကျွေးပြုသလိုဖြစ်သွားပါလိမ့်မယ်။ Window တစ်ခါတင်ရင် ၇၀၀၀ ကနေ ၁၀၀၀၀ အထိပေးနေရတာဆိုတော့ ဈေးကလည်းသေးတာမှမဟုတ်ဘဲ။

ဒီတော့ Window အသစ်မတင်ရဘဲ Folder option ပျောက်တာကို ကိုယ့်ဖာသာပြင်ကြည့်ကြရအောင်။

ဘာမှမပြင်ခင် အရေးကြီးတာကတော့ ကိုယ့်စက်ထဲမှာရှိနေတဲ့ အရေးကြီး File တွေကို Back up အရင်လုပ်ထားဖို့ပါပဲ။ ဒါမှပဲ အမှားအယွင်းတစ်ခုခုနဲ့ မတော်တဆကြုံရင် ဆုံးရှူံးမှုသက်သာနိုင်မှာပါ။ Folder option ကိုပြန်မဖော်ခင်မှာ အရေးကြီးတာကတော့ ကိုယ့်စက်ထဲက ဗိုင်းရပ်စ်ကို အရင်သတ်ထားဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်ကဖော်၊ သူကဖုံးနဲ့ မုံ့လုံးစက္ကူကပ်သလိုဖြစ်နေပါလိမ့်မယ်။ ဟုတ်ပြီ စက်ထဲမှာ ဗိုင်းရပ်စ်မရှိတော့တာသေချာရင်တော့ Folder option တွေကို ဖော်ဖို့ လုပ်ငန်းစကြပါစို့။

(၁) ပထမဆုံး Task manager ပွင့်မပွင့် စစ်ကြည့်ရအောင်
Start > Run မှာ taskmgrလို့ရိုက်ထည့်ကြည့်ပါ။ " Task manager has been disabled by your administrator " လို့ပေါ်လာရင်တော့ Task manager ကို ဗိုင်းရပ်စ်ကပိတ်ပစ်လိုက်ပါပြီ။ ဒါဆိုရင်တော့ Task manager ကို
Registery ကနေပဲ သွားဖွင့်ကြပါစို့။

(၂) Task manager ကို Registery ကနေဖွင့်ခြင်း
Start > Run မှာ regedit လို့ ရိုက်ထည့်ပါ။ registery ပွင့်ရင်

HKEY_LOCAL_MACHINE\ Software\ Microsoft\ Current Version\ Policies အထိတစ်ဆင့်ချင်းဖွင့်လိုက်ပါ။ပြီးရင်...
Explorer ထဲမှာ No Folder Option ဆိုတဲ့ စာသားညာဘက် box ထဲမှာတွေ့ရင် ( Right click > Delete ) နဲ့ဖျက်ပါ
System ထဲမှာ Disable TaskMgr ဆိုတဲ့ စာသားတွေ့ရင် ဖျက်ပါ
Run ထဲမှာရှိတယ့် စာသားတွေအားလုံးကိုလည်း ဖျက်ပစ်ပါ။ ဒီစာသားတွေက ကွန်ပျူတာ ဖွင့်ဖွင့်ချင်းတက်လာမယ့် Systam စာရင်းတွေဖြစ်ပါတယ်။ ဗိုင်းရပ်စ်က အဲဒီကနေစပြီး အလုပ်လုပ်လေ့ရှိတာပါ။

နောက်တစ်ဆင့်ကို သွားကြစို့
HKEY_CURRENT_USER\ Software\ Microsoft\ Windows\ Current Version\ Polities အထိတစ်ဆင့်ချင်းဖွင့်ပြီး
Exolorer ထဲမှာ No Folder Option ဆိုတဲ့ စာသားတွေ့ရင်ဖျက်ပါ
System ထဲမှာ Disable TaskMgr ဆိုတဲ့ စာသားတွေ့ရင်ဖျက်ပါ
Run ထဲက စာသားတွေအားလုံးလည်း ဖျက်သာပစ်လိုက်ပါ။

အားလုံးပြီးရင်တော့ စက်ကို Restart ပြန်ချလိုက်ပါ။ Restart မချပဲနဲ့တောင် ကိုယ့်စက်ထဲမှာ Folder Option အသက်ဝင်လာတာတွေ့ချင်တွေ့ရနိုင်ပါတယ်။ တကယ်လို့များ ဒါတွေအားလုံးလုပ်ပြီးတာတောင် Folder Option နဲ့ Task Manager အလုပ်မလုပ်သေးရင်တော့ Registery ကိုပြန်ဖွင့်ပြီး

HKEY_CURRENT_USER\ Software\ Microsoft\ Windows\ Current Version\ Polities\ Explorer ကိုပြန်ကြည့်ပါ။ အဲဒီမှာ No Folder Option ပြန်ရောက်နေရင်တော့ စက်ထဲမှာ ဗိုင်းရပ်စ်မကုန်သေးပါ။ Registery ပွင့်ပြီး စက်က Restart ပြန်ကျသွားရင်လည်း စက်ထဲမှာ ဗိုင်းရပ်စ်ကျန်နေသေးလို့ပါ။
ဗိုင်းရပ်စ်ကို သေအောင်ပြန်သတ်ဖို့လိုပါတယ်။ ဗိုင်းရပ်စ်ကုန်သွားမှ အထက်ကအဆင့်တွေအတိုင်း ပြန်သွားကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။

တကယ်လို့ Registery တောင်ဖော်လို့မရဘဲ Registry editing has been disabled by your admininstrator လို့စာသားတက်လာရင်တော့ Registry ကို ကိုရွှေဗိုင်းရပ်စ်က ပိတ်ထားပါပြီ။ ဒါကိုတော့ လက်နဲ့ပြင်လို့မရနိုင်တော့ပါ။ Cover XP လို software တစ်မျိုးမျိုးသုံးမှ ရပါတော့မယ်။ ဒီ software ကို ပြန်ရှာပြီးအဆင်ပြေတဲ့နေ့မှာ တင်ပေးပါ့မယ်။

ကွန်ပျူတာနဲ့ ထိတွေ့တာသိပ်မကြာသေးတဲ့ Amature အပျော်တန်းသမားလေးတွေကို အကြံပေးချင်တာကတော့ ကွန်ပျူတာကိုမကြောက်ဖို့ပါပဲ။ လူတွေထွင်ထားတဲ့ ပစ္စည်းမို့လူတွေပြင်လို့ရပါတယ်။ Hard ware တွေပျက်စီးကုန်တယ်ဆိုတာ အဖြစ်နည်းပါတယ်။ Soft ware လောက်ပျက်တာကတော့
ပြင်ရင်လည်း ငွေကုန်ကြေးကျသိပ်မများတာကြောင့် ရဲရဲသာသုံးပါ။ ပျက်သွားမှာကြောက်လို့ ကွန်ပျူတာကို မတို့ရဲ၊ မထိရဲနဲ့ ယုယနေရင်တော့ ဘာမှတတ်မှာမဟုတ်ဘဲ တစ်ခုခုဆို ဟိုလူ့ခေါ်ရ၊ ဒီလူ့မျက်နှာချိုသွေးရတဲ့ ဒုက္ခကနေတစ်သက်လုံး လွတ်တော့မှာမဟုတ်ပါ။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ
မြန်မာ IT ပညာရှင်တွေလည်း အဆင့်မြင့်မြင့်တတ်ကျွမ်းနေကြပြီဖြစ်တဲ့အပြင် နည်းပညာတွေကိုပါ ဝေငှပေးနေကြပြီဖြစ်လို့ ဘာမှစိုးရိမ်စရာမလိုတော့ပါ။


ဒီဆောင်းပါးကိုရေးဖြစ်အောင် အကြောင်းဖန်ပေးတဲ့ ကိုနိုင်နဲ့
Software တွေအကြောင်းရေးပါဦးလို့ အကြံပေးတဲ့ ဇော်လေးတို့ကို ကျေးဇူးတင်ပါတယ်။
မြန်မာလူမျိုးအားလုံး တိုးတက်တဲ့ နည်းပညာရေစီးနဲ့အတူ ပျော်ပျော်ကြီးစီးမြောနိုင်ကြပါစေ..........

Saturday, 15 May 2010

ရင်ထဲကလည်း အညာသား . . .

အညာကိုလွမ်းလိုက်တာ...
ရေငန်သောက် မျက်ခြောက်စားတဲ့ အညာသား၊ အသားမည်းမည်း ကျောပြောင်ပြောင်နဲ့ ဖိနပ်မစီးတတ်တဲ့ အညာသား၊ စကားပြောရင် အော်ကျယ်အော်ကျယ်နဲ့ အားရပါးရပြောတတ်တဲ့ အညာသား၊ အဆဲကလေးနဲ့မှညှပ်မပြောရရင် ခံတွင်းမလိုက်တတ်တဲ့ အညာသား၊
ပြောချင်သလိုပြောကြပါစေတော့။
ရင်ထဲမှာ အညာမှာမွေး၊ အညာသွေးနဲ့လူဖြစ်၊ အညာလေကိုတစ်ဝကြီးရှူလို့ ကြီးပြင်းခဲ့ရတာကို ကျေနပ်ဂုဏ်ယူတယ်။ အညာအကြောင်းပြောနေရရင် ရင်ထဲမှာ ကြည်နူးတယ်။ အညာက ဆွေမျိုးတွေ၊ သူငယ်ချင်းတွေအကြောင်းကြားရရင် ရင်ခုန်တယ်။ ဟုတ်တယ်လေ ဒါဟာအညာသားပါပဲ.....

အညာမှာနေတုန်းကတော့ ပူပြင်းတဲ့အညာနေ၊
တထောင်းထောင်းထနေတဲ့ ဖုန်လုံးကြီးတွေကို ကြည့်ရင်းငြီးငွေ့စရာကောင်းလိုက်တာလို့ တွေးမိခဲ့တာသတိရသေးတယ်။ အခုတော့လည်း အဲဒီမြင်ကွင်းတွေကိုမြင်ရဖို့
မိုင်ရာချီသွားရမယ့် ဒေသမှာ မပျော်လည်းနေပျော်လည်းနေရတဲ့ ဘ၀။ ဖုန်လုံးကြီးတွေနဲ့ ပူပူလောင်လောင်အညာနေလုံးကြီးကို အဝေးကနေအလွမ်းပိုရုံကလွဲလို့ ဘာများတတ်နိုင်တော့လို့လဲ...

တကယ်တော့မြန်မာစစ်စစ်ကြီးတွေဆိုတာ အညာသူအညာသားတွေပါ။
မြန်မာ့ယဉ်ကျေးမှုဟာ အညာမှာနောက်ဆုံးထွန်းကားခဲ့တာပါ။ ဘာကြောင့်လဲဆိုရင် အင်္ဂလိပ်လက်အောက်ကို အောက်မြန်မာပြည်ထက် နှစ်ပေါင်း၄၀ကျော်လောက်နောက်ကျမှ ရောက်ခဲ့တာဆိုတော့ အနောက်တိုင်းယဉ်ကျေးမှုကူးစက်ခံရတာ နှစ်ပေါင်း ၄၀ နောက်ကျတယ်လို့ဆိုနိုင်ပါတယ်။ ဒီလိုနေရာမျိုးကျတော့ ခေတ်နောက်ကျတာပဲ ကောင်းပါရဲ့။ ပြီးတော့ မြန်မာ့နောက်ဆုံးမင်းဆက်ဟာ အညာမှာပဲ ကျန်ခဲ့တာပါ။ အညာကိုအမွှမ်းတင်လွန်းလို့ အညာသူအညာသား ကျွန်မဆွေမျိုးများကို ရေးတဲ့ ဆရာမ ခင်ခင်ထူးကိုများ အားကျရော့သလားလို့ထင်ကြရင်လည်း မတတ်နိုင်တော့ပါ။
အညာသားရဲ့ အညာအလွမ်းဆိုတာ ဘယ်အရာကမှတားလို့ရတဲ့အရာမှ မဟုတ်ဘဲ။

တကယ်တော့ အထက်အညာ၊ အောက်အကြေလို့ရှေးလူကြီးသူမတွေက အမှတ်သညာပြုထားကြလို့သာ ခေါ်နေကြတာပါ။ မြန်မာပြည်ရဲ့ဘယ်အပိုင်းကစလို့ အညာဖြစ်သွားမှန်းမသိရတာတော့ အမှန်ပါ။
ဘာပဲပြောပြော ကိုယ့်အထက်မှာနေသူဆိုရင်တော့ ခပ်လွယ်လွယ် အညာကလူလို့ခေါ်လိုက်ကြတာပါပဲ။ ကိုယ်တို့မျိုးဆက်ဆင်းသက်ခဲ့တဲ့ဒေသတော့ အဲဒီလိုအငြင်းပွားစရာမလိုတဲ့ မြန်မာပြည်အတက်ပိုင်းကရွှေဘိုနယ်ပါ။ တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ပြီး အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးလက်နက်နိုင်ငံဖြစ်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အလောင်းမင်းတရားဦးအောင်ဇေယတို့ရဲ့နယ်၊ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲရဲ့ အထင်ရှားဆုံးစစ်မှူး စစ်သူကြီးမဟာဗန္ဓုလရဲ့ဇာတိ ဒီပဲရင်းနယ်တို့နဲ့ တစ်စပ်ထဲပါ။ မိဘဘိုးဘွားတွေကအစ မှတ်မိသမျှမျိုးဆက်တစ်ခုလုံးက အဲဒီဘက်နယ်ကချည်းပါပဲ။ ဒါကြောင့်လဲ ကိုယ့်မှာ မတရားတာမြင်ရင် မခံမရပ်နိုင်ဘဲ ဆိုင်ဆိုင်မဆိုင်ဆိုင်ဝင်ဖြေရှင်းချင်စိတ်ရှိနေတာပေါ့လေ။

ကိုယ့်ဇာတိမြေကို ခင်တွယ်ကြသူတွေထဲမှာ အညာသားများက အကဲဆုံးထင်ပါရဲ့။
ဘာကြောင့်လဲဆိုရင် သူ့မြို့ကိုယ့်မြို့အကောင်းပြိုင်ကြရင်း အငြင်းပွားကြရာကနေရန်ထဖြစ်ကြတယ်ဆိုတာ အညာမှာပဲကြားရနိုင်တဲ့ သတင်းမျိုးပါ။ ရူးတယ်ပြောချင်ပြော ကိုယ်ကိုယ်တိုင်လည်း အညာအကြောင်းမကောင်းပြောသံကြားရင် စိတ်ကတော့ တစ်ချက်တည်းတိုသွားလေ့ရှိပါရဲ့။ပညာနဲ့ ဂုဏ်သိက္ခာက အချိန်မီထိန်းပေးနေလို့သာ ဘာပြဿနာမှ မဖြစ်တာပါ။ ဒါကြောင့်လည်း သူများတွေက အညာသားတွေ တော်တော်အစွဲကြီးတယ်လို့ ထောပနာပြုတာခံရတာဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အညာသားတို့ကတော့ သွားကြီးပေါ်အောင်ပြုံးရင်း ကျေကျေနပ်နပ်ကြီးခံယူလျက်ပါ။ ကြိုက်သလိုပြောကြပါစေ။ အညာသားတွေက အညာကို သိပ်ချစ်ကြတာဆိုတဲ့ စကားလေးတစ်ခွန်းထဲနဲ့ အားလုံးကိုပြုံးပြဖို့ဝန်မလေးပါ။ အဲဒီလောက် အစွဲကြီးတဲ့ အညာသားတွေကိ ပြောမယုံ ကြုံမှသာသိကြမှာပါ။

ကိုယ်ကတခုတ်တရအမွှမ်းတင်လေ့ရှိပေမယ့် တကယ်တော့ အညာဆိုတာ တခြားနယ်သားတွေအတွက်တော့ ရင်ခုန်စရာကောင်းမယ်မထင်ပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်နေရာကြည့်ကြည့် ထန်းပင်ကြီးတွေမိုးတိုးမတ်တတ်၊ ခြုံပင်လေးတွေ ပုပျတ်ပျတ်ကလွဲလို့ ဘာမှမရှိဘဲကိုးလေ။ ရွာတွေရွာတွေကြည့်ရင်လည်း ဖုန်လုံးတွေတထောင်းထောင်းနဲ့နေတဲ့အပြင် လူတွေကြည့်ပြန်ရင်လည်း တောက်တောက်ပပမရှိကြဘူးဆိုတော့ အပြင်ပန်းအရကြည့်ရင် ဘယ်လိုမှုမလှပတဲ့ ဒေသပါ။

ဒါပေမယ့် အညာရဲ့အလှဆိုတာ အပြင်ပန်းမှာရှာလို့မရနိုင်ပါ။
အညာသားတွေရဲ့ရင်ထဲ၊ နှလုံးသားထဲမှာပဲရှိတာပါ။

ကြုံရာဘ၀မှာကျသလိုနေတတ်တဲ့ စိတ်ဓာတ်၊ အလွယ်တကူ ခင်မင်ရင်းနှီးတတ်တဲ့ စိတ်ဓာတ်၊ ဧည့်သည်ကိုချစ်လွန်းဦးစားပေးလွန်းတဲ့ ဓလေ့၊ သူတပါးကိုကူညီချင်တဲ့ စိတ်ဓာတ်၊ မဟုတ်ရင်မခံချင်တဲ့ စိတ်ဓာတ်...၊ ဒါတွေဟာ အညာသားတွေရဲ့ရင်ထဲက အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ ဘယ်တော့မှလည်း ပျောက်သွားမှာမဟုတ်တဲ့ မြန်မာ့အမွေတွေပါ။

ရင်ထဲမှာ ဂုဏ်အယူဆုံးကတော့ အညာသားတွေရဲ့
ခြေနှစ်ချောင်း၊ လက်နှစ်ဘက်ရှိရင် ဘယ်တော့မှ မငတ်ဘူးဆိုတဲ့
ဘာမထီစိတ်ဓာတ်ပါ။ ယောကျာ်းပီသပြီး၊ လုပ်အားတန်ဖိုးကို ချစ်မြတ်နိုးလို့ ကိုယ့်ကိုယ်ကိုအားကိုးတတ်တဲ့ ရင်ထဲကစိတ်ဓာတ်ကို အထင်းသားကြီးဖော်ပြနေတဲ့
အဲဒီစကားကို ကိုယ်တိုင်လည်းမကြာမကြာသုံးပါတယ်။ အဲဒီလို ပြောလိုက်ရတိုင်းလည်း ရင်ထဲမှာ ယုံကြည်ချက်တွေပိုပိုပြီးခိုင်မာလာတယ်လို့ခံစားရပါတယ်။

ဘ၀အခြေအနေကြောင့် အညာမြေ၊ အညာရေ၊ အညာလေနဲ့ ဝေးခဲ့တာ နှစ်ပေါင်းတော်တ်ာကြာပါပြီ။ မမြင်နိုင်တဲ့ ကံကြမ္မာကြောင့် မွေးရပ်အညာကို ပြန်ရောက်ချင်မှရောက်တော့မှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ရင်ထဲကလည်း အညာသား၊ အပြင်ပန်းလည်း အညာသားအဖြစ်နဲ့ ဂုဏ်ယူဝမ်းမြောက်ရင်း ခြေနှစ်ချောင်း၊ လက်နှစ်ဘက်ရှိရင် မငတ်ဘူးကွလို့ နေ့စဉ်ကြွေးကြော်နေဖြစ်မှာကတော့ သေချာနေပါရဲ့လေ...

သမုဒယ . . .

သံယောဇဉ်
နှောင်တွယ်ငင် ရစ်ချည်ပတ်
မွန်းကျပ် ရင်ခွင်။

သည်ကြိုးမျှင်
ရှောင်ဖယ်ချင် တမင်စိမ်း။

တိမ်းဖယ်ဖို့ မကြံသာ
သံသရာ ကျွမ်းရာရှိပြီထင့်
ပြန်တစ်ရာ ရစ်ထွေးငင်လို့
ချစ်ရေးပြင် လွမ်းရာရှိနိုင်ဘု
အသိဇာတ်သိမ်း။

ဟန်ကြည်
၁၆।၅।၂၀၁၀( တနင်္ဂနွေနေ့ )

ဗေဒါလမ်း . . .

ကြံဖန်ရ

သက်လာတဲ့ရေ၊ တောင်လေကဖမ်း
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ်လမ်း။

ဒီလှိုင်းက လေသဟာ၊ ဗေဒါက ရေသမား
ဗေဒါခင် စုန်ချင်အား၊ ဒီလှိုင်းကတား။

ဒုက္ခဟဲ့မဗေဒါ
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရသူ့မှာ။

ဆုတ်ရင်းလည်း သူဆင်းလာ
မြင်ပါပေါ့ပင်လယ်ဝ။

ရေစုန် လေဆန်မို့
ဗေဒါပျံ ကြံဖန်ရ၊ ချောင်းဒီလောက။

ဆရာဇော်ဂျီ

ငွေတာရီ၊ အမှတ် ၂၄ ဇွန် ၁၉၆၂


တေးစုံနဲ့ပဲ

တီတာတာ
ကညာမေဘုတ်က၊ ရွှေနှုတ်ချိုသွေး
ကျူရိုးရှင် ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့တေး။

ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာလေး
ကျူရိုးရှင်ပီပီနှော၊ စည်ဗြောသံတေး။

သောင်အခြေ
ခေါင်ရေလေမြူးတော့၊ ရေရူးတွေဖွေး
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံတေး။

အကောင်သေ
တောင်လေရေတက်တော့၊ ရေယက်နဲ့တွေး
ကျူရိုးရှင် ပီပီညှင်း၊ ငိုချင်းသံတေး။

တက်မကူ
ရွက်ဖြူပူဖောင်းနဲ့၊ လှေလောင်းကိုယ်လေး
ကျူရိုးရှင် ပီပီပျိုး၊ ဘွဲ့ကြိုးသံတေး။

ပြူ့တပြူ
မြေငူ ဓနိကျွန်း၊ သောင်ထွန်းပြီလေး
ကျူရိုးရှင် ပီပီနော့၊ သားချော့သံတေး။

တေးမျိုးရယ်စုံ၊ ကုန်နိုင်ပါလေပဲ
မဗေဒါ စုန်ဆန်မြဲ၊ တေးစုံနဲ့ပဲ။ ။

ဆရာဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်(၁၉၅၇-၁၉၅၉)

ဆရာဇော်ဂျီ (ဦးသိန်းဟန်)ရဲ့ နာမည်ကျော် ဗေဒါလမ်းကဗျာများမှ ကောက်နုတ်တင်ပြပါသည်။

Friday, 14 May 2010

101 Suite . . .

ပညာရေးသိပ္ပံဆိုတဲ့ ဘာသာရပ်ဟာ
အပြောလွယ်သလောက် အလုပ်တကယ်ခက်ပါတယ်။ ကျောင်းသားတွေရဲ့ဘ၀၊ မိမိရဲ့ဂုဏ်သိက္ခာစတာတွေနဲ့ အရင်းအနှီးပြုရတာဖြစ်လို့ ကျောင်းသားတွေရဲ့ လမ်းပြကြယ်တွေ ဖြစ်ကြတဲ့ ဆရာတွေဟာလည်း မိမိတို့ကိုယ်ကို အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေမှတော်ကာကျပါတယ်။ အခုလို နည်းပညာတိုးတက်လာတဲ့ ခေတ်မှာ ဆိုတော့ အစစအရာရာ ပိုလို့အဆင်ပြေသလို ပိုပြီးလည်းကြိုးစားရပါတယ်။ နိုင်ငံတကာက ဆရာတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ တန်းဝင်မြန်မာဆရာတွေ များနိုင်သမျှများပေါ်စေချင်တာ တကယ့်စေတနာပါ။

တိုးတက်နေကြပြီဖြစ်တဲ့ ကျန်တဲ့နိုင်ငံတွေနဲ့လောလောဆယ်မှာ အစစအရာရာ မယှဉ်နိုင်သေးဘူးဆိုပေမယ့် ဉာဏ်ရည်နဲ့စိတ်ဓာတ်ပိုင်းမှာတော့ ယှဉ်နိုင်အောင်ပျိုးထောင်ပေးလို့ရနိုင်ပါတယ်။ အဲဒီလိုပျိုးထောင်ပေးကြမဲ့ မြန်မာပညာရေးပဲ့ကိုင် ဆရာဆရာမတွေအတွက် အထောက်အကူပြုနိုင်အောင် 101 Suite ထဲက ဆောင်းပါးကောင်းလေးတွေကို အလျဉ်းသင့်သလို ဘာသာပြန်ပေးပြီး တင်ပေးသွားပါ့မယ်။ 101 Suite ဆိုတာ ပညာရေးနဲ့ပတ်သက်ပြီး တကယ်အထောက်အကူပြုတဲ့ site တစ်ခုပါ။

နိုင်ငံတကာက ဆရာတွေရေးထားကြတဲ့ ဆောင်းပါးတွေကို လေ့လာရင်း မြန်မာ့ပညာရေးလောကကောင်းကျိုးကို ဆောင်နိုင်ကြမယ်ဆိုရင်ဖြင့် ပင်ပန်းခံရကျိုးနပ်ပါပြီ။ ။

Teaching Critical Thinking

Apr 24, 2010 Jessica Oman

Transferring knowledge to students is one thing - teaching them to question what they've just learned is a wholly different challenge.

Being the teacher or professor whose students consistently score high on standardized tests is an honor for some instructors. These teachers successfully transfer knowledge and test-taking skills to their students to ensure their success on the end-of-semester test. But there exists a completely different realm of teaching, which is teaching critical thinking. The goal of showing students how to question, how to break down stereotypes, and how to analyze their own thinking is a difficult one to achieve. Here are some ideas on how to stimulate critical thinking with students of any age.

Teaching Critical Thinking Through Role Play

Role playing activities are some of the most effective ways to get students to question their assumptions about the world they live in. For older students and adults, one idea is to hold a mock business networking event, where students are assigned different cards representing their status in a pretend company. Students don't know their own status but other students can see it on the card. Students with higher status cards will quickly realize their prestigious position, as will the students with very low status cards.

Immediately the students will grow uneasy about being treated differently than they would normally expect, and teachers can use this feeling as an opportunity to talk about status-based stereotypes, how they are formed and why we hold on to them as adults.

Teaching Critical Thinking Through Questioning Techniques

Ask the students why they think they are being taught Math, Biology, English, or any subject in the classroom. Encouraging students to ask "why?" about everything they learn will enable them to begin connecting their classroom experience to the real world. Why is Algebra important to know? Why is it used in business and finance? Why is this type of mathematics important for the regular population to understand?

Connect all of these questions to Math applications in the real world, and show them how being able to perform simple algebraic calculations can help them make smart purchasing decisions or get a better loan rate. Helping students understand the purpose behind the class content is a great way to nourish critical thinking skills.



Teaching Critical Thinking Through Debate

Show students how to debate effectively and without personal attacks. Debate is a healthy way to get students to consider other perspectives on a subject and come up with creative ways to justify their own arguments. Sometimes, students run out of logical arguments and end up changing their perspectives entirely. Other times, students end a debate feeling empowered because they have increased their knowledge about a particular subject. Debating also allows students to learn from each other, which can also break down any incorrect assumptions they might have made about classmates they do not know well.

Many instructors consider teaching critical thinking a risky activity since it can often bring out emotions among students, especially in culturally diverse classrooms. By approaching the concept delicately at first with lighthearted classroom activities on non-controversial subjects, many instructors soon find their students willing and curious to understand more about the people, and the world, around them, and this can be more rewarding than the results of any standardized test.

These are only a few suggested techniques to begin nurturing critical thinking in the classroom. There are vast online resources available, including the Foundation for Critical Thinking, that provide ideas and discussion on the subject. Most techniques can be adapted for use with any age group and with any subject of study, so don't be afraid to experiment with any kind of class composition.

ကြိုက်ရင်ပေါ့လေ . . .